သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ငွေကြေးဈေးကွက် ထိန်းချုပ်ရေး စစ်ကောင်စီ ကြိုးပမ်းမှုအပေါ် လုပ်ငန်းရှင်တချို့အမြင်


အမေရိကန် တစ်ဒေါ်လာတန်နဲ့ တခြားတန်ဖိုးရှိ အမေရိကန်ဒေါ်လာငွေစက္ကူများကိုတွေ့ရစဉ် (မတ် ၁၀ ၊၂၀၂၃)
အမေရိကန် တစ်ဒေါ်လာတန်နဲ့ တခြားတန်ဖိုးရှိ အမေရိကန်ဒေါ်လာငွေစက္ကူများကိုတွေ့ရစဉ် (မတ် ၁၀ ၊၂၀၂၃)

အမေရိကန်ဒေါ်လာစျေး ထိန်းချုပ်မရမှာကို မစိုးရိမ်ဖို့ စစ်ကောင်စီက ပြောနေပေမဲ့ စျေးကွက်ထဲမှာ အမေရိကန် ဒေါ်လာဟာ လည်ပတ်မှု မရှိတော့ဘဲ ရပ်ဆိုင်းလုနီးပါး ဖြစ်နေတယ်လို့ လုပ်ငန်းရှင်တွေက ပြောပါတယ်။ ရွှေနဲ့ ဒေါ်လာကိုင်ထားသူတွေ၊ ရောင်းချသူတွေ၊ ပို့ကုန်ရငွေ ပြန်မသွင်းသူတွေကို ဖမ်းဆီး၊ အရေးယူတဲ့ နည်းလမ်းနဲ့ ဒီစျေးကွက်ကို ထိန်းကြောင်းဖို့ စစ်ကောင်စီက ကြိုးပမ်းနေပြီး ငွေကြေးစျေးကွက်တခုလုံးက ခန့်မှန်းရခက်တဲ့ အခြေအနေ ရောက်နေကြောင်းလည်း လုပ်ငန်းရှင်တွေက ပြောဆိုကြပါတယ်။ ရန်ကုန်က ပေးပို့တဲ့သတင်းကို ကိုစံကျော်က တင်ပြပေးပါမယ်။

ရောင်းလိုအား၊ ဝယ်လိုအားပေါ် မူတည်ပြီး ပြောင်းလဲနေတဲ့ ငွေကြေးစျေးကွက် တခုလုံးကို ဖိအားပေး အရေးယူတဲ့နည်းနဲ့ ထိန်းကြောင်းဖို့ စစ်ကောင်စီက ပြင်ဆင်လာတဲ့အတွက် ဆက်တိုက်တက်နေတဲ့ ရွှေနဲ့ အမေရိကန် ဒေါ်လာစျေးဟာ ဒီနေ့ သြဂုတ်လ ၂၁ ရက်နေ့မှာ အတက်အကျ ခန့်မှန်းရခက်တဲ့ အခြေအနေ ဖြစ်လာပါတယ်။ ကျပ် ၃၇၀၀ ကျော်လာတဲ့ ဒေါ်လာစျေးနဲ့ ပြင်ပ ရွှေတကျပ်သား ပေါက်စျေး ကျပ် ၃၇ သိန်း ဖြစ်နေတာကို ထိန်းချုပ်ဖို့ စစ်ကောင်စီ ဗဟိုဘဏ်က ကြိုးပမ်းနေတာပါ။

ဒီလို ဒေါ်လာစျေးတွေ ထိန်းမရအောင် တက်နေတာက ပြည်တွင်းမှာ အမေရိကန်ဒေါ်လာ ရှားပါးလာတဲ့ အဓိက အကြောင်းရင်း ဖြစ်တယ်လို့ လုပ်ငန်းရှင်တချို့က ဗွီအိုအေကို ပြောပါတယ်။ ဒါကြောင့် စစ်ကောင်စီဟာ အရင်ကတည်းက ပို့ကုန်ရဝင်ငွေ ပြန်သွင်းဖို့ ရှောင်ရှားနေတဲ့ လုပ်ငန်းရှင်တွေကို တရားစွဲတာတွေ လုပ်လာသလို၊ ဒေါ်လာဝယ်ယူ စုဆောင်းသူတွေကိုလည်း ထိန်းချုပ်ဖို့ လုပ်လာပါတယ်။

နိုင်ငံခြားသုံးငွေကိစ္စ၊ ရွှေစျေးကိစ္စ၊ ပို့ကုန်ရငွေ ကိစ္စတွေ အားလုံးကို ကုန်စည်စီးဆင်းမှု ဗဟိုကော်မတီရဲ့ ညွှန်ကြားချက်အရ စစ်ကောင်စီရဲ့ အထူး စုံစမ်းစစ်ဆေးရေး ဦးစီးဌာနက ကိုင်တွယ်သွားမယ်လို့ သြဂုတ်လ ၁၉ ရက်၊ စနေနေ့က ထုတ်ပြန်ခဲ့ပါတယ်။ ၂၀၁၆ ခုနှစ် နောက်ပိုင်းမှာ ကုမ္ပဏီပေါင်း ၅၉၀ ကျော်က ပို့ကုန်ရဝင်ငွေ ပြန်သွင်းဖို့ ကျန်နေသေးတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ခဲ့တာပါ။ ကုမ္ပဏီ ၂ ခုကို တရားစွဲထားပြီး အဲဒီထဲက တခုကတော့ အမေရိကန်ဒေါ်လာ ၁၉ သန်းကျော် ပို့ကုန်ရဝင်ငွေ ပေးဖို့ရှိနေသေးကြောင်း စစ်ကောင်စီထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ရန်ကုန်မြို့ ငွေလဲကောင်တာတခုမှာတွေ့ရတဲ့ အမေရိကန်ဒေါ်လာနှင့် မြန်မာငွေစက္ကူများ
ရန်ကုန်မြို့ ငွေလဲကောင်တာတခုမှာတွေ့ရတဲ့ အမေရိကန်ဒေါ်လာနှင့် မြန်မာငွေစက္ကူများ

ဒီကုမ္ပဏီနဲ့ ဆက်စပ်တဲ့ ကုမ္ပဏီတွေလည်း စစ်ဆေးခံရဖို့ ရှိနေပါတယ်။ တရုတ်ဘာသာနဲ့ မြန်မာသတင်းတွေကို ရေးသား ဖော်ပြတဲ့နေတဲ့ Phoenix သတင်းမှာတော့ စစ်ကောင်စီဟာ တရုတ်နယ်စပ်က ကုမ္ပဏီတွေ အပါအဝင် ကုမ္ပဏီ ၇၀ ကို တရားစွဲထားတယ်လို့ ပြောပါတယ်။ အဲဒီအထဲက ကုမ္ပဏီ ၂ ခုကို ထောင်ဒဏ် ချမှတ်ပြီးသွားပြီလို့ ရေးသားထားပါတယ်။ နောက်ထပ် စစ်ကောင်စီက စစ်ဆေးမေးမြန်းနေတဲ့ ကုမ္ပဏီပေါင်း ၈၀ လောက် ရှိနေပါတယ်။

ပို့ကုန်က ရလာတဲ့ တရုတ်ယွမ်ငွေကို မြန်မာကျပ်ငွေနဲ့ အလဲအလှယ် လုပ်ပြီး နိုင်ငံခြားငွေ ပြန်သွင်းဖို့ ကုမ္ပဏီတွေက တောက်လျှောက် ရှောင်ရှားခဲ့ကြတာပါ။ စစ်ကောင်စီ လက်ထက်မှာတော့ နိုင်ငံခြားငွေကြေး ရှားပါးလာတဲ့အတွက် ဒီ ယိုပေါက်တွေကို လိုက်ပိတ်ဖို့ အပြင်းအထန် ကြိုးပမ်းလာနေတယ်လို့ ပဲနဲ့နှမ်း ပို့ကုန်လုပ်ငန်းရှင်တဦးက ပြောပါတယ်။

"အများကြီး။ ၈၀ တောင်မကဘူး။ နယ်စပ်မှာ အလုပ်လုပ်နေတဲ့ လုပ်ငန်းရှင်ပေါင်းက ထောင်ချီ ရှိတယ်။ အဲ့ဒါ သူတို့ တကယ့်ပွိုင်တွေပဲ ဆွဲထုတ်လိုက်တာ။ သူတို့ကတော့ လုပ်မှာပဲ။ နယ်စပ်က border trade က income tax တွေ မဝင်ဘူးလေ။ မဝင်ဘဲ ကျော်ကျော်ပြီးတော့ သူတို့က တချို့က လူလည်လုပ်တာပေါ့။ (ပို့ကုန်ရငွေ) မဝင်ဘဲ တရုတ်ပြည်မှာ သွားပြီးတော့ ယူလိုက်တာပေါ့။ မြန်မာငွေနဲ့ အလဲအလှယ် လုပ်ပစ်လိုက်တာ။ အရောင်းအဝယ် တခုဖြစ်တယ်ဆိုရင် အဲဒီကုမ္ပဏီမှာ ကိုယ်တိုင် သွားတက်ယူတာပေါ့။"

ဒေါ်လာစျေး ဆက်တက်နေမလား၊ ကျသွားမလား။ ဒါမှမဟုတ် ဒေါ်လာစျေးကို အခြေခံ တွက်ချက်ထားတဲ့ စျေးကွက်တခုလုံး ကမောက်ကမ ဖြစ်နိုင်လား ဆိုတာကိုတော့ အခုအချိန်မှာ ခန့်မှန်းရခက်နေကြောင်း လုပ်ငန်းရှင်တချို့က ဗွီအိုအေကို ပြောပါတယ်။ အမေရိကန်ဒေါ်လာကို အစားထိုးဖို့ တရုတ်ယွမ်ငွေ၊ ထိုင်းဘတ်ငွေနဲ့ နယ်စပ်တွေမှာ အလုပ်လုပ်ကြဖို့ စစ်ကောင်စီက မကြာခင်က ထုတ်ပြန်ထားပါတယ်။ ဒီငွေကြေးတွေကလည်း မြန်မာငွေနဲ့ လဲလှယ်တာမှာ တန်ဖိုးဆက်တက်နေပါတယ်။ တရုတ်ငွေတယွမ်ကို မြန်မာငွေ ၅၄၀ ကျပ်လောက် ရှိပြီး ထိုင်းငွေ တဘတ်ကိုတော့ ၁၀၉ ကျပ်လောက် ရှိပါတယ်။

တနင်္သာရီတိုင်း မြိတ်နဲ့ ထားဝယ်က ရေလုပ်ငန်းရှင်တွေ ထိုင်းကို ရေထွက်ကုန်တွေ တိုက်ရိုက်ရောင်းချနေတာကိုလည်း စစ်ကောင်စီက အရေးယူဖို့ ပြင်ဆင်နေပါတယ်။ ပို့ကုန်တင်ပို့ပြီး ၄၅ ရက်အတွင်း နိုင်ငံခြားငွေ ပြန်မဝင်လာဘူးဆိုရင် ကုမ္ပဏီကို နာမည်ပျက် စာရင်းသွင်းတာ၊ လိုင်စင် ပိတ်သိမ်းတာတွေ လုပ်သွားမယ်လို့လည်း ဗဟိုဘဏ် ဦးဆောင်ကျင်းပတဲ့ စနေနေ့က နိုင်ငံခြားငွေကြေးဆိုင်ရာ အစည်းအဝေးမှာ ဆုံးဖြတ်ခဲ့ကြတာပါ။ ရေလုပ်ငန်း ကုမ္ပဏီတခုရဲ့ ပိုင်ရှင်တဦးက ဗွီအိုအေကို အခုလို ပြောပါတယ်။

" ဒေါ်လာကတော့ ပုံမှန်တော့ သွားမှာ မဟုတ်ဘူးဗျ။ နည်းနည်းလေး ဟိုဟာလေး ထဖြစ်လိုက်ရင်လည်း ကျသွားနိုင်တယ်။ တကြိမ် ငြိမ်သွားပြီးရင်လည်း ပြန်တက်လာမှာပဲ။ နောက်တခုက နိုင်ငံရေးအပေါ်မှာလည်း မူတည်တာပေါ့။ နိုင်ငံရေး မတည်ငြိမ်ဘူးဆိုရင် လူတွေက စိုးရိမ်စိတ်နဲ့ ဟိုဝယ်၊ သည်ဝယ်နဲ့ သွားနေကြတာပဲ။ ပိုက်ဆံချမ်းသာတဲ့ လူတန်းစားတွေအတွက်က သူတို့အတွက်တော့ သူတို့ ပြင်ဆင်ထားပြီးပါပြီဗျာ။ ကြားက သူတွေသာ ဒုက္ခရောက်မှာ။ ကျနော် ထင်ပါတယ်။ ကျနော်တို့ လုပ်ငန်းတွေကလည်း ဒီနိုင်ငံရေး အခြေအနေနဲ့ ရှေ့ဆက်သွားဖို့က နည်းနည်းခက်တယ်ဗျ။"

ဒီနေ့ တနင်္လာနေ့ ညနေပိုင်းမှာ ရွှေနဲ့ ဒေါ်လာစျေး ပြန်ကျလာပြီလို့ လူမှုကွန်ရက်မှာ ရေးသားနေကြပေမဲ့ အမှန်တကယ် အရောင်းအဝယ် လုပ်၊ မလုပ်ကတော့ သေချာ မပြောနိုင်သေးကြောင်း တချို့က မှတ်ချက်ပေးကြပါတယ်။ ဗဟိုဘဏ်ကတော့ သူတို့မှာ သွင်းကုန်သမားတွေ အတွက် အမေရိကန်ဒေါ်လာ အလုံအလောက် ရှိကြောင်း၊ ဒေါ်လာစျေးကို မစိုးရိမ်ကြဖို့နဲ့ အချိန်တန်ရင် ပြန်ပြီး ကျသွားမယ်လို့ စနေနေ့က ဆွေးနွေးပွဲမှာ ပြောဆိုခဲ့ပါတယ်။

ဗဟိုဘဏ်ဟာ နိုင်ငံခြားငွေ ဝယ်ယူ၊ စုဆောင်းတာတွေကို ထိန်းချုပ်ဖို့ ကြိုးပမ်းတဲ့အနေနဲ့ အမေရိကန်ဒေါ်လာ ၁၀,၀၀၀ ဒါမှမဟုတ် အဲဒီ ပမာဏနဲ့ညီတဲ့ တခြားနိုင်ငံခြားငွေကို ၆ လအထိပဲ လက်ဝယ်ထားဖို့ ညွှန်ကြားထားပါတယ်။ ပြည်ပကို ပညာရေး၊ ကျန်းမာရေး အပါအဝင် ခိုင်လုံတဲ့ အကြောင်းတခုခုနဲ့ ထွက်ခွာရသူတွေ အတွက်ကိုတော့ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် ဒါမှမဟုတ် လိုင်စင်ရ ဘဏ်တွေရဲ့ ငွေလဲကောင်တာတွေမှာ လဲလှယ်ပေးသွားမယ်လို့လည်း အသိပေးထားပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG