သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရာသီဥတု ဖောက်ပြန်မှုနဲ့ မြန်မာ့လယ်ယာကဏ္ဍ


ရာသီဥတု ဖောက်ပြန်မှုနဲ့ မြန်မာ့လယ်ယာကဏ္ဍ
ရာသီဥတု ဖောက်ပြန်မှုနဲ့ မြန်မာ့လယ်ယာကဏ္ဍ

ရေဘေးဒဏ်သင့် မြန်မာနိုင်ငံမှာ ဒီနှစ်ဆန်အထွက် လျော့မယ့် အလားအလာ ရှိနေပါတယ်။

မြန်မာနိုင်ငံ အပါအဝင် အာရှက ရေကြီးမှုတွေ ကြုံခဲ့ရတဲ့ နိုင်ငံတွေမှာ ဆန်စပါး အထွက် လျော့နည်းနိုင်တယ်လို့ ကုလသမဂ္ဂ စားနပ်ရိက္ခာနဲ့ စိုက်ပျိုးရေးအဖွဲ့ (FAO) က သတိပေးပါတယ်။ ဒီလို အထွက်လျော့နိုင်ပေမဲ့လည်း တခြားဒေသတွေမှာ အလားအလာကောင်းတွေ ရှိနေတဲ့အတွက် ကမ္ဘာတဝှမ်း ဆန်တင်ပို့မှုတွေမှာတော့ ကြီးကြီးမားမား သက်ရောက်မှု မရှိနိုင်ဘူးလို့ ခန့်မှန်းထားတာပါ။ စိုက်ပျိုးရေးကို ပင်မစီးပွားရေး တခုအဖြစ် လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံနဲ့ အာရှက ဆန်စပါး ထုတ်လုပ်မှု အခြေအနေ အပြည့်အစုံကိုတော့ ဒီသီတင်းပတ်ရဲ့ စီးပွားရေး ကဏ္ဍမှာ ကိုအောင်လွင်ဦး က တင်ပြပေးမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံ အပါအဝင် အာရှဒေသက ရေကြီးမှုဒဏ်ခံနေရတဲ့ တိုင်းပြည်တွေမှာ ဒီနှစ် ဆန်စပါး အထွက် လျော့နည်းနိုင်တယ်လို့ FAO ရဲ့ နောက်ဆုံး ခန့်မှန်းချက် အစီရင်ခံစာက ဖော်ပြပါတယ်။ မြန်မာနိုင်ငံမှာ မနှစ်တုန်းက တန်ချိန် ၃၁ သန်းထွက်ခဲ့ရာက ဒီနှစ်မှာတော့ ၂ သိန်းလောက်လျော့ပြီး တန်ချိန်သန်းပေါင်း ၃၀ နဲ့ ၈ သိန်းလောက် ထွက်မယ်လို့ ဇူလိုင်လတွင်း FAO ရဲ့ ကမ္ဘာ့ဆန်ဈေးကွက် ဆန်းစစ်ချက် အစီရင်ခံစာက တွက်ချက်ထားတာပါ။

ဒါပေမဲ့လည်း သြဂုတ်လကစလို့ ရေကြီးမှုဒဏ်ခံရတဲ့ အာရှတိုင်းပြည်တွေထဲက မြန်မာနိုင်ငံမှာ ဒီခန့်မှန်းချက်ထက်တောင် ပိုပြီးလျော့နည်းမယ့် အလားအလာတွေ ရှိနေတယ်လို့ FAO ရဲ့ အကြီးတန်း စီးပွားရေး ပညာရှင် ကွန်ဆပ်ရွှန် ကပ်ပ် (Concepción Calpe) က ပြောပါတယ်။
“မြန်မာနိုင်ငံဟာလည်း ရေကြီးတဲ့ဒဏ် ခံခဲ့ရတာ ဖြစ်ပါတယ်။ တကယ်တော့ မြန်မာနိုင်ငံက အထွက်နှုန်းအပေါ် ကျမတို့က အစောပိုင်း ခန့်မှန်းချက်ထက် လျော့မယ်လို့ တွက်ထားတာပါ။ ရှေ့နှစ် မြန်မာနိုင်ငံကနေ ပြည်ပကို ဆန်တင်ပို့မှုတွေမှာလည်း လျော့တာမျိုး ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့လည်း သိပ်များများစားစားတော့ မဖြစ်နိုင်ပါဘူး။”

ဆယ်စုနှစ်တွေနဲ့ချီပြီး ဆန်တင်ပို့မှု အပါအဝင် ပြည်ပနဲ့ ကုန်သွယ်မှုတွေမှာ တင်းတင်းကျပ်ကျပ် ချုပ်ကိုင်ထားခဲ့ပေမဲ့ ဒီနှစ်ဆန်းပိုင်းကစလို့ ဆန်အပါအဝင် ပြည်ပပို့ကုန်တွေအပေါ် အခွန်အတုပ် ကောက်ခံနေတာတွေကို အစိုးရက လျှော့ပေါ့တာလို အပြောင်းအလဲတွေ လုပ်ဆောင်ပြီး နိုင်ငံခြားနဲ့ ကုန်သွယ်မှုတွေကို အားပေးတာတွေ ရှိလာခဲ့တာပါ။ မတ်လမှာ အဆုံးသတ်သွားတဲ့ ပြီးခဲ့တဲ့ ၂၀၁၀ ဘဏ္ဍာရေးနှစ်အတွင်း ပြည်ပကို ဆန်တန်ချိန် ၅၇၀,၀၀၀ တင်ပို့ခဲ့သလို၊ ဒါကို ၂ ဆလောက်အထိ တိုးနိုင်ဖို့လည်း ရည်ရွယ်နေတာ ဖြစ်ပါတယ်။ ၂၀၁၂ ဘဏ္ဍာရေး နှစ်ဝက်ထဲမှာပဲ အနောက်အာဖရိကနဲ့ အာရှနိုင်ငံတွေ အပါအဝင် ပြည်ပကို ဆန်တင်ပို့မှုဟာ တန်ချိန် ၃၇၀,၀၀၀ လောက်အထိ ရှိခဲ့တာပါ။

ဒါပေမဲ့လည်း ရာသီဥတု ဖောက်ပြန်မှုတွေကြောင့် လူဦးရေသန်း ၄,၀၀၀ ကျော်ရှိတဲ့ အာရှ-ပစိဖိတ်ဒေသမှာ စားနပ်ရိက္ခာ ရှားပါးမှုတွေ ကြုံရနိုင်တယ်လို့ ဒေသတွင်း စီးပွားရေး အခြေအနေတွေကို စောင့်ကြည့် လေ့လာနေတဲ့ အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ကလည်း သတိပေးထားတာ ဖြစ်ပါတယ်။ မုန်တိုင်းတွေနဲ့ မိုးသည်းထန် ရွာသွန်းမှုတွေကြောင့် မြန်မာနိုင်ငံအနှံ့ ရေကြီးမှုတွေ ကြုံခဲ့ရတဲ့အတွက် စိုက်ပျိုးရေး လုပ်ငန်းတွေမှာ ထိခိုက်မှုတွေ ကြုံနေရတာကြောင့် စားနပ်ရိက္ခာ ဖူလုံမှုကို ထိခိုက်မယ့်အရေး စိုးရိမ်မှုတွေလည်း ရှိနေကြတာပါ။

မြန်မာနိုင်ငံက အဓိက စပါးထွက်ရာ ဒေသတွေဖြစ်ကြတဲ့ မြစ်ဝကျွန်းပေါ်နဲ့ ပဲခူးတိုင်း ဒေသတွေမှာ လယ်တွေယာတွေပျက်လို့ ရှေ့နှစ်မှာ ဆန်ပြတ်လပ်မှာ စိုးရိမ်နေကြတယ်လို့လည်း လယ်သမားအရေး ကွင်းဆင်း ဆောင်ရွက်နေတဲ့ ပဲခူးမြို့က ရှေ့နေဦးအေးမြင့် ကပြောပါတယ်။
“အခုအချိန်အထိ ကဝမြို့နယ်၊ သနပ္ပင်မြို့နယ်တွေမှာ ရေကမကျသေးဘူးခင်ဗျ။ ရေကမကျတဲ့အတွက် ကျနော်တို့ တန်ဆောင်မုန်းလ ရောက်ပြီဆိုရင်၊ သီတင်းကျွတ် ကတည်းက ထုံးစံဆိုရင် ရေကျပြီးနောက်ပိုင်းစိုက်တဲ့ နွေစပါး စိုက်ရမယ့် သူတွေတောင် စိုက်ပျိုးလို့ မရပဲ ထားရတဲ့ အခြေအနေပါ။ ဒီပဲခူးတိုင်း အရှေ့ခြမ်း၊ ကျနော်တို့ မျက်မြင်အရ ဆိုရင်တော့ အနည်းဆုံး ထက်ဝက်လောက်က ဒီတိုင်းလယ်တွေ ပစ်ထားလိုက်ရပြီ။ ဧရာဝတီတိုင်း ကျနော်တို့ ရှိသမျှ နေရာအသီးသီးမှာတော့ အထွက်နှုန်းက လုံးဝမရှိဘူး။ ဒီမိုးဆိုရင်တော့ တတိုင်းတပြည်လုံး ထမင်းငတ်ကျမယ်လို့ပဲ ကျနော်တို့ ကြိမ်းသေပြောရဲတဲ့ အဆင့်မျိုးမှာ ရောက်နေပါတယ်။”

FAO ကတော့ အာရှတိုက်က နိုင်ငံတချို့နဲ့ တခြားဒေသတွေမှာ အထွက်ကောင်းမယ့် အလားအလာတွေ ရှိနေတာကြောင့် နှစ်လယ်ပိုင်းက ခန့်မှန်းထားတာထက် ဒီနှစ်မှာ ဆန်ထုတ်လုပ်မှုတွေ တိုးလာမယ့်အတွက် ကမ္ဘာတဝန်း ဆန်တင်ပို့မှုဟာ မနှစ်ကထက်တောင် ပိုနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ အထူးသဖြင့် အာရှနဲ့ အာဖရိကတို့က ဝယ်လိုအားတွေ ကောင်းနေတာမို့ တန်ချိန် တသန်းလောက် တိုးပြီး ၃၄.၃ သန်းလောက်အထိ ရှိနိုင်တယ်လို့ ခန့်မှန်းထားတာပါ။ ဒါဟာဆိုရင် မနှစ်ကထက်စာရင် ၉% တိုးလာတာဖြစ်ပြီး၊ FAO က မှတ်တမ်းတင်ထားတဲ့ တလျှောက်လုံးမှာ အများဆုံးလို့လည်း ဖော်ပြပါတယ်။ ဒါပေမဲ့လည်း ပြည်ပ ဆန်တင်ပို့မှုတွေမှာ ထိပ်ဆုံးနေရာ ရောက်နေတဲ့ ထိုင်းနိုင်ငံမှာတော့ ရေကြီးမှုတွေ အကြီးအကျယ် ကြုံနေရရုံသာမက၊ အစိုးရက စပါးတွေကို ဈေးကောင်းပေးပြီး လယ်သမားတွေဆီက ဝယ်ယူဖို့ မူဝါဒသစ်ကို ချမှတ်လိုက်တဲ့အတွက် ပြည်ပဆန်တင်ပို့မှုမှာ ထိခိုက်မယ့် အလားအလာတွေ ရှိနေတယ်လို့လည်း သတိပေးထားတာပါ။

မြန်မာနိုင်ငံမှာတော့ ဒီနှစ်မတ်လကုန်မှာ အစိုးရသစ် တက်လာပြီးတဲ့နောက် ပြည်ပကုန်တင်ပို့တဲ့ မူဝါဒတွေကို ပိုမိုအားပေး လာတာမျိုး ရှိတဲ့အတွက် ရာသီဥတုဒဏ် ခံရတာတောင် ဆန်တင်ပို့မှုတွေမှာ သိပ်ထိခိုက်စရာ မရှိနိုင်ဘူး လို့လည်း FAO က အကြီးတန်းစီးပွားရေး ပညာရှင် Concepción Calpe က ပြောပါတယ်။
“တကယ်တော့ ဒီနှစ်ထဲမှာ မြန်မာအစိုးရက ပြည်ပကို ကုန်တင်ပို့တဲ့ လုပ်ငန်းတွေကို အားပေးဖို့ ကြိုးစားနေတာပါ။ ပြည်ပတင်ပို့ခွင့် လိုင်စင်တွေကို ချပေးဖို့လည်း စီစဉ်နေတာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း မြန်မာနိုင်ငံမှာ ထုတ်လုပ်မှုအပိုင်းမှာ အကန့်အသတ်တွေ ရှိနိုင်ပေမဲ့ ဈေးကောင်းရနေတဲ့ ပြည်ပကို ကုန်တင်ပို့တာတွေမျိုး အစိုးရက အားသန်နေတာမို့ ဆန်တင်ပို့မှုတွေကတော့ ရှိနေဦးမှာပါ။”

ဇွန်လကနေ စက်တင်ဘာလအထိ နိုင်ငံတကာ ဈေးကွက်ထဲမှာတော့ ဆန်ဈေးတွေ ကောင်းနေရာမှာ FAO ရဲ့ အညွှန်းကိန်းအရ ဇူလိုင်လထဲတုန်းက ပျမ်းမျှ ၂၅၁ မှတ်ရှိနေရာက၊ သြဂုတ်လနဲ့ စက်တင်ဘာလတွေအတွင်း ၂၆၀၊ နဲ့ အောက်တိုဘာလမှာ ၂၅၅ မှတ်အထိ ရှိနေတာပါ။ ရေဘေးသင့်ရာက ဆန်စပါး အထွက်လျော့လာတာ၊ ထိုင်းနိုင်ငံက လယ်သမားတွေဆီကနေ စပါးတွေကို ဈေးမြှင့်ဝယ်ယူဖို့ အစီအစဉ်တွေကြောင့် ကမ္ဘာ့ဆန်ဈေးကွက်မှာ ဝယ်လိုအား ပိုကောင်းလာရတာလို့လည်း FAO ကပြောပါတယ်။ ဒါပေမဲ့လည်း ဆန်ဈေးကောင်းနေချိန် ပြည်ပတင်ပို့တဲ့ လုပ်ငန်းတွေကို အစိုးရကလည်း အားပေးလာနေတာမို့၊ ဒီအခြေအနေတွေက ပြည်တွင်းဈေးကွက်အပေါ် ဂယက်ရိုက်လာမှာကိုလည်း စီးပွားရေး လုပ်ငန်းရှင်တွေ စိုးရိမ်မကင်း ဖြစ်နေကြတာပါ။

ထုတ်လုပ်မှု ပမာဏအပေါ် ကျကျနန တွက်ချက်မှုတွေ မလုပ်ပဲ ပြည်ပပို့နိုင်ဖို့ အာရုံစိုက်နေမယ်ဆိုရင် အခုလို ရာသီဥတုဒဏ် ခံနေရတဲ့ အခြေအနေမှာ မြန်မာနိုင်ငံ ပြည်တွင်းဖူလုံမှုအတွက် အခက်ကြုံနိုင်တယ်လို့ ရန်ကုန်မြို့က ဆန်ကုန်သည် တယောက်က မြင်ပါတယ်။
“သူတို့ GDP ကို အမှန်မသိပဲနဲ့ ပြည်ပကိုထုတ်မယ် ဆိုရင်တော့ လာမယ့်နှစ်မှာ ဆန်ဈေးက တက်လာနိုင်စရာ အကြောင်းရှိတယ်။ လက်ရှိ စပါးဈေးကလည်း မြင့်တယ်။ မနှစ်က ကျနော်တို့ အခုလို ပေါ်ကာစမှာ ဝယ်လို့ရှိရင် ၅ သိန်း၊ ၅ သိန်းခွဲပဲ ဝယ်ရတယ်၊ စပါး တင်း ၁၀၀ ကို၊ အခုဒီနှစ်ဆိုရင် ၆ သိန်း၊ ၆ သိန်းခွဲ ဝယ်ရတယ်။ ဒီမှာ ဆန်ပြတ်သွားနိုင်ပါတယ်၊ သူတို့ ပြည်ပကို ပုံမှန်နှုန်းနဲ့ ထုတ်မယ်ဆိုရင်ပေါ့နော်။”

ဒီနှစ်ဖေဖော်ဝါရီ လဆန်းပိုင်းမှာ တုန်းကတော့ ပြည်တွင်းက ဆန်စပါးဈေး တည်ငြိမ်စေရေး ရည်ရွယ်ပြီး ပြည်ပဆန်တင်ပို့မှုတွေကို အစိုးရက ယာယီ တားမြစ်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း လပိုင်းအကြာ မေလမှာပဲ ပြည်ပဆန်တင်ပို့ခွင့် ပိတ်ပင်ထားတာကို ပြန်လည် ရုပ်သိမ်းလိုက်တာပါ။ မြန်မာနိုင်ငံဟာဆိုရင် ဒုတိယကမ္ဘာစစ် မတိုင်မီ ကာလအထိ နှစ်စဉ် ပြည်ပကို ပျမ်းမျှ ဆန်တန်ချိန် ၃ သန်းအထိ တင်ပို့နေပြီး ကမ္ဘာပေါ်မှာ အဓိကဆန်တင်ပို့တဲ့ နိုင်ငံတနိုင်ငံဖြစ်ခဲ့ဖူးတဲ့ တိုင်းပြည်တပြည် ဖြစ်ပါတယ်။

ဒါပေမဲ့လည်း လွတ်လပ်ရေး ရလာပြီးတဲ့နောက်ပိုင်းကစလို့ အစိုးရ အဆက်ဆက် လက်ထက်မှာ လယ်ယာကဏ္ဍနဲ့ ဆန်စပါး တင်ပို့မှုတွေကို အစိုးရကသာ ထိန်းချုပ်လာခဲ့သလို၊ စီမံခန့်ခွဲမှုတွေမှာ အမှားမှား အယွင်းယွင်းတွေ ရှိခဲ့ရာက တိုင်းပြည်လူဦးရေရဲ့ အများစု အခြေခံအားဖြင့် လုပ်ကိုင်စားသောက်နေတဲ့ ပင်မစီးပွားရေး လုပ်ငန်းမှာလည်း ကျဆင်းမှုတွေ ကြုံခဲ့ရတာ ဖြစ်တဲ့အကြောင်း တင်ပြရင်းနဲ့ပဲ ဒီသီတင်းပတ်ရဲ့ စီးပွားရေး ကဏ္ဍကို ရပ်နားပါရစေ။

XS
SM
MD
LG