အိန္ဒိယက နိုင်ငံခြားဆန်တင်ပို့မှုကို ကန့်သတ်လိုက်ပြီး ထိုင်းနဲ့ဗီယက်နမ်ဆန်တွေ က ဈေးတက်လာချိန်မှာ ဝယ်လက်က မြန်မာနိုင်ငံဘက်လှည့်လာမလားလို့ မြန်မာဆန်တင်ပို့သူတွေက မျှော်လင့်နေကြကြောင်း ထိုင်းနိုင်ငံအခြေစိုက် ဘန်ကောက်ပို့စ်သတင်းစာကြီးက ပြောပါတယ်။
ဒီ ဘဏ္ဍာရေးနှစ် ပထမလေးလပတ်မှာ မြန်မာဆန်တင်ပို့မှုက ၅၆ ရာနှုန်းကျသွားခဲ့တာပါ။ ကမ္ဘာ့ဆန်ထုတ်လုပ်တင်ပို့မှုကွင်းဆက်က နှိုင်းယှဉ်မှုအရ ခက်ခဲလာတာမို့ ဆန်တင်ပို့မှုက ဒေါ်လာ တစ်ဘီလီယံနားကပ်လာနိုင်တယ်လို့ မြန်မာဆန် ဖက်ဒရေးရှင်းဥက္ကဋ္ဌ ဦးရဲမင်းအောင်က ပြောပါတယ်။ ဒါပေမဲ့အစိုးရက အဆင့်မြင့်ဆန် ဦးစားပေးတင်ပို့ရေးမူဝါဒချမှတ်လိုက်ပြီးတဲ့နောက် ဧပြီကနေ ဇူလိုင်လ အထိ တန်ချိန် ၃ သိန်း ၂ သောင်းလောက်ပဲပို့နိုင်ပြီး အမေရိကန် ဒေါ်လာ ၁၃၈ သန်းပဲ ရရှိပါသေးတယ်။
လာမယ့်နှစ်မှာ ရွေးကောက်ပွဲရှိတာကြောင့် ပြည်တွင်းဆန်ဈေးမတက်ရေးကို ငဲ့ပြီး အိန္ဒိယက ဆန်တင်ပို့တာကိုကန့်သတ်လိုက်တဲ့အတွက် ထိုင်းနဲ့ဗီယက်နမ်ဆန် ဈေးတွေ တက်သွားပါတယ်။ ဒီအခြေအနေမှာ အဆင့်မြင့်ဆန်ဦးစားပေးရေး မူဝါဒ ရှိနေပေမဲ့ အခြေအနေကို အမိဆုပ်ကိုင်နိုင်လိ့မ်မယ်လို့ မျှော်လင့်ကြောင်း ဦးရဲမင်းအောင်က ဘန်ကောက်ပို့စ်ကို ပြောပါတယ်။
အဆင့်မြင့်ဆန်က တတန်ကို ဒေါ်လာ ၇၀၀ အထိရနိုင်ပေမဲ့ အဆင့်နိမ့်ဆန် ကတော့ တတန် ကို ဒေါ်လာ ၃၀၀ - ၄၀၀ လောက်ပဲ ရတာပါ။ မြန်မာနိုင်ငံရဲ့ဆန် ပို့ကုန်မူဝါဒက ပြည်တွင်းဖူလုံရေးကို အဓိကထားပုံရတယ်လို့ ဘန်ကောက်ပို့စ်က သုံးသပ်ပါတယ်။ ဖက်ဒရေးရှင်းရဲ့အလိုအရ ပြီးခဲ့တဲ့ ၂ နှစ်တုန်းကတော့ နှစ်စဉ် ဆန်တင်ပို့တာကနေ ဒေါ်လာ သန်း ၈၀၀ လောက်စီ ရခဲ့တာပါ။
တရုတ်၊ ဖိလစ်ပိုင်နဲ့ ဘယ်လဂျီယံနိုင်ငံတွေက မြန်မာနိုင်ငံရဲ့ ဝယ်လက်ကြီးတွေ ဖြစ်ကြပါတယ်။ မြန်မာနိုင်ငံဟာ ကမ္ဘာမှာ ဆန်တင်ပို့မှု နံပါတ် ၆ နေရာမှာ ရှိတယ်လို့ အမေရိကန်လယ်ယာစိုက်ပျိုးရေး ဝန်ကြီးဌာနက မနှစ်က သတ်မှတ်ထားပါတယ်။