စစ်တွေမြို့က သက်ကယ်ပြင် ဒုက္ခသည်စခန်းထဲမှာ နေထိုင်နေကြရသူတွေဟာ သူတို့ရဲ့ နဂိုမူလ ဘဝ အခြေအနေကို ပြန်သွားခွင့်ရဖို့ မျှော်လင့်ချက် မှေးမှိန်နေကြပါတယ်။ သူတို့ အဓိက မျှော်လင့် လိုလားနေတာက နှစ်ပေါင်းများစွာ သူတို့ နေထိုင်လုပ်ကိုင်ခဲ့တဲ့ မြို့ပေါ်က မူလနေရာတွေဆီကို ပြန်သွားပြီး လွတ်လွတ်လပ်လပ် သွားလာနေထိုင် အသက်မွေး ဝမ်းကျောင်းခွင့် ရဖို့ပါ။ ဒီအကြောင်း သက်ကယ်ပြင်စခန်းမှာ ကိုယ်တိုင်သွားပြီး သတင်းယူခဲ့တဲ့ ကိုကျော်ကျော်သိန်းက တင်ပြပေးထးပါတယ်။
သက်ကယ်ပြင်စခန်းမှာ လက်ရှိ နေထိုင်နေကြရသူတွေဟာ စစ်တွေမြို့ပေါ်က နာဇီရပ်ကွက် အပါ အဝင် တခြား ရပ်ကွက်တွေမှာ နှစ်ပေါင်းများစွာ နေထိုင်ခဲ့ကြသူတွေဖြစ်ပြီး တချို့ဆိုရင် မွေးဖွား ချိန်ကတည်းက နေထိုင်ခဲ့ကြ သူတွေဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ် ဇွန်လ ၈ ရက်နေ့က မောင်းတောမှာ စခဲ့တဲ့ နှစ်ဘက်အကြား ရုန်းရင်းဆန်ခတ် ပဋိပက္ခအခြေအနေတွေ ဇွန်လ ၉ ရက်နေ့မှာ စစ်တွေမြို့ ကို ကူးစက်လာပြီး နေအိမ်တွေ မီးလောင်သွားတဲ့ သူတွေကို မြို့နဲ့ဝေးတဲ့နေရာတွေမှာ အာဏာပိုင်တွေက စခန်းတွေ ဖွင့်ပြီးတော့ ရွှေ့ပြောင်းထားခဲ့ရာကနေ အခုချိန်ထိ အဲဒီစခန်းတွေထဲ မှာပဲ ဆက်နေနေကြရတာပါ။
သူတို့ ဒီစခန်းထဲ ဘယ်လိုရောက်လာကြတယ်ဆိုတာကို ဒုက္ခသည်တဦးဖြစ်တဲ့ အသက် ၅၁ နှစ် အရွယ် ကလေးငါးဦးမိခင် ဒေါ်မော်နိုရာဘေဂွန်က သူတတ်သလောက် မြန်မာစကားနဲ့ ဗွီအိုအေကို ရှင်းပြပါတယ်။
“ဘယ်လိုလုပ် ရောက်ကြတာဆိုရင် အဲဒီမှာ ဘာဖြစ်လို့ ပြဿနာတက်တာ မသိဘူး။ သူတို့ပြဿနာ မှာ မီးလောင်တယ်။ အိမ်တွေဘာတွေ မီးလောင်သွားပြီ။ ရှို့ပြီးတော့ လူကိုသတ်တယ်။ ရှို့ပြီးတော့ ….”
အိမ်တွေမီးရှို့ခံရတာကြောင့် ဒီကိုရောက်လာတာလို့ သူကပြောတာပါ။
ဒီစခန်းမှာ အိမ်ထောင်စု ၁,၀၀၀ ပတ်ဝန်းကျင်၊ စုစုပေါင်း လူဦးရေ ၅,၈၀၀ နီးပါးရှိပြီး အဲဒီထဲမှာ ကလေး အရွယ်က ၁,၂၀၀ ပတ်ဝန်းကျင်ရှိတယ်လို့ သက်ကယ်ပြင်စခန်းကော်မတီ အဖွဲ့ ခေါင်းဆောင် ဦးရွှေမောင်က ရှင်းပြပါတယ်။ သူတို့အားလုံးကို ကမ္ဘာ့ စားနပ်ရိက္ခာအဖွဲ့ WFP က တလတကြိမ် စားနပ်ရိက္ခာ ထောက်ပံ့ပေး နေပြီး တလကို မိသားတစုအတွက် ဆန် နို့ဆီဘူးနဲ့ ၅၄ ဘူူး၊ ပဲ ၇ ဘူး၊ ချက်ပြုတ်တဲ့ဆီ ၁ လီတာနဲ့ ဆားက ၅ ကျပ်သားကျော်ကျော်ပေးတယ်လို့ ဦးရွှေမောင် ကပြောပါတယ်။ တချို့မိသားစုတွေမှာ လူဦးရေတိုးလာတာ ကြောင့် လောက်ငမှုမရှိဘူးဆိုတာကို ဦးရွှေမောင်ကရော ဒေါ်မော်နိုရာဘေဂွန်ကပါ ပြောပါတယ်။
ကလေးတွေ ပညာသင်ယူဖို့ အစိုးရက ယာယီကျောင်းနှစ်ကျောင်း ဆောက်ပေးထားပြီး အစိုးရ မဟုတ်တဲ့ အဖွဲ့တွေက ၄ ကျောင်း ဆောက်ပေးထားပြီးတော့ ကျန်းမာရေးစောင့်ရှောက်မှုကို အစိုးရကလုပ်ပေးတယ် လို့လည်း ပြောပါတယ်။
ဒီမှာနေလာရတာ ၆ နှစ်ခွဲနီးပါး ကြာပြီဖြစ်တဲ့ သူတို့ရဲ့ အဓိကမျှော်လင့်ချက်ကို ဦးရွှေမောင်က ပြောပြပါတယ်။
“အဓိကမျှော်လင့်ချက်က ကျနော်တို့ လွတ်လပ်စွာသွားလာခွင့်ရယ်၊ ကျနော်တို့ ပထမနေခဲ့တဲ့ မူလနေရာရယ်၊ နိုင်ငံသား..တောင်းဆိုတာရယ်..အများကြီး ကျနော်တို့ ..ပြီးတော့ ကျနော်တို့…လူကြီးပါ ဆင်းလာတော့ အဖွဲ့အစည်းကလည်း အဲဒါ ကမ့်ထဲမှာသွားပြီး မေးတဲ့အချိန်မှာ သူတို့က ပြောတယ်။”
ဦးရွှေမောင်ပြောတဲ့အတိုင်းပဲ ဒေါ်မော်နိုရာဘေဂွန်ကလည်းပြောပြီး ဖခင်မရှိတော့တဲ့ သူ့ကလေးတွေ က မြို့ပေါ်မသွားဘူးလားလို့ မေးနေကြတဲ့အကြောင်း ပြောပါတယ်။
“ခံစားရတယ်။ ကလေးတွေကို ငယ်ငယ်ကလေးတွေကို အဲဒီမှာလာတာ- သုံးနှစ် လေးနှစ် ကလေးတွေကို ဒီမှာလာပြီးတော့ အခု ၆ နှစ်ရှိပြီ။ သုံးနှစ်ကလေးက အခု ၉ နှစ်ရှိပြီ။ အဲဒီကလေးက ပျော်လည်းမပျော်ဘူး။ ကျမတို့နေရာမှာ အမေက အပြင်မသွားဘူးလား။ ဒီမှာ လယ်လုပ်လို့မရဘူး၊ ဘာလုပ်လို့မရဘူး၊ ကစားလို့လည်းမရဘူး၊ စားစရာလည်း မရှိဘူး။ ဘယ်လိုလုပ်နေမလဲ။ သူတို့ ကလေးတွေကို စဉ်းစားနေတယ်။ မြို့ထဲမှာ တခါမှ မသွားဘူးလား၊”
၂၀၁၂ ခုနှစ် ရုန်းရင်းဆန်ခတ်ပဋိပက္ခတွေကြောင့် မွတ်ဆလင်ဦးရေ ၁၂၀,၀၀၀ လောက်ရော ရခိုင်လူမျိုး တချို့ပါ အိုးအိမ်စွန့် ထွက်ပြေးရပြီး IDP စခန်းတွေမှာ နေနေကြရတယ်လို့ ကိုဖီ အာနန် ကော်မရှင်ရဲ့ အစီရင် ခံစာထဲမှာ ဖော်ပြထားပါတယ်။ ဒီ IDP စခန်းတွေကိုပိတ်ပစ်ဖို့အတွက် မဟာဗျူဟာတရပ်ကို သက်ဆိုင်ရာ လူ့အဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းတိုင်ပင်ပြီး ချမှတ်သွားသင့်တယ် လို့လည်း အကြံပေးထားပါတယ်။
ဒီသက်ကယ်ပြင်စခန်းကို ပိတ်သိမ်းပြီး တခြားသင့်တော်တဲ့နေရာမှာ ပြန်ပြီးနေရာချထားပေးဖို့ စီစဉ် နေကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ဒီနှစ်ဆန်းပိုင်းမှာ ပြောထားဖူး ပါတယ်။ ဒီလို စခန်းပိတ် သိမ်း မယ့် အစီအစဉ် နောက်ဆုံးအခြေအနေကိုသိရဖို့ ဝန်ကြီးနဲ့ ဒုဝန်ကြီး တို့ ကို ဗွီအိုအေက ဆက်သွယ်မေးမြန်းခဲ့ ပေမယ့် ဖုန်းအဆက်အသွယ်မရသလို တခြားဖြေကြား ပေးနိုင်မယ့် တာဝန်ရှိသူတဦးဦးကို ဆက်သွယ်ဖို့လည်း ဒီသတင်းရေးချိန်ထိ အခွင့်မရပါဘူး။
စခန်းတွင်း နေထိုင်နေကြရသူတွေကရော … သူတို့ရဲ့ နဂိုမူလဘဝဆီ ပြန်သွားခွင့်ရဖို့ ဘယ်လောက် မျှော်လင့် ထားကြပါသလဲ … စခန်းကော်မတီအဖွဲ့ခေါင်းဆောင် ဦးရွှေမောင်ရဲ့ပြောစကားက စခန်းတွင်း လူထုရဲ့ ခံစား ချက်ကို ထင်ဟပ်ပုံရပါတယ်။
“ပြောမယ်ဆို ကျနော်တို့ မဖြစ်နိုင်တော့ဘူး..”
ကိုဖီ အာနန်ကော်မရှင်ရဲ့ အကြံပြုချက်ထဲမှာတော့ IDP တွေကို သူတို့ မူလနေထိုင်နေတဲ့နေရာ ဒါမှမဟုတ် တခြားနေရာသစ်ကို ပြန်လည်ရွှေ့ပြောင်းပေးမယ်ဆိုရင် သူတို့ရဲ့သဘောဆန္ဒအရသာ ဆောင်ရွက်ပေးရမယ်၊ လုံခြုံမှုရှိရမယ်၊ ဒါ့အပြင် ဂုဏ်သိက္ခနဲ့ အညီပြောင်းရွှေ့နိုင်ရမယ်ဆိုတဲ့ အချက်လည်း ပါဝင်ပါတယ်။ ဒါ့အပြင် သူတို့ မူလနေထိုင်ရာ ဒေသတွေမှာ ပြန်လည်နေထိုင်နိုင်ဖို့ ဦးစားပေးဆောင်ရွက်ရမှာဖြစ်ပြီး အဲဒီလို မလုပ်နိုင်ဘူး ဆိုရင် IDP တွေ ပြောင်းရွှေ့လိုတဲ့ နေရာသစ်ကို ပြောင်းရွှေ့နိုင်ဖို့ ဆောင်ရွက်ပေးရမယ်လို့လည်း အကြံပေးထားပါတယ်။