သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သေဆုံးသူ ၂၄ ယောက်ထက် မနည်းရှိနေတဲ့ ကရင်နီရေဘေး


ကရင်နီဒေသ နေရာအတော်များများ ရေကြီးရေလျှံခဲ့ (စက်တင်ဘာ ၂၀၁၄)
ကရင်နီဒေသ နေရာအတော်များများ ရေကြီးရေလျှံခဲ့ (စက်တင်ဘာ ၂၀၁၄)

ကရင်နီဒေသမှာ ရေကြီးတဲ့အရှိန်ကြောင့် ၂၄ ဦးသေဆုံးခဲ့ပြီး မြို့နယ် ၅ ခုမှာ လူဦးရေ ၃၀၀၀၀ နီးပါး ရေဘေးဒဏ် သင့်နေပါတယ်။ မြေပြိုကျပြီး လမ်းတံတားတွေ ပျက်စီးပြီး လမ်းပန်းဆက်သွယ်ရေးတွေ ပြတ်နေပါတယ်။ ရေဘေးအကူညအညီတွေလည်း အရေးပေါ် လိုအပ်နေတဲ့ အခြေအနေအကြောင်း ရန်ကုန်ကပေးပို့တဲ့သတင်းကို အ‌ခြေခံပြီး တင်ပြထားပါတယ်။

ကရင်နီဒေသအတွင်းမှာရေကြီးမှုကြောင့် နေအိမ် ၃၀၀ ထက်မနည်းပျက်စီးပြီး သေဆုံးသူ ၂၄ ယောက်ထက်မနည်း ရှိနေပါတယ်။ အရပ်သားပြည်သူ ၆ ယောက်နဲ့ လေ့ကျင့်ရင်း ရေစီးမှာမျောသွားတဲ့ ကရင်နီဒေသ ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁၈ ယောက်သေဆုံးခဲ့ပါတယ်။ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြို့နယ် ၅ ခု ရေကြီးနစ်မြှုပ်နေပြီး စစ်ဘေးရှောင်စခန်း ၁၀ ခု ထက်မနည်း ရေကြီးနစ်မြှုပ်နေပါတယ်။ စစ်ဘေးရှောင်နဲ့ ဒေသခံ စုစုပေါင်း လူဦးရေ သုံးသောင်း နီးပါး ရေဘေးသင့်နေတယ်လို့ IEC လက်အောက်ခံ လူသားချင်းစာနာထောက်ထားရေးနဲ့ ပြန်လည် ထူထောင်ရေးဌာနရဲ့ ဌာနမှူး ခွံမာတီးယာ က ဗွီအိုအေကို ခုလို ပြောပါတယ်။

“ဒီရက်သတ္တပတ်အတွင်းပေ့ါနော် ဒီကရင်နီပြည်မှာ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရေကြီးရေလျှံခြင်း မြေပြိုခြင်းဖြစ်ပွားလျက်ရှိတယ်။ အဲ့တော့ ကရင်နီပြည်မှာဆိုလို့ရှိရင် ဖယ်ခုံမြို့နယ် လွိုင်ကော်မြို့နယ် ဒီးမော့ဆိုမြို့နယ် ဖရူဆိုမြို့နယ်နဲ့ ရှားတောမြို့နယ်မှာ ရေကြီးရေလျှံဖြစ်ပြီးတော့ ရေဘေးသင့်ပြည်သူကတော့ နှစ်သောင်း ရှစ်ထောင်၊ သုံးသောင်းဝန်းကျင်ရှိပြီးတော့မှ အိမ်ခြေ အိမ်ထောင်စု အနေနဲ့ဆိုလို့ရှိရင် ငါးထောင်ကျော်ရှိတယ်လို့ ခန့်မှန်းရပါတယ်။”

ဒီးမော့ဆိုမြို့နယ်က လူဦးရေ တစ်သောင်း နီးပါးနဲ့ ရေဘေးဒဏ်ခံနေရသူ အများဆုံး ဖြစ်ပါတယ်။ ရေကြီးနစ်မြှုပ်ခဲ့တဲ့နေရာမှာ ဒီနေ့ထိ ရေပြန်မကျသေးလို့ ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) အတွင်းရေးမှူး(၂) ကိုဗညားက ပြောပါတယ်။ ရေနစ်မြှုပ်လို့ လယ်ယာစပါး ဧက ၄၀၀၀ ထက်မနည်းလည်း ပျက်စီးကုန်ပါတယ်။

“အခုချိန်ထိတော့ ရေမကျသေးဘူးနော်။ ရေဆက်တက်တုန်းပဲ။ နေရာတော်တော်များများမှာ ရေမကျသေးဘူး ရေငြိမ်တာ တက်နေတာ မဟုတ်လည်း ရေဆက်ပြီးကြီးတုန်းပေါ့ အဲ့ဒါရှိတယ်။ နေရာတော်တော်များများတော့ ရေမိုးကြီး ရေများပြီးတော့ ရွှံ့ရှိတာ၊ တချို့ လမ်းပန်းဆက်ရေး ပြတ်တောက်သွားတာတွေ တချို့ပျက်စီးမှုတွေ ရှိတယ်ပေါ့။ ကားတွေလည်း တချို့ရေထဲ ပါသွားတာရှိတယ်ပေါ့နော်။”

ကရင်နီအမျိုးသားများကာကွယ်ရေးတပ်( KNDF) ရဲ့ ဆေးဌာနက ဖွင့်လှစ်ထားတဲ့ ဆေးသင်တန်းက သင်တန်းသား ၁၈ ဦးဟာ စက်တင်ဘာ ၁၁ ရက်နေ့ ညနေက သင်ခန်းစာအတွက် လေ့ကျင့်ရေးလုပ်နေတဲ့အချိန် ချောင်းရေထဲ မျောပါသွားပြီး သေဆုံးသွားတယ်လို့ KNDF က ဒီနေ့ ထုတ်ပြန်ထားပါတယ်။ ဒါနဲ့ ပတ်သက်လို့ ဘယ်မှာဖြစ်တာလဲ၊ ဘယ်တပ်ဖွဲ့က ရဲဘော်တွေပါသလဲဆိုတာနဲ့ပတ်သက်လို့ KNDF ဗဟိုပြန်ကြားရေးတာဝန်ရှိသူကို VOA က Signal ကနေ မေးမြန်းထားပေမယ့် ဒီနေ့ ညနေပိုင်း ၅ နာရီအထိ ပြန်လည်ဖြေကြားတာ မရှိသေးပါဘူး။ သင်တန်းလေ့ကျင့်ရေးဆောင်နေစဉ် ချောင်းတခုကို ဖြတ်ကျော်ဖို့ ကြိုးစားရာကနေ မတော်တဆ ဖြစ်ပွားကာ ရေထဲမျောပါ သွားတယ်လို့ ထုတ်ပြန်ထားပါတယ်။ ဒီမတော်တဆဖြစ်စဉ်ကို KNDF ဗဟိုဌာနအနေနဲ့ စုံစမ်းစစ်ဆေးမှုပြုပြီး သက်ဆိုင်ရာ မိသားစုဝင်တွေ တပ်ရင်းတပ်ဖွဲ့တွေနဲ့ အများပြည်သူကို ထုတ်ပြန်အသိပေးသွားမယ်လို့ ဆိုပါတယ်။ ကရင်နီပြည်အတွက် လူ့စွမ်းအားအရင်းအမြစ်တွေ ပိုမိုတိုးတက်ကောင်းမွန်စေဖို့ ရည်ရွယ်ချက်နဲ့ သင်တန်းကို ဖွင့်လှစ်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် စစ်ဘေးရှောင်စခန်းတွေ ရေလွှမ်းမိုး ပျက်စီးကုန်တာကြောင့် အရေးပေါ်ပြောင်းရွှေ့ထားတဲ့အတွက် အမျိုးသမီး အသုံးအဆောင်ပစ္စည်း၊ အဝတ်အစား၊ အမိုးအကာ၊ ရေသန့်၊ စားနပ်ရိက္ခာ အကူအညီ အရေးပေါ်လိုအပ်နေတာလို့ အကူအညီပေးနေသူတွေက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG