သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီအကြီးအကဲ စစ်တိုင်းဌာနချုပ်တွေ လှည့်လည်စည်းရုံး


ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ရှမ်းပြည်နယ် (တောင်ပိုင်း) ပအိုဝ်း ကိုပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးနဲ့ ဆီဆိုင်မြို့တွေကို လှည့်လည်ကြည့်ရှုစစ်ဆေးစဥ်။ (စက်တင်ဘာ ၄၊ ၂၀၂၄/ စစ်ကောင်စီသတင်းပြန်ကြားရေး)
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ရှမ်းပြည်နယ် (တောင်ပိုင်း) ပအိုဝ်း ကိုပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးနဲ့ ဆီဆိုင်မြို့တွေကို လှည့်လည်ကြည့်ရှုစစ်ဆေးစဥ်။ (စက်တင်ဘာ ၄၊ ၂၀၂၄/ စစ်ကောင်စီသတင်းပြန်ကြားရေး)

မြန်မာစစ်ကောင်စီ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ အခု သီတင်းနှစ်ပတ်အတွင်း စစ်တိုင်းနဲ့စစ်ဌာနချုပ်တွေကို ဆက်တိုက်သွားရောက်နေပါတယ်။ အခုနှစ်ပိုင်း တပ်ဌာနချုပ်တချို့ သိမ်းယူခံရတဲ့နောက်ပိုင်းအောက်ခြေ စစ်သည်တွေကို ထိတွေ့စည်းရုံးဖို့ ကြိုးစားတာလို့ လေ့လာသူတွေက သုံးသပ်ပါတယ်။ ကိုဝင်းမင်းဆက်သွယ်မေးမြန်းထားပါတယ်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အနေနဲ့ မနေ့မနက်ကပဲ လွိုင်ကော်က ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ) ကိုရုတ်တရက် ရဟတ်ယာဉ်နဲ့ ရောက်လာခဲ့တယ်လို့ စစ်ရေးစောင့်ကြည့်နေသူတွေက ပြောပါတယ်။ လွိုင်ကော် ဒစကမတိုင်ခင် ပြီးခဲ့တဲ့နှစ်ပတ်- သြဂုတ်လ ၂၃ ရက် သောကြာနေ့မှာ ပဲခူးက တောင်ပိုင်းတိုင်းနဲ့ ပြီးခဲ့တဲ့အပတ် တနင်္လာနေ့ သြဂုတ် ၂၆ ရက်မှာတော့ မန္တလေးက အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တွေ၊ နောက် ပြီးခဲ့တဲ့ တနင်္ဂနွေ ဒီလ စက်တင်ဘာ (၁)ရက်နေ့မှာ ရန်ကုန်က မှော်ဘီလေတပ်ဌာနချုပ်အပြင် တနေ့ အင်္ဂါနေ့ကပဲ တောင်ကြီးက အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်ကိုသွားခဲ့ပြီး နယ်မြေတည်ငြိမ်ရေး စစ်ဆေးခဲ့တယ်လို့ မြန်မာ့အသံကလည်းပြောပါတယ်။

အဲ့ဒိတော့ ဘာကြောင့် အခုလောက်ထိ ဆက်တိုက်နီးပါး ဒီ ခရီးစဉ်တွေဖြစ်လာနိုင်တာကို မေးတာမှာ CDM ဗိုလ်မှူး နောင်ရိုးက အခုလို သုံးသပ်ပါတယ်။

“အခုရက်ပိုင်းအတွင်းမှာ စစ်ခေါင်းဆောင်က တိုင်းစစ်ဌာနချုပ်တွေကို ဆက်တိုက်သွားနေတယ်၊ စစ်ဆေးမှုတွေကို လုပ်နေတာကို ကျနော်တို့ တွေ့ရတယ်ပေါ့နော်၊ ဒါဟာ ကျနော်တို့သုံးသပ်ရတာတော့ ပထမတချက်က စစ်ခေါင်းဆောင်အနေနဲ့ သူ့လက်အောက်ခံတပ်တွေကို လိုက်လံ ထိတွေ့ပြီးတော့ အားပေးတယ်၊ စည်းရုံးရေးလုပ်တယ်ပေါ့နော်၊ ဒါမျိုးလုပ်တာလို့ ကျနော်တို့ သုံးသပ်တာပေါ့။ နောက်တချက်ကတော့ လက်ရှိ စစ်ရေးရှုံးနိမ့်မှုတွေကို ဆက်တိုက်တွေ့နေရတဲ့အခါမှာ စစ်ဆင်ရေးကိုအဓိကဦးဆောင်နေတဲ့ ဦးစီးနေတဲ့ ဒုတပ်ချုပ်ရဲ့ စွမ်းဆောင်ရည်အပေါ်မှာ အားမလိုအားမရဖြစ်တဲ့အတွက် သူကိုယ်တိုင် မြေပြင်တပ်ပြင်ဆင်ရေးတွေ၊ စစ်ရေးအခြေအနေပြင်ဆင်ထားမှုတွေကို လိုက်လံ စစ်ဆေး ကြီးကြပ် လုပ်ဆောင်တာမျိုးလည်းပါမယ်လို့ ကျနော်တို့ သုံးသပ်ရပါတယ်။”

အဲ့ဒိတော့ စစ်ရေးကိစ္စတွေကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တိုက်ရိုက်ကိုင်တွယ်ဖို့ ခုလို လုပ်လာတာဖြစ်နိုင်ပါလားလို့ မေးတာမှာ နောက် CDM လုပ်လာတဲ့ ဗိုလ်ကြီး ဇင်ယော်က အခုလို ထောက်ပြပါတယ်။

“အခု ခရီးစဥ်တွေ ဘာလို့ ဆက်သွားနေလဲဆိုတာက နိုင်ငံတော်ကိစ္စပဲ- သူဝါသနာပါတဲ့ သမ္မတကိစ္စနဲ့ပတ်သက်ပြီးတော့ ပြည်သူတွေနဲ့ ထိတွေ့ရမယ်၊ အစိုးရအဖွဲ့တွေနဲ့ထိတွေ့ရမယ်။ ကျန်တဲ့စစ်ရေးကိစ္စတွေကတော့ စစ်ရုံးထဲကနေပဲ လုပ်နေတဲ့အနေအထားလို့ ကျနော်ကတော့ သုံးသပ်ပါတယ်ဗျ။”

ဒါ့အပြင် ဒီ ခရီးစဉ်တွေအပေါ် KNU ကရင်အမျိုးသားအစည်းအရုံး ပြောခွင့်ရ ဖဒို တောနီးကတော့ အခုလို ရှင်းပြပါတယ်။

“တကယ်တော့ သူ့လူတွေကို စိတ်မချရတော့လို့ အားအားရှိတိုင်း ဒီလိုပဲ လိုက် စစ်ဆေးနေရတာပါ။ တကယ်တော့ တိုင်းပြည်မှာ အရေးတကြီး ကိုင်တွယ်ဖြေရှင်းသွားရမယ့် သောင်းခြောက်ထောင်သော အရေးအရာတွေကလည်း ဖြစ်နေပေမဲ့ သူအာဏာလက်မလွှတ်ရေးက တခြားအရာတွေထက် အကဲပိုနေတော့ သူ့နောက်ကျောမလုံ စိတ်မချရတိုင်း အဲဒီလို ခရီးပဲသွားသွားနေပြီး အစည်းအဝေးပွဲမှာ အရည်မရ အဖတ်မရ လေးနာရီလောာက်ကြာတဲ့ ခရားရေလွှတ်စကားကြောရှည်တာတွေနဲ့ပဲ အလဟဿ အချိန်ဖြုန်းနေတော့တာပါပဲ။”

ခုလို ခရီးစဉ်တွေ ထွက်ရတာက စစ်ခေါင်းဆောင်အပေါ် ဝေဖန်မှုတွေ များလာတာကို တုံ့ပြန်တာလည်းဖြစ်နိုင်တယ်လို့ဗိုလ်မှူး နောင်ရိုးက လာရှိုးက အရှေ့မြောက်ပိုင်းစစ်ဌာနချုပ် (ရမခ) နဲ့ယှဉ်ပြီး ဆက်သုံးသပ်ပြပါတယ်။

“ရမခတိုင်း ကျသွားတဲ့အခါမှာ စစ်ခေါင်းဆောင်က အရပ်ဘက် မီးရထားစက်ရုံတွေ၊ တခြား ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲတို့ ဒီလိုဟာမျိုးတွေ သွားပြီးတော့ ကြည့်ရှုစစ်ဆေးနေတာမျိုးတွေလုပ်ဆောင်ခဲ့တဲ့အပေါ်မှာ တပ်တွင်းမှာလည်း စစ်ခေါင်းဆောင်အပေါ်မှာ တော်တော်လေး ကြီးကြီးမားမား ဝေဖန်မှုတွေ တွေ့မြင်ခဲ့ရတယ်ပေါ့နော်၊ ဒီအပေါ်မှာလည်း စစ်ခေါင်းဆောင်က စစ်ဆင်ရေးပိုင်းတွေ၊ လုံခြုံရေးပိုင်းတွေကို ပြန်အလေးပေးလုပ်ဆောင်တယ်၊ လိုက်ကြည့်တယ်၊ လိုက်စီမံကွပ်ကဲတယ်ဆိုတာကို ပြသချင်တာလည်း ပါမယ်လို့ ကျနော်တို့တော့ သုံးသပ်ပါတယ်ခင်ဗျ။”

တချိန်တည်းမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ ရှမ်းပြည်နယ်ခရီးစဉ်ထဲ ဌာနဆိုင်ရာတွေကို မိန့်ခွန်းပြောတာမှာလက်နက်ကိုင်အဖွဲ့တွေရဲ့ သတင်းရမှုပေါ်မူတည်ပြီး လိုသလိုလုပ်သွားမယ်လို့ ပြောခဲ့တာအပေါ် ဗိုလ်ကြီး ဇင်ယော်ကအခုလိုထောက်ပြပါတယ်။

“ဘာသတင်းမှမရဘူး၊ ကျနော်တို့ ရမခတိုင်းတတိုင်းလုံး ကျသွားတာတောင်မှပဲ စစ်တိုင်းရုံးကလူတွေရော၊ ဘာတွေရော သူတို့မသိဘူး။ ရမခ က ဆက်သွယ်မှုကွန်ရက်တွေပါ လုံးဝဖြတ်ပလိုက်တာ။”

ဒီခရီးစဥ်အကြောင်း စစ်ကောင်စီပြောခွင့်ရကို ကြိုးစား ဆက်သွယ်ခဲ့ပေမဲ့ အချိန်မီ ဆက်သွယ်လို့ မရခဲ့ပါဘူး ခင်ဗျာ။

စက်တင်ဘာလ ၄ ရက်နေ့က စစ်ကောင်စီ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် လွိုင်ကော်မြို့ကို လာရောက်စဉ်KNDP ကရင်နီအမျိုးသားကာကွယ်ရေးတပ်ကနေ လက်နက်ကြီးနဲ့ပစ်ခတ်မှုဖြစ်ခဲ့တယ်လို့ လူထုနွေဦး သတင်းဌာနကဖော်ပြခဲ့ပါတယ်၊ ဗွီအိုအေအနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG