သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆွာ ရေတမံကျိုးပြီး လူငါးသောင်းကျော်ရေဘေးသင့်


ရေဘေးသင့် ပြည်သူများ
ရေဘေးသင့် ပြည်သူများ

ပဲခူးတိုင်း၊တောင်ငူခရိုင်ဆွာချောင်းရေလှောင်တမံရေလျံပြီးရန်ကုန်-မန္တလေးအမြန်လမ်းမိုင်တိုင်၁၆၀ကျော်လောက်မှာရေကျော်မှုတွေရှိခဲ့သလိုလူ၅သောင်းကျော်ရေဘေးသင့်နေတဲ့အကြောင်းတာဝန်ရှိသူတွေကပြောပါတယ်။ ရေလွှမ်းမိုးမှုကြောင့်လူတဦးသေဆုံးခဲ့တယ်လို့လည်းဒေသခံတွေကပြောပါတယ်။ရေဘေးကြောင့်ပိတ်မိနေသူတွေရှိနေဆဲဖြစ်ပြီးကြာသပတေးမနက်ပိုင်းအထိကယ်ဆယ်ရေးစခန်း၅၀ကျော်ဖွင့်ထားရပါတယ်။ရေဘေးသင့်ဒုက္ခသည်တွေရဲ့အခြေအနေတွေကိုဗွီအိုအေသတင်းထောက်မမေခကစုစည်းတင်ပြထားပါတယ်။

ရေလှောင်တမံရေပိုလွှဲကျိုးပဲ့သွားတဲ့အကျိုးဆက်ကြောင့်လက်ရှိမှာဆွာချောင်းကိုဖြတ်ကူးထားတဲ့တံတားတစ်ခြမ်းမြေအောက်ကိုတစ်ပေခွဲလောက်နိမ့်ကျသွားခဲ့သလို၊အမြန်လမ်းပိုင်းနှစ်ခုလုံးမှာပျက်ဆီးမှုတွေရှိခဲ့ပါတယ်။ဒီလိုပျက်ဆီးခဲ့မှုတွေအပေါ်ဆောက်လုပ်ရေးဝန်ကြီးဌာနဘက်ကအမြန်ဆုံးပြင်ဆင်နေပြီးလက်ရှိမှာရန်ကုန်မန္တလေးလမ်းဟောင်းပိုင်းဘက်ကအရင်ကလိုပြန်လည်သွားလာလို့ရပြီလို့ဒေသခံတွေကဆိုပါတယ်။

လက်ရှိရန်ကုန်မန္တလေးအမြန်လမ်းမှာကားငယ်တွေနဲ့ကုန်မပါတဲ့ကားတွေကိုပဲဒီနေ့နေ့ခင်းပိုင်းအထိ သွားလာခွင့်ပေးထားတာပါ။ကုန်တင်ကားတွေပါသွားနိုင်ဖို့ဆောင်ရွက်နေတယ်လို့ဆောက်လုပ်ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးဟန်ဇော်ကသတင်းထောက်တွေကိုပြောပါတယ်။

" ယာဉ်သွားလာမှုမပျက်အောင် ဘေလီတွေထိုးပေးပါတယ်။ ပေ ၄၀၀ထိုးပါမယ်။ အဆင်းအတက်အဆင်ပြေ အောင် ပေ ၂၀ထိုးပါမယ်။ထိုးတာကတော့ ဒီညဦးပိုင်းပြီးမယ်လို့မှန်းပါတယ်။ ထိုးပြီးရင် သံဘောင်ဝိတ်တက်တာ၊ သွားလာယာဉ်ဝိတ်တွေရှိတော့ ဒါတွေကို အရင်စစ်ဆေးဦးမယ်။ စစ်ဆေးပြီး မနက်ကျကားလေးတွေ စလွှတ်ဖို့လုပ်ပါမယ်။ ဒီဘက်အပေါ်ဘက်ကလည်း အောက်ချဉ်းကပ်လမ်းစားသွားတာရှိတာကို အဲတာကို ကျောက် ကြီးရေ ဖြည့်ပြီးပြင်နေတယ်။ ၂လမ်းတခါထဲသွားရအောင်လုပ်နေပါတယ်။ တရက်၂ရက်အတွင်းသွားရေးလာရေး ပိုအဆင်ပြေမယ်ယူဆပါတယ်။"

ရေကြီးမှုအကျိုးဆက်အရလက်တလောမှာလူပေါင်းငါးသောင်းကျော်ရေဘေးကြုံတွေ့နေရသလိုဒီကနေ့မနက်ပိုင်းသတင်းအရကယ်ဆယ်ရေးစခန်း၅၀ကျော်ဖွင့်ထားရတယ်လို့လူမှုဝန်ထမ်းနဲ့ကယ်ဆယ်ရေးဝန်ကြီးဌာနကညွှန်ကြားရေးမှုးဒေါ်ဖြူလဲ့လဲ့ထွန်းကပြောပါတယ်။

" ဒီနေ့မနက်ထိသိရတာတော့ စခန်းက ၅၂ခုထိရှိတယ်။ လူဦးရေကတော့ ၂သောင်းကျော် ရှိတယ်။ ရေတာရှည် ရှိတယ်။ တောင်ငူရှိတယ်။ အဲဒါကထပ်တိုးဖို့ရှိသေးတယ်။ တောင်ငူဆိုထပ်တိုးတယ်။ မနက်ကရတာ ၄၀၀၀ကျော် ခုဆို ၁၀၀၀၀ကျော်ရှိတယ်။ ရေတာရှည်ကတော့ အခုက ၁၆၀၀၀ကျော်ရတယ်ခုကမသိရသေးဘူး။ အမတို့ဆီက ဆန် ရိက္ခာဖိုးထောက်ပံ့လိုက်တယ်။"

ဆွာချောင်းရေလှောင်တမံလက်ရှိမှာစိုးရိမ်စရာမှရှိတော့ပေမဲ့လမ်းပန်းဆက်သွယ်ရေးကတော့အခက်အခဲရှိနေသေးသလိုရေကြီးမှုကြောင့်ပိတ်မိနေတဲ့နေရာတွေမှာရိက္ခာအခက်အခဲတွေရှိနေဆဲလို့ဆွာမြို့ဒေသခံတစ်ဦးဖြစ်တဲ့ကိုလွင်ကပြောပါတယ်။

" တိုင်းဒေသကြီး အစိုးရဘက်ကတော့မြို့နယ်ထွေအုပ်ကိုဆန်တို့ဘာတို့ပို့တယ်ကြား တယ်။ လက်လမ်းမှီတဲ့နေရာတွေကိုပို့ပေးနေတာရှိတယ်။ ဒါပေမယ့်တချို့နေရာတွေကလမ်း ပန်းဆက်သွယ်ရေးပိုင်း ခက်ခဲနေတော့ လုံးလုံးမရောက်သေးတဲ့ရွာတွေရှိတယ်။ လောလောဆယ်အင်တိုက်အားတိုက်လုပ်နေတာက တပ်မတော်သားတွေဘဲ။ လတ်တလော အထောက်အပံ့ကတော့ ဒေသခံတွေပေးတဲ့ ထမင်းထုပ်ရေသန့်တွေရတာဘဲရှိသေးတယ်။"

ရေလွှမ်းမိုးမှုတွေကြောင့်ရန်ကုန်-မန္တလေးရထားလမ်းမှာထိခိုက်ပျက်ဆီးမှုတွေရှိခဲ့ပြီးနေပြည်တော်၊မန္တလေးနဲ့ရန်ကုန်ပြေးဆွဲတဲ့ရထားတွေကိုခေတ္တရပ်နားထားပါတယ်။

ဒေသခံတဦးဖြစ်တဲ့ဦးလွင်ကတော့ရထားလမ်းပိုင်းအခြေအနေနဲ့ပတ်သတ်လို့အခုလိုဗွီအိုအေကိုပြောပြပါတယ်။

" ရထားလမ်းပိုင်းကတော့ အဆန်လိုင်းပိုင်းဘက်ကို ဦးစားပေးပြီးလုပ်မယ်ပြောတယ်။ ၇ရက်လောက်ကြာမယ်လို့ခန့်မှန်းထားတယ်။ နေပြည်တော်အစုန်လမ်းကတော့ လမ်းပိုင်းမြေ သားတွေကောကျောက်တွေကောဘာမှမရှိတော့လို့ ရေကျမြေခြောက်မှ စက်တွေဝင်ရမှာမလို့ တလကျော်လောက်ကြာမယ်လို့သူတို့မှန်းတယ်"

အစိုးရပိုင်းဘက်ကတော့လက်ရှိအခြေအနေကိုအကောင်းဆုံးဖြစ်အောင်ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေစီစဉ်ဆောင်ရွက်နေကြတယ်လို့ဆိုပါတယ်။ရေလွှမ်းမိုးခဲ့တဲ့အမြန်လမ်းပိုင်းနှစ်ခုလုံးရော၊ရထားလမ်းရောဟာသယ်ယူပို့ဆောင်ရေးအဓိကလုပ်ကိုင်နေရတဲ့လမ်းကြောင်းတွေဖြစ်တာကြောင့်ကုန်စည်စီးဆင်းမှုမရပ်ဆိုင်းသွားအောင်ကြိုးစားနေတဲ့အကြောင်းဆောက်လုပ်ရေးဝန်ကြီးဌာနတာဝန်ရှိသူတွေကပြောဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG