သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုန်ဈေးနှုန်းတည်ငြိမ်ရေး အလားအလာမရှိ


နေပြည်တော်မြို့ပေါ်က ဈေးတခုမှာ ဈေးဝယ်နေကြသူများကိုတွေ့ရစဉ် (မတ် ၂၄၊ ၂၀၂၀)
နေပြည်တော်မြို့ပေါ်က ဈေးတခုမှာ ဈေးဝယ်နေကြသူများကိုတွေ့ရစဉ် (မတ် ၂၄၊ ၂၀၂၀)

စစ်ကောင်စီအနေနဲ့ ကုန်ဈေးနှုန်းတွေထိန်းချုပ်နိုင်ရေးကြိုးပမ်းနေပေမဲ့ အခုသြဂုတ်လ အစောပိုင်းမှာတင် အခြေခံကုန်ဈေးနှုန်းနဲ့ ရွှေဈေးတွေ အဆမတန် ဆက်ပြီး တက်လာနေကြောင်း လုပ်ငန်းရှင်တွေက ဗွီအိုအေကို ပြောပါတယ်။ အထွေထွေကုန်ဈေးနှုန်းတွေ ထိန်းမနိုင်အောင် တက်လာမယ့်အခြေအနေအပေါ် စိုးရိမ်မကင်းဖြစ်မှုတွေကို ကိုရန်နိုင်က စုစည်းတင်ပြမှာပါ။

စစ်ကောင်စီဟာ စီးပွားကူးသန်းဌာနကို ဦးဆောင်စေပြီး တခြား ဌာနပေါင်းစုံနဲ့ ပြည်ထောင်စု ကုန်စျေးနှုန်းတည်ငြိမ်ရေး ကော်မတီကို ဇွန်လ ၂၇ ရက်မှာ ဖွဲ့စည်းခဲ့ပါတယ်။ ဒါပေမဲ့ တလအတွင်းမှာ ဒီကော်မတီက သိသာတဲ့ အပြောင်းအလဲတွေ လုပ်ခဲ့တာ မရှိဘူးလို့ တချို့က ဝေဖန်ကြပါတယ်။ ဒီနေ့ ဩဂုတ်လ ၁၁ ရက်မှာတော့ ရွှေတကျပ်သားရဲ့ ပြင်ပပေါက်စျေးဟာ ကျပ် ၃၇ သိန်းကျော်လာပြီ ဖြစ်ပါတယ်။ နိုင်ငံခြားငွေ စျေးနှုန်းတွေကလည်း ဆက်ပြီးတက်နေတဲ့အတွက် စားဆီ၊ စက်သုံးဆီလို ပြင်ပကဝယ်ရတဲ့ ပစ္စည်းတွေရဲ့ စျေးနှုန်းကတော့ ရုတ်တရက် ကျဆင်းသွားအောင် ထိန်းကြောင်းဖို့ မလွယ်ကူနိုင်ကြောင်း လုပ်ငန်းရှင်တချို့က ပြောပါတယ်။

အထွေထွေ ကုန်စျေးနှုန်းကြောင့် စားသုံးသူရဲ့ ဝယ်လိုအားကျနေပြီး လုပ်ငန်းမရပ်သွားအောင် ထိန်းပြီး လည်ပတ်နေရတယ်လို့ ထားဝယ်က ရေလုပ်ငန်း ကုမ္ပဏီတခုရဲ့ ပိုင်ရှင်က ဗွီအိုအေကို ပြောပါတယ်။

" လူတွေမှာ ပိုက်ဆံသိပ်မရှိတော့ ဝယ်မစားနိုင်တော့ဘူးပေါ့ဗျာ။ supply and demand ပါပဲ။ များများထုတ်နိုင်ရင် ကုန်စျေးပေါသွားမယ်၊ ဒီပစ္စည်းလျော့သွားရင် စျေးနှုန်းတင်လာမှာပဲ ကျနော်တို့ ဗမာပြည်မှာ။ ဒါပေမဲ့ တခုရှိတယ် လူတွေမှာ ပိုက်ဆံမရှိကြဘူးဗျ၊ လုပ်ငန်းမရှိတဲ့အခါကြတော့။ တော်တော်များများ ပိုက်ဆံရှားသွားတယ်။ ကော်မတီကတော့ ကြိုးစားပြီး သူလုပ်မှာပဲ သို့သော် မြေပြင်အနေအထားအရ အလုပ်လုပ်လို့ အဆင်မပြေတာတွေ အများကြီးရှိတယ်လေ။ အဓိကက ဒေါ်လာကိစ္စပါပဲ အဲဒါကြောင့် ဒုက္ခရောက်သွားတာ။ ဒေါ်လာစျေး တည်ငြိမ်နေရင် ကျနော်တို့ ဘာမှမဖြစ်ဘူး၊ ကျနော်တို့ ငါးဖမ်းလုပ်ငန်းတွေလည်း ဒီလိုပဲ အင်ဂျင်ဝိုင်တွေဝယ်တယ် တပီပါဆို ၁၀သိန်းပေါ့ဗျာ၊ အခု ၂၀-၂၅သိန်း ပေးရတယ်၊ ဘာလို့လုပ်ရလဲဆို မလုပ်လို့မရဘူး ကျနော်တို့ ရေလုပ်ငန်းက၊ အရင်းရလည်း အမြတ်ပဲဗျာ၊ အဲဒီသဘောပဲရှိတယ်။"

ပြည်ထောင်စု ကုန်စျေးနှုန်းတည်ငြိမ်ရေး ကော်မတီရဲ့ ဌာနအလိုက် လုပ်ငန်းတာဝန်တွေထဲမှာ အခြေခံစားကုန် ထုတ်လုပ်တာမှာ အဓိကကျတဲ့ လယ်ယာကဏ္ဍနဲ့ မွေးမြူရေးမှာ တိုးတက်ဖို့လည်း အကြံပြုထားပါတယ်။ မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်ကတော့ ဆန်စျေးတည်ငြိမ်ဖို့ အရန်ဆန်တွေထဲက အိတ်ရေ ၁ သိန်း ထုတ်ရောင်းသွားမယ်လို့ အခု ဩဂုတ်လ ၂ရက်မှာ ထုတ်ပြန်ထားပါတယ်။ ဧည့်မထ ဆန်ကြမ်းတအိတ်ကို ၆သောင်းကျပ်၊ ရွှေဘိုပေါ်ဆန်းမွှေး တအိတ်ကို ၁၂၀,၀၀၀ ကျပ်နဲ့ ရောင်းချပေးသွားမယ်လို့ ပြောပါတယ်။ တကယ်တော့ ဒီစျေးနှုန်းတွေဟာ ပြင်ပပေါက်စျေးနဲ့ မကွာတဲ့ စျေးတွေဖြစ်တယ်လို့ ဝေဖန်ခံနေရပါတယ်။ လူတယောက်ကို ဆန်တအိတ်ပဲ ရောင်းချပေးမှာဖြစ်ပြီး ဝါးတန်းလမ်း ကုန်စည်ဒိုင်၊ ဘုရင့်နောင် ကုန်စည်ဒိုင် ဒီနှစ်နေရာမှာပဲ ရောင်းချမှာဖြစ်လို့ သယ်ယူစရိတ်ကြောင့် ဝယ်မဲ့သူ မရှိဘူးလို့လည်း တချို့က ပြောပါတယ်။

တကယ်တော့ ဆန်စပါးနဲ့ပတ်သက်တဲ့ ကုန်စျေးနှုန်းတွေကို တည်ငြိမ်အောင် ဖုတ်ပူမီးတိုက်နည်းတွေနဲ့ ထိန်းကျောင်းနိုင်မယ်လို့ မထင်ကြောင်း ရခိုင်ပြည်လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂ ဥက္ကဋ္ဌ ဦးကျော်ဇံက ဗွီအိုအေကို ပြောပါတယ်။

" စိုက်ဧကဘယ်လောက်ရှိတယ်၊ လူဦးရေ ဘယ်လောက်ရှိတယ်၊ အထွက််နှုန်းက ဘယ်လောက်ရှိတယ်၊ ဒီအချက်သုံးချက်ပေါ်မှာ အခြေခံပြီးတော့ ဆန်စပါးဖူလုံမှု ဘယ်လောက်ရှိတယ်၊ ကုန်သွယ်မှုက ဘယ်လောက်အထိ ကျနော်တို့ လုပ်ဖြစ်တယ်၊ ဆိုတဲ့အပေါ်မှာ စဉ်းစားရတာ။ ပြည်တွင်းစားသုံးမှု ဖူလုံဖို့ အခန်းကဏ္ဍက တော်တော်လေးကို ကွာဟနေတယ်ဆိုရင် ကုန်စျေးနှုန်းကို ထိန်းဖို့အတွက်၊ အထူးသဖြင့် ဆန်စပါးကို ထိန်းဖို့အတွက်ကတော့ အဲလို လက်တလော ကော်မတီ ဖွဲ့ရုံလောက်နဲ့တော့၊ အဲဒီကော်မတီရဲ့ မူဝါဒ သဘောတရားကတော့ လက်တွေ့ကျမယ် မထင်ဘူး။"

ကုန်စျေးနှုန်းတွေ တက်လာပေမဲ့လည်း စက်ရုံအလုပ်သမားတွေ အပါအဝင်၊ အခြေခံ အလုပ်သမားတွေအဖို့ တနေ့ဝင်ငွေက လွန်ခဲ့တဲ့ နှစ်တွေက အတိုင်းပဲ မပြောင်းလဲသေးဘူးလို့ မကွေးတိုင်းက ဒေသခံတဦးက ဗွီအိုအေကို ပြောပါတယ်။

" လက်လုပ်လက်စားပေါ့ အလုပ်ကြမ်း သမားတွေပေါ့၊ ဆိုပါစို့ ပန်းရံလုပ်တဲ့သူတွေသည် အခု အလုပ်တွေကျပ်နေတယ် နေ့စားတွေပေါ့၊ သူတို့ရဲ့ဝင်ငွေသည် ၈ ထောင်နဲ့ ၁ သောင်းကြားပဲ ယောကျ်ားလေးတယောက်က ရတယ်။ အခု တောင်သူတွေပေါ့ နှမ်းတွေ၊ ပဲတီစိမ်း၊ မြေပဲတွေ၊ ဝါတွေစိုက်နေတယ် ပေါ့လေ၊ အဲဒါ မနက်နဲ့ညနေကို ပေါင်းထိုးပဲဟုတ်ဟုတ်၊ မြက်နှုတ်ပဲဟုတ်ဟုတ် ဘာလုပ်လုပ် တောတောင်သူတွေက မနက်၅ထောင်၊ ညနေ၅ထောင်ပေါ့ဗျာ တသောင်းပဲရတာ၊ အကြမ်းဖျင်း ကြောမွဲလူတန်းစားတွေရဲ့ တနေ့လုပ်ခက တသောင်းထက်ကျော်ပြီးရဖို့ မလွယ်ဘူး။ အဲဒါ နေ့တိုင်း အလုပ်လုပ်နိုင်မှာနော်။ တသောင်းဆိုတော့ တွက်ကြည့်ပေါ့ဗျာ အခု ဝယ်ရတဲ့ ဆန်၊ ဆီ၊ မိသားစုစရိတ်နဲ့ဆိုတော့ မလောက်ငှဘူး။။ တယောက်တည်းကို မှီခိုစားနေရင် မလွယ်ဘူးပေါ့။"

ပြည်တွင်းမှာ အဓိကစားသုံးတဲ့ ဆန်ချောစျေးနှုန်းက ၂၄ ပြည်ပါတဲ့တအိတ်ကို ကျပ်တသိန်းအထက်မှာ ရှိပါတယ်။ ဆန်ကြမ်းစျေးတွေကလည်း ကျပ် ၆ သောင်းကနေ၊ ၈ သောင်းအထိ ရှိနေပါတယ်။ အာဏာမသိမ်းခင်က ပေါ်ဆန်းဆန်တပြည်ကို ၂,၃၀၀ ကျပ်ရှိခဲ့တာကနေ အခုအချိန်မှာ ၅,၅၀၀ ကျပ် ဖြစ်လာတာပါ။ ပြည်ပကလာတဲ့ စားအုန်းဆီစျေးက အရင်က ကျပ် ၂,၃၀၀ ရှိခဲ့တာကနေ အခု တပိဿာကို ကျပ် ၁၀,၀၀၀ ဝန်းကျင် ရှိပါတယ်။ စက်သုံးဆီနဲ့ တချို့ ကုန်ပစ္စည်းတွေရဲ့ စျေးနှုန်းက စစ်ကောင်စီ အာဏာမသိမ်းခင်ကထက် ထက်ဝက်ကျော် စျေးတက်သွားပြီ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG