သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနဲ့ ကမ္ဘောဒီးယား ဆန် ဥရောပ တင်ပို့မှု EU အခွန်ကောက်ဖို့ ပြင်ဆင်


စပါးရိတ်နေတဲ့ မြန်မာတောင်သူများ
စပါးရိတ်နေတဲ့ မြန်မာတောင်သူများ

ဥရောပကို တင်ပို့နေတဲ့ မြန်မာနဲ့ ကမ္ဘောဒီးယားနှစ်နိုင်ငံရဲ့ ဆန်တင်သွင်းမှုအပေါ် စတင်ပြီး အခွန်ကောက်ဖို့ ဥရောပသမဂ္ဂ ကုန်သွယ်ရေး ကော်မရှင်က ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာ အပြီးသတ်ဆုံးဖြတ်ချက်ချမယ့် အလားအလာရှိနေပါတယ်။

ဈေးနှုန်းချိုသာတဲ့ အာရှဆန်ဈေးကွက်ကြောင့် ဥရောပက စပါး စိုက်ပျိူးရေး ဈေးကွက် ထိခိုက်လာတာကို ကာကွယ်ဖို့ ဖြစ်တယ်လို့ ဥရောပကော်မရှင်က ဆိုပါတယ်။

ဒါပေမဲ့ အခြေခံအကျဆုံး ပြည်ပပို့ကုန်ဖြစ်တဲ့ ဆန်တင်ပို့မှုကို အားထားနေရတဲ့ မြန်မာနိုင်ငံအတွက် အခုလို သွင်းကုန်ခွန်ပေးရမယ့် ကိစ္စ ဘယ်လောက်ထိ ထိခိုက်မှုရှိနိုင်မလဲ။ မအင်ကြင်းနိုင်က အပြည့်အစုံကို ဆက်လက်တင်ပြမှာပါ။

ဥရောပမှာ တရှိန်ထိုးမြင့်တက်လာတဲ့ အာရှဆန်တင်ပို့မှုကို ထိန်းချုပ်နိုင်ဖို့ မြန်မာနဲ့ ကမ္ဘောဒီးယားနိုင်ငံတွေက တင်ပို့နေတဲ့ ဆန်တင်သွင်းမှုအပေါ် သုံးနှစ်ကြာ အခွန်ကောက်ခံမယ့် အစီအစဉ်ကို ဒီသတင်းပတ်အတွင်း ဥရောပသမဂ္ဂဘက်က ချမှတ်ဖို့ ရှိနေပါတယ်။ အာရှက ဆန်တင်ပို့အခြေအနေကို စုံးစမ်းကိုင်တွယ်ဖို့ အဖွဲ့ဝင် အီတလီနိုင်ငံက ပြီးခဲ့တဲ့ နှစ် မတ်လမှာ အဆိုပြုခဲ့တာပါ။

မြန်မာနဲ့ ကမ္ဘောဒီးယားဟာ အရင်က EBA ခေါ် ‘လက်နက် က လွဲလို့ အားလုံး’ ဆိုတဲ့ ဥရောပသမဂ္ဂကနေ ဖွံဖြိုးမှုအနည်းဆုံး နိုင်ငံတွေကို ပေးထားတဲ့ ကုန်သွယ်မှု အထူးအခွင့်အရေးကနေ အကျိုးအမြတ်တွေ ရခဲ့ကြပါတယ်။ ဒါပေမဲ့ နှစ်နိုင်ငံလုံးမှာ ပြင်းထန်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေရှိနေပြီး ဒီအပေါ်မှာ သက်ဆိုင်ရာ အစိုးရတွေက တာဝန်ခံမှု၊ တာဝန်ယူမှုမရှိတဲ့အတွက် ကမ္ဘောဒီးယားကို EBA အခွင့်အရေးပေးထားတာကို ဥရောပသမဂ္ဂက ပြန်ရုပ်သိမ်းလိုက်ပေမယ့် မြန်မာနိုင်ငံကိုတော့ ပြန်ရုပ်သိမ်းသင့် မသင့် စဉ်းစားနေဆဲပါ။

ဒါပေမယ့်လည်း ဥရောပသမဂ္ဂအနေနဲ့ ဆန်သွင်းကုန် အခွန်ကောက်ခံမယ့် ကိစ္စဟာ မြန်မာနိုင်ငံက လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ မဆိုင်ပဲ ဥရောပက လယ်သမားတွေရဲ့ အကျိုးကာကွယ်ဖို့အတွက်ပဲဖြစ်တယ်လို့ ဗြိတိန်အခြေစိုက် မြန်မာ့အရေး လှုပ်ရှားနေတဲ့ Burma Campaign UK ရဲ့ အမှုဆောင်ညွန်ကြားရေးမှူး Mark Farmaner ကဗွီအိုအေကို ပြောပါတယ်။

“Everything But Arms” ဆိုတဲ့ EBA ကုန်သွယ်မှု အထူးအခွင့်အရေးသဘောတူညီမှုအရ မြန်မာနိုင်ငံကနေ ဥရောပကို တင်ပို့လာတဲ့ သွင်းကုန်မှန်သမျှ ဥရောပသမဂ္ဂက အခွန်မကောက်ပါဘူးဆိုတဲ့ အချက်တော့ရှိနေဆဲပါ။ ဒါပေမယ့် အခုလက်ရှိမှာ မြန်မာနိုင်ငံက လူ့အခွင့်အရေးချိုးဖောက်မှုတွေဟာ ဥရောပ ဈေးကွက်နဲ့ ပတ်သက် ထိခိုက်မှုရှိမရှိ ဆိုတာကို ဥရောပသမဂ္ဂက ပြန်ပြီး သုံးသပ်စဉ်းစားနေပါတယ်။

အခု ဆန်သွင်းကုန် အခွန်ကောက်ခံတာကတော့ ဒါနဲ့ မဆိုင်ပါဘူး။ သက်သက်ဖြစ်ပါတယ်။ ဥရောပကို ဆန်တင်ပို့မှု သိသိသာသာများလာနေတဲ့အတွက် စပါးစိုက်တဲ့ ဥရောပ တောင်ပိုင်းနိုင်ငံတွေက လယ်သမားတွေဟာ အာရှကလာတဲ့ ဈေးနှုန်းချိုသာတဲ့ ဆန်ကို ယှဉ်ပြီး မရောင်းနိုင်ပဲ ဖြစ်နေပါတယ်။ သူတို့အကျိုးကို ကာကွယ်ဖို့အတွက် အခုလို မြန်မာနိုင်ငံက တင်ပို့တဲ့ ဆန်တွေအပေါ် သွင်းကုန်ခွန်ကောက်ဖို့ ဥရောပ ကော်မရှင်ဘက်က ဆုံးဖြတ်ဖို့ ဖြစ်လာတာပါ။”

ဥရောပတောင်ပိုင်းနိုင်ငံတွေဖြစ်တဲ့ ပေါ်တီဂူကနေ ဘူလ်ဂေးရီးယား ထိ နိုင်ငံပေါင်း ရှစ်နိုင်ငံမှာ စပါးစိုက်ပျိုးကြပါတယ်။ ဥရောပ လယ်ယာစိုက်ပျိုးရေး အဖွဲ့ ဖြစ်တဲ့ Copa-Cogeca ရဲ့ အဆိုအရ မြန်မာနဲ့ ကမ္ဘောဒီးယား နှစ် နိုင်ငံကနေ ၂၀၁၂ ခုနှစ်မှာ Indica ဆန်တန်ချိန် ၉ ထောင်ပို့နေရာကနေ ၂၀၁၇ မှာ ဆန်တန်ချိန် ၃၆၀,၀၀၀ အထိ ပို့လာတာကြောင့် ဥရောပ ဆန်ဈေးတွေ ကမောက်ကမ ဖြစ်လာတယ်လို့ ပြောပါတယ်။

သုံးနှစ်ကြာ သွင်းကုန်ခွန်ကောက်ခံမယ့် အစီအစဉ်မှာ ပထမနှစ်အတွက် ဆန်တန်ချန် တတန်ကို ယူရိုငွေ ၁၇၅ ဒေါ်လာ နှုန်းနဲ့ကောက်ခံမှာဖြစ်ပြီး ဒုတိယနှစ်အတွက် ဒေါ်လာ ၁၅၀ လျော့ကောက်သွားမှာဖြစ်သလို တတိယနှစ်မှာတော့ ၁၂၅ ဒေါ်လာနှုန်းလျော့ပြီး ကောက်ခံဖို့ ဥရောပသမဂ္ဂ ကုန်သွယ်ရေးကော်မရှင်က အဆိုပြုထားပါတယ်။

ဆန်တင်ပို့မှုကို အားထားနေရတဲ့ မြန်မာနိုင်ငံအတွက် အခုလို ဥရောပကိုတင်သွင်းမယ့် ဆန်ပို့မှုမှာ အခွန်ပေးဆောင်ရတော့မှာဖြစ်တဲ့အတွက် နိုင်ငံရဲ့ ကုန်သွယ်ရေး လိုငွေပြမှု ကြီးလာပြီး ထိခိုက်မှုရှိလာမှာဖြစ်တယ်လို့ အမေရိကန်အခြေစိုက် မြန်မာစီးပွားရေးပညာရှင် ဦးကံထွန်းက သုံးသပ်ပါတယ်။

"အခုလို အထူးအခွင့်အရေးရထားတဲ့ အခြေအနေကနေ သူတို့ အခွန်ကောက်တော့မယ်ဆိုရင် ဈေးတွေတက်သွားမှာပေါ့လေ။ မြန်မာဆန်ဈေးက ဈေးတွေတက်သွားမယ်။ တက်သွားရင် ပြည်ပကို ဆန်ပို့တဲ့ အခြေအနေမှာ ဝင်ငွေကိုသွားပြီးတော့ ထိခိုက်မယ်။ လက်ကျန် ပေါ့လေ ခါတိုင်းက အခွန်မပေးရဘူး အခုက အခွန်ပေးရမယ်ဆိုတော့ ဝင်ငွေပေါ်မှာ အခွန်ကို နုတ်ရမယ်။ နုတ်ပြီးတော့ လက်ကျန်က နိုင်ငံအတွက်က အသားတင်ကျန်တာနည်းသွားမယ်။ ဆိုတော့ ချက်ချင်းထိခိုက်မှုတော့ရှိမယ် လိုငွေပြမှုမှာ ထိခိုက်မှုတော့ရှိမယ်။"

ဥရောပသမဂ္ဂ ကုန်သွယ်ရေးကော်မရှင်ကနေ မြန်မာနဲ့ ကမ္ဘောဒီးယားနိုင်ငံတွေက ဆန်တင်ပို့မှုကို သွင်းကုန်ခွန်ကောက်ခံမယ့် ကိစ္စကို ၂၀၁၈ခုနှစ် ဒီဇင်ဘာလမှာ ဆုံးဖြတ်ဖို့ရှိပေမယ့် အဖွဲ့ဝင် ၂၈ နိုင်ငံပါဝင်တဲ့ ဥရောပသမဂ္ဂမှာ အများစုက ဒီအစီအစဉ်ကို ထောက်ခံမှုရှိသလား မရှိဘူးလားဆိုတာ သဲသဲကွဲကွဲမဖြစ်ခဲ့ပါဘူး။ ဒါကြောင့် ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာ နောက်ဆုံးထားပြီး သဘောထားတွေ ပေးကြဖို့နဲ့ တကယ်လို့များ အဖွဲ့ဝင်နိုင်ငံတွေဘက်က ပျက်ကွက်ခဲ့မယ်ဆိုရင် ကုန်သွယ်ရေးကော်မရှင်အနေနဲ့ သူ့ရဲ့ လုပ်ပိုင်ခွင့် အရ ဒီအခွန်ကောက်မယ့်ကိစ္စကို အပြီးသတ် ဆုံးဖြတ်မှာဖြစ်ပါတယ်။ ကန့်ကွက်မှုတွေ မရှိဘူးဆိုရင် လာမယ့် သောကြာနေ့မှာ မြန်မာနဲ့ ကမ္ဘောဒီးယားနိုင်ငံတွေရဲ့ ဆန်တင်ပို့မှုအပေါ် သွင်းကုန်ခွန်ကောက်ခံမယ့်အကြောင်း ကြေညာချက်ကို ကုန်သွယ်ရေးကော်မရှင်က ထုတ်ပြန်ဖို့ရှိတယ်လို့ နီးစပ်တဲ့ အသိုင်းအဝိုင်းက ဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG