သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မန္တလေးရွှေလုပ်ငန်းရှင်များအသင်းက ရွှေအရောင်းအဝယ်များယာယီဆိုင်းငံ့


ရွှေဆွဲကြုးများ
ရွှေဆွဲကြုးများ

ရွှေစျေးနှုန်းကို ထိန်းနိုင်ဖို့ ရွှေအရောင်းနဲ့ အဝယ်ကို ယာယီပိတ်ထားမယ်လို့ မန္တလေး ရွှေလုပ်ငန်းရှင်များအသင်းက ပြောပါတယ်။ ကမ္ဘာ့ရွှေစျေးနဲ့အတူ တဖြည်းဖြည်း လိုက်တက်လာတဲ့ ပြည်တွင်းအခေါက်ရွှေစျေးက တကျပ်သားကို ပြင်ပမှာ ကျပ် ၅၂ သိန်းကျော်အထိ တက်လာခဲ့တာပါ။ ဒီသတင်းကို နန်းလောင်ဝ်ပြောပြမှာပါ။

ပြီးခဲ့တဲ့ရက်ပိုင်းက ကမ္ဘာ့ရွှေစျေးနဲ့အတူ အမေရိကန်ဒေါ်စျေးလည်း ပြည်တွင်းမှာ တောက်လျှောက် တက်လာတာကြောင့် ပြည်တွင်းအခေါက်ရွှေစျေးလည်း တကျပ်သားကို ကျပ် ၅၂သိန်းကျော်အထိ တက်ခဲ့ပါတယ်။ အခု မေလ ၂၃ရက်နေ့မှာတော့ မန္တလေးရွှေလုပ်ငန်းရှင်အသင်းက အသင်းရုံးမှာ အရောင်းအဝယ်စျေးကွက်ကို ရပ်လိုက်ပြီး စျေးကွက်ထိန်းဖို့ ကြိုးစားခဲ့တယ်လို့ အသင်းရဲ့ ဥက္ကဋ္ဌ ဦးသိန်းထွန်းက ဗွီအိုအေကို ပြောပါတယ်။

" ဆိုင်တွေကတော့ ဖွင့်တာပေါ့၊ ကျနော်တို့က အပြင်ကလူတွေ ဝယ်တာများရင် တက်မှာစိုးလို့၊ နောက်ပြီး ကမ္ဘာ့စျေးလည်း ကျတယ်ဆိုတော့ ရွှေစျေးကျအောင် ကျနော်တို့က လုပ်ပေးတာပေါ့လေနော်။ အရောင်းအဝယ်တွေ ထိန်းထား၊ ဆိုင်းထားပေးတာပေါ့၊ အဲလိုလေးပါ။ ပြင်ပမှာကြားတာတော့ အဲလိုပေါ့ ဒေါ်လာစျေးကြောင့် တက်တာပေါ့ ၅၁-၅၂ ။ အခုကြားတာတော့ ၅၁လောက်ကြားတယ် ဆိုတော့ မဆိုးပါဘူး ကျတော့ကျတယ်။"

ရွှေစျေး အခြေအနေအပေါ် မူတည်ပြီး လေးငါးရက်၊ တပတ်လောက် စောင့်ကြည့်ပြီး စျေးကွက်ကို ပိတ်ထားမယ်လို့ သူကပြောပါတယ်။ မိုးတွင်းဝင်လာလို့ ရွှေထုတ်လုပ်ရေး လုပ်ငန်းတချို့လည်း လုပ်ကွက်တွေ စပြီးရပ်နားနေပါတယ်။ ဒါကြောင့် မိုးတွင်းမှာ ရွှေအထွက်နည်းလိမ့်မယ်လို့ ရွှေလုပ်ငန်းရှင် တချို့က ပြောပါတယ်။

ရွှေစျေးက တက်နေတဲ့အချိန်မှာ အခေါက်ရွှေကို ဝယ်ယူ၊ စုဆောင်းသူကလွဲပြီး အခြေခံလူတန်းစားတွေက ဝယ်ယူမှုမရှိတဲ့အတွက် ရွှေဆိုင်နဲ့ ရွှေပန်းထိမ်စျေးကွက်က ပျက်သလောက်ဖြစ်နေတယ်လို့ ပန်းထိမ်လုပ်ငန်းရှင်တချို့က ဗွီအိုအေကို ပြောပါတယ်။

" အခေါက်ကို ပိုက်ဆံရှိတဲ့သူတွေက ဝယ်ကြတာများတယ်၊ အထည်ပိုင်းမှာ တက်တာမဟုတ်ဘူး။ အခုက အခေါက်ကို အတုံးလိုက်ဝယ်ပြီးတော့ စုနေကြတဲ့သူတွေ ရှိတယ်ပေါ့နော်။ ကျနော်တို့ဆိုရင် အရောင်းအဝယ်တောင် သိပ်မဖြစ်တော့ဘူး၊ ကျနော်တို့က အထည်လုပ်ပြီးမှ ဆိုင်တွေကို ပြန်ရောင်း၊ ပြန်သွင်းနေတဲ့သူတွေဆိုတော့။ အကုန်လုံးပါပဲ မြန်မာတနိုင်ငံလုံးပါပဲ။ ပန်းထိမ်သမားတွေလည်း ရွှေစျေးငြိမ်မှ အလုပ်နည်းနည်း အဆင်ပြေတယ်။ ဝယ်တဲ့သူကလည်း ဝယ်ရဲတယ်။ အခုလို တက်လိုက်၊ ကျလိုက်ကြတော့ ဝယ်တဲ့သူက မဝယ်ရဲတော့ဘူး။"

ကြိုက်ရောင်း၊ ကြိုက်ဝယ် ပြင်ပရွှေပေါက်စျေးကတော့ အခေါက်ရွှေ တကျပ်သားကို ၅,၁၆၀,၀၀၀ ကျပ်ဝန်းကျင် ရှိပါတယ်။ အမေရိကန်ဒေါ်လာကတော့ တဒေါ်လာကို မြန်မာကျပ်ငွေ ၄,၁၀၀ ပေါက်စျေးရှိပါတယ်။

မေလ ၂၀ရက်က ကမ္ဘာ့ရွှေတအောင်စကို အမေရိကန်ဒေါ်လာ ၂,၄၄၂ ဒေါ်လာအထိ စျေးပေါက်ခဲ့ပေမဲ့ မေလ၂၃ရက် နေ့လည်ပိုင်းမှာ ၂,၃၅၈ ဒေါ်လာကို ကျဆင်းသွားပါတယ်။ ရန်ကုန် ရွှေလုပ်ငန်းရှင်များ အသင်းကတော့ အကယ်ဒမီ မီးလင်းရွှေ တကျပ်သားကို ၃,၉၉၉,၂၀၀ ကျပ်အဖြစ် မေလ ၂၃ ရက်နေ့ပေါက်စျေးကို သတ်မှတ်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG