သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့ဆန် ဘာကြောင့် အထွက်တိုးလာသလဲ


Myanmar Rice Production
Myanmar Rice Production
တိုက်ရိုက် လင့်ခ်

မြန်မာနိုင်ငံမှာ ဒီနှစ်အတွင်း ထူးထူးခြားခြား ဆန်အထွက်တိုးလာတာဟာ ဆန်စပါး စိုက်ပျိုးရေးကဏ္ဍမှာ ခေတ်မှီစက်ကရိယာတွေ ပိုသုံးလာတာကြောင့်ပါ။ လက်ရှိမြန်မာနိုင်ငံရဲ့ ဆန်လုပ်ငန်းမှာ ခေတ်မီစက်ကိရိယာသုံးစွဲနေတဲ့ အခြေအနေကိုသိရအောင် မြန်မာနိုင်ငံ ဆန်လုပ်ငန်းရှင်များအသင်းက ဦးမျိးအောင်ကျော်ကို မေးမြန်းပြီး တင်ပြပေးမှာပါ။

“ဒီနှစ်ထဲမှာ မြန်မာနိုင်ငံရဲ့ ပြည်ပတင်ပို့မှုက တန်ချိန် ၃ သန်းဆိုတဲ့ အတိုင်းအတာအထိ ရောက်သွားတယ်။ ဒါမျိုး တခါမှ မှတ်တမ်း မရှိသေးဘူး။ တန်ချိန် ၃ သန်းအထိကို တင်ပို့လို့ ရသွားတယ်။”

မြန်မာနိုင်ငံရဲ့ ဆန်တင်ပို့မှု ဒီနှစ်မှာမကြုံစဖူးတိုးလာတယ်လို့ ပြောပေမယ့် လယ်စိုက်ဧက ထူးထူးခြားခြား တိုးလာတာတော့ သိပ်မရှိပါဘူး။ဘာကြောင့် ဆန်အထွက်တိုးလာရတာပါလဲ။

“ထုတ်လုပ်မှုတိုးတက်တယ် ဆိုတဲ့အပိုင်းမှာ တောင်သူတွေမှာ မျိုးကောင်းမျိုးသန့် သုံးစွဲမှု နည်းနည်းလေး ပိုလာတယ်။ သုံးစွဲရကောင်းမှန်း အသိတွေ ရှိလာတယ်။ ဒါက တပိုင်းပေါ့။ စိုက်ရေးပျိုးရေးအပိုင်းမှာ နည်းပညာပိုင်းသုံးဖို့ လိုလားတဲ့ ဆန္ဒတွေရှိလာတာ မြင်ရတယ်။

ရိတ်သိမ်းမှုစံနစ်အပိုင်းမှာ လူငယ်တွေက အကုန်လုံး နိုင်ငံခြား ထွက်သွားတဲ့အခါကျတော့ လုပ်သားရှားပါးမှုက တော်တော်လေးစိန်ခေါ်မှု ဖြစ်လာတယ်။ အဲဒါအတွက်ကို ရိတ်သိမ်းချွေလှေ့စက်တွေ ပိုပြီးတော့သုံးစွဲလာတာ အခုဆိုရင် ၄ နှစ်ပတ်ဝန်းကျင်လောက် မှာ ထူးထူးခြားခြား တိုးတက်လာတယ်။ ရိတ်သိမ်းခြွေလှေ့စက်တွေ ပေါ်လာတာနဲ့အတူ ဘာဖြစ်လာလဲဆိုတော့ လယ်ကွက်တွေက ဥပမာ နဂိုက လယ် ၁၀ ဧကလောက် ပိုင်တဲ့သူဆိုရင် သူတို့ရဲ့ လယ်ယာလုပ်ငန်း ပြီးဖို့ ၂ ပတ် ၃ ပတ် - တလလောက်အထိ ဖြေးဖြေး ဖြေးဖြေးပဲ သိမ်းလို့ရတယ်။ အခုအခါကျတော့ တရက် ၂ ရက်အတွင်းမှာ ၁၀ ဧက ကတခါတည်း ပြီးသွားပြီး စပါးဖြစ်သွားတာပေါ့လေ။

အဲဒီအခါမှာ ဒီစပါးတွေကို နိုင်နိုင်နင်းနင်း ကိုင်တွယ်ဖို့က အခက်အခဲ ရှိပြန်တော့ ဆန်စက်တွေကို စပါးက အစိုတွေအတိုင်း ရောင်းရတဲ့ကိစ္စတွေ ဖြစ်လာတယ်။ တဖက်ကလည်း ရိတ်တဲ့သိမ်းတဲ့အချိန်မှာ ရာသီဥတုက အကန့်အသတ်ရှိလာတဲ့အခါကျတော့ စပါးတွေခြောက်ဖို့ စက်ကိရိယာတွေ သုံးလာရတဲ့အဆင့်ကို တွန်းအားပေးလာသလို ဖြစ်လာတယ်။ စပါးအခြောက်ခံစက်တွေ သုံးရတာပါ။ ခေတ်မှီစက်တွေ ရှိသလို ကျွန်တော်ဆို ဗီယက်နမ် ကနေ ၂၀၀၅ လောက်ကနေ နည်းပညာ ရလာပြီးတော့ ၂၀၀၅ နှစ်ကုန်ပိုင်းကနေ စပြီးတော့ ရင်းနှီးမြှုပ်နှံမှု သိပ်မများတဲ့ ဗီယက်နမ်ပုံစံ စပါးအခြောက်ခံ စက်တွေ မြန်မာပြည်ကို စပြီးတော့ မိတ်ဆက်ခဲ့တယ်။ အဲဒါတွေကလည်း ရှေ့ပိုင်းမှာ သုံးစွဲမှု သိပ်မများတော့ ဒီဘက် ၃ နှစ်လောက်အတွင်းမှာ အတော် လေးကို များပြားလာတယ်။ နောက်ပြီး တရုတ်ပြည်က အခြောက်ခံစက်တွေသွင်းလာတယ်။ ထိုင်ဝမ်က ကိုရီးယားက၊ ဂျပန်ကနေ လာတယ်၊ အိန္ဒိယကနေ လာတယ်။ စသဖြင့် ဒီလို အခြောက်ခံစက်တွေ သုံးစွဲတော့ ဘာပဲပြောပြော ကျွန်တော်တို့ ဆန်စပါး လေလွင့်မှုတွေ နည်းသွားတယ်။”

ဘယ်အတိုင်းတာအထိ နည်းသွားတာ ပါလဲ။

“လယ်သမားတွေရဲ့ ရိတ်သိမ်းမှု စံနစ်ကိုကြည့်ရင် လက်နဲ့ရိတ်၊ ကွင်းထဲလှမ်း၊ လူနဲ့သယ်၊ ပြီး ခြွေလှေ့စက်နဲ့ ခြွေ၊ ဒါမှမဟုတ်လည်း ကောက်ပြန့်တွေ ဖြန့်ပြီး နွားနဲ့နယ်၊ နောက်ပြီးတော့ ထော်လာဂျီနဲ့ နယ်၊ အဲဒီတော့မှ စပါးဖြစ်တဲ့အခြေနေကနေ စက်နဲ့စပါးကို တရက်- တရက်ခွဲလောက် အတွင်းမှာ အင်နဲ့အားနဲ့ ဖြစ်သွားတဲ့အခါ အလေအလွင့် အင်မတန် နည်းသွားတာပေါ့လေ။ ဒီလို စက်တွေ သုံးတဲ့အခါကျတော့၊ ရိတ်သိမ်းအလေအလွင့်က တော်တော်လေးကို နည်းသွားတယ်။ ကျွန်တော်မြင်တာက စပါးဖြစ်တဲ့ အဆင့်မှာ ၅% လောက်သက်သာသွားတယ်။ နောက်ပြီးတော့ ဆန်စက်တွေမှာ စပါးအခြောက်ခံစက် ကနေ ဆန်စက်တွေက အဆင့်မြင့်လာတဲ့အခါကျတော့ တော်တော်လေး လေလွင့်မှု နည်းလာတယ်။ နောက် color sorter တွေ ဘာတွေ တပ်ဆိုတော့၊ နည်းလာတဲ့အခါကျတော့ ဒီဆန်စက်အပိုင်းနဲ့ တောင်သူလယ်သမားတွေရဲ့အပိုင်းက အလေအလွင့်လျော့သွားတယ်။

ကျွန်တော့်အမြင်တော့ ဆယ်ရာခိုင်နှုန်းလောက်ကို လျော့သွားတယ်။ နဂိုကဆိုရင် ဒါဟာ ၂၅% ၃၀ % လောက်ကနေ ရာသီဥတု ဆိုးလို့ရှိရင် တော်တော် များများ လေလွင့်သွားတဲ့ အခြေအနေကနေ အတိုင်းအတာ တခုအထိ လျော့ပါးသွားတယ်။

ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ ဆန်စပါး ထုတ်လုပ်မှုက တနှစ်ကို တန်ချိန် သန်း ၃၀ လောက်ရှိတယ်။ အဲတော့ ၁၀ % လျော့နည်းရင် တန်ချိန် ၃ သန်း ပတ်ဝန်းကျင်လောက် သက်သာသွားတယ်။ ဒီ ၃ သန်းက ဘာမှ လယ်ကွင်းအသစ်တွေ ဧရိယာအသစ်တွေ မတိုးဘဲနဲ့ ကျွန်တော်တို့ အိတ်ထဲကို ၃ သန်း ပြန်ရောက်လာတဲ့ သဘောမျိုးပဲ။ အဲဒီတော့ စပါး ၃ သန်းသည် အကြမ်းဖျင်းအားဖြင့် ဆန်တန်ချိန်အားဖြင့် ၁.၅ သန်းလို့ ပြောလို့ရတယ်။ အဲဒီတော့ ကျွန်တော်တို့အနေနဲ့ ခါတိုင်းနှစ်တွေမှာ ပြည်ပတင်ပို့တာ တသန်းခွဲလောက် ရှိနေရာကနေ အလေအလွင့် လျော့နည်းမှု နည်းတာရယ်၊ မျိုးကြောင့် တိုးတက်လာတာတွေရယ်နဲ့ ကျွန်တော်တို့ရဲ့ ထုတ်လုပ်မှုသည် အနဲဆုံး တသန်းခွဲလောက် ထပ်ပေါင်းလိုက်ရင် ၃ သန်းက ဘာမှ မထိခိုက်ဘဲနဲ့ တိုးတက်လာတယ် ဆိုတဲ့ သဘောပါ။

မြန်မာနိုင်ငံမှာ သမရိုးကျ လုပ်ဆောင်နေတာကနေ အခုလို စက်တွေ သုံးတဲ့အတွက် ဒီလို တိုးတက်လာတာ ပေါ့နော်။ ဆိုတော့ ဘယ်လို စက်တွေ သုံးရင်ကောင်းမလဲ၊ ဘယ်လိုနည်းပညာက ပိုပြီးတော့ ထိထိရောက်ရောက် လုပ်နိုင်မလဲ အဲဒါလေး နည်းနည်း ပြောပြပေးပါ။

“ကျွန်တော်တို့ ဆန်စပါးမှာ နိုင်ငံတကာရဲ့ ဈေးကွက်ကို ကြည့်လိုက်ရင် တဖြေးဖြေး အရည်အသွေး တောင်းဆိုမှုက ပိုပိုများလာတယ်။ ပြီးခဲ့တဲ့ ဆယ်စုနှစ် ၂ စုကို ပြန်ကြည့်ရင် ကျွန်တော်တို့ မြန်မာနိုင်ငံရဲ ဆန်တွေက အကျိုးအကြေများတဲ့အတွက်ကြောင့် အာဖရိကဈေးကွက်က ဆန်ကွဲများတဲ့ ၂၅ % ဆန် အဆင့်ကိုပဲ တင်ပို့လာနိုင်ရာကနေ ပြီးတော့ အခုဆိုရင် ၂၅ % ၊ နောက်ပြီးတော့ ဆူပါ 5 လို့ခေါ်တဲ့ ၅ % ဆန်တွေ၊ တန်းမြင့်ဆန်တွေ ပေါ့နော်။ အဲဒါ တော်တော်များများ တင်ပို့လာတယ်။ နောက်ပြီးတော့ ဝယ်လိုအားတွေ ရှိလာတယ်။ အဲဒီလို အရည်အသွေး တောင်းဆိုမှု ပြည့်ဝအောင် ဖြစ်ဖို့ ဆိုတာက စပါးတွေစပြီးတော့ ရိတ်ကတည်းကိုက ကိုင်တွယ် ထိန်းသိမ်းမှုမှာ စံနစ်ကျနမှုက အင်မတန် အရေးကြီးတယ်။ စပါးတွေကို အချိန်နဲ့ တပြေးညီ ခြောက်သွေ့ဖို့အတွက်က ပထမဆုံးနဲ့ အရေးအကြီးဆုံးအဆင့်လို့ ကျွန်တော် ပြောချင်ပါတယ်။ စပါးက ရိတ်တဲ့အချိန်မှာ အစိုဓါတ်များတဲ့အတွက်ကြောင့် သူ့ကို မပျက်မစီးအောင်ဆိုရင် အချိန်တိုတို အတွင်းမှာ စံနစ်တကျ ခြောက်ဖို့ လိုအပ်တာပေါ့နော်။ ဒါကြောင့် စပါးအခြောက်ခံစက်တွေ လိုပါတယ်။ နေလှန်းတဲ့ စပါးထက် စပါးအခြောက်ခံစက်တွေ သုံးတဲ့ စပါးက ဆန်အထွက်တွေ ပိုပါတယ် ခင်ဗျ။

နောက်တခုက စက်အဆင့်အတန်းတွေ မြှင့်ဖို့ လိုပါတယ်ခင်ဗျ။ မြန်မာနိုင်ငံရဲ့ လိုအပ်ချက်ကို ကျွန်တော် ပြောရရင် တောင်သူအဆင့်မှာ အရေးအကြီးဆုံး တခုကတော့ လယ်ယာတွေနဲ့ ပတ်သက်ပြီး ကုန်ထုတ်လမ်းတွေ စံနစ်ကျဖို့၊ ရေသွင်းမြောင်းတွေ စံနစ်ကျဖို့၊ လယ်အကွက်တွေကိုလည်း သေသေချာချာ စံနစ်တကျ ဖွံ့ဖြိုးအောင်လုပ်ဖို့ land consolidation ဆိုတဲ့ မြေယာနဲ့ ပတ်သက်တဲ့ အခြေခံကိစ္စတွေ အရမ်းအရေးကြီးပါတယ်။ အဲဒါလေးတွေ လုပ်ခဲ့မယ် ဆိုရင်တော့ သယ်ယူစရိတ်တွေ လျော့လာမယ်။ စက်ပိုင်းဆိုင်ရာတွေမှာ လယ်ယာသုံးစက်ကရိယာတွေနဲ့ စက်မှုလယ်ယာကို ပြောင်းသွားမယ်ဆိုရင် တဖက်က ထုတ်လုပ်မှု စရိတ်တွေ လျော့လာမယ်။ လူလုပ်အားလိုအပ်ချက်တွေ လျော့လာမယ်ဆိုရင် ကျွန်တော်တို့ လယ်ကွင်းထဲမှာလည်း ထပ်ပြီးတော့ အကျိုးရှိသွားမှာပေါ့။ ဒါကြောင့်မို့ ဒီအစိုးရအနေနဲ့ ဒီအပေါ်မှာလည်း သေသေချာချာ အားစိုက်ပြီးတော့လုပ်ဖို့ လိုပါတယ်။ ဒါအတွက် လိုအပ်တဲ့ ပညာရှင်ပိုင်းတွေ၊ နည်းပညပိုင်းတွေ၊ စက်ကရိယာပိုင်းတွေ အင်မတန်လိုအပ်ပါတယ်လို့ ကျွန်တော် ပြောချင်ပါတယ်ခင်ဗျ။

XS
SM
MD
LG