သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရေကြီးမှုကြောင့် မန္တလေးတိုင်းအတွင်း ၂၀ ဦးထက်မနည်း သေဆုံး


မန္တလေးတိုင်း ရမည်းသင်းမြို့နယ်ထဲ ရေကြီးလို့ လူသေဆုံးကြောင်း မီးသတ်တပ်ဖွဲ့ထုတ်ပြန်ခဲ့ (စက်တင်ဘာ ၁၂၊ ၂၀၂၄)
မန္တလေးတိုင်း ရမည်းသင်းမြို့နယ်ထဲ ရေကြီးလို့ လူသေဆုံးကြောင်း မီးသတ်တပ်ဖွဲ့ထုတ်ပြန်ခဲ့ (စက်တင်ဘာ ၁၂၊ ၂၀၂၄)

မန္တလေးတိုင်း၊ ရမည်းသင်း ပျော်ဘွယ် စတဲ့မြို့တွေက ကျေးရွာတွေမှာ ရေနစ်မြှုပ်တာကြောင့် ၂၀ ဦးထက်မနည်းသေဆုံးပြီး သောင်းနဲ့ချီတဲ့ ဒေသခံတွေ ရေဘေးသင့်နေပါတယ်။ ရေပြန်ကျနေပေမယ့် ကူညီကယ်ဆယ်ရေးတွေ ဆက်လုပ်နေသလို ပိတ်မိနေသူတွေလည်း ရှိနေပါတယ်။ ဒီအကြောင်း ရန်ကုန်ကပေးပို့တဲ့သတင်းကို တင်ပြပါမယ်။

မုန်တိုင်း ယာဂီအရှိန်ကြောင့် နိုင်ငံအနှံ့အပြား မိုးရွားသွန်းတဲ့အတွက် မြန်မာနိုင်ငံအလယ်ပိုင်း မန္တလေးတိုင်းထဲက ရမည်းသင်း ၊ ပျော်ဘွယ် ၊ ကျောက်ဆည် ၊ ညောင်ဦး စတဲ့ မြို့နယ်တွေက ကျေးရွာတွေဟာ ရေကြီးနစ်မြှုပ်တဲ့ အခြေအနေကို ကြုံတွေ့နေရတာပါ။

ရမည်းသင်းမြို့နယ်မှာဆိုရင် ကျေးရွာအုပ်စု ၄၀ ကျော်က လူဦးရေ ၅ သောင်းကျော် ရေဘေးသင့်နေပြီး စက်တင်ဘာ ၁၁ ရက်နဲ့ ၁၂ ရက်တို့မှာ သေဆုံးသူ အနည်းဆုံး ၁၇ ဦး ရှိခဲ့ပါတယ်။ ရမည်းသင်းမြို့နယ် ရေဘေးဒဏ်ခံနေရတဲ့ အခြေအနေနဲ့ ပတ်သက်လို့ ရမည်းသင်းမီးသတ် တာဝန်ရှိသူတဦးက အခုလိုပြောပါတယ်။

"သေဆုံးတဲ့အနေအထားက ရေနဲ့မျောပြီး သေဆုံးတာများတယ်။ လက်ရှိသေဆုံးတာတော့ ၇ လောင်း ဆယ်ထားတယ်။ ကျွန်တော် မနေ့ကတွေ့တာက ၁၀ ဦး အခု ၇ ဦးက သက်သက်။ အခုဆို ကျွန်တော်ရှာဖွေထားတာနဲ့ဆို ၁၇ ဦး။ ကျွန်တော်သိရသလောက် ကျန်တဲ့နေရာတွေမှာလည်း ရှိတယ်လို့ပြောတယ်။ အဲ့ဒါတွေကလည်း ကျွန်တော် မသိသေးဘူး။ တောင်ပေါ်ရေတွေရယ်၊ ဆည်ရေတွေရယ်၊ မိုးရေရယ် ဒါတွေပေါင်းစပ်ပြီး ရေကြီးတာပါ။ အခုတော့ ရေကျသွားပါပြီ။ ၃ ပေလောက်အထိတော့ ရေကျသွားပါပြီ၊ ဆည်ရေတွေက။ ကျေးရွာပေါင်းဆိုရင် အုပ်စုနဲ့ပဲ ခန့်မှန်းဆိုရင် ၄၀ လောက်ရှိတယ်။ (အိမ်ခြေ) ခန့်မှန်းဆိုရင် ၁ သောင်းကျော်ပါပဲ။ လူဦးရေကတော့ ၅ သောင်းကျော်။ ကယ်ဆယ်ရေးကတော့ ဒီမှာ ရေဘေးသင့်စခန်းတွေ ဖွင့်ထားပါတယ်။"

ရမည်းသင်းနည်းတူ ပျော်ဘွယ်မြို့က ကျောက်ဆည် ဆည်ကျိုးပေါက်တာကြောင့် ၁၅ ဦးထက် မနည်း ရေထဲမျောပါသွားပြီး ၃ ဦးသေဆုံးသလို ပျောက်ဆုံးနေသူတွေလည်း ရှိနေပါတယ်။ လမ်းတံတား ပျက်စီးတာတွေရှိပြီး ကျေးရွာတွေဘက်ကို ကယ်ဆယ်ရေးတွေ မရောက်နိုင်တဲ့ အခြေအနေတွေလည်း ရှိနေပါတယ်။

ပျော်ဘွယ်မြို့ပေါ်အပြင် ကျေးရွာတွေဘက် နစ်မြှုပ်တဲ့အခြေအနေကို ပျော်ဘွယ်မီးသတ် တာဝန်ရှိသူ ပြောတာက အခုလို ပြောပြပါတယ်။

"မြို့ပေါ်ရပ်ကွက်က ၅ ရပ်ကွက်၊ ကျေးရွာ အုပ်စုက ၈ အုပ်စု၊ ကျောက်ဆည်ကန်က ရေပိုလွှဲက ပေ ၅၀ လောက် ပဲ့ပြီးတော့ ကျိုးကျတဲ့ အတွက်ကြောင့် ၈ အုပ်စုက ရေဘေးအန္တရာယ်ကို ကြီးကြီးမားမား ခံစားနေရတယ်။ ၁၅ ဦး ရေမျောပါသွားတာပေါ့။ ဒီနေ့မှာ ၂ ဦးက အသက်ရှင်လျက် ပြန်တွေ့တယ်။ ၃ ဦးက သေဆုံးလျက်တွေ့တယ်။ ၁၀ ဦးကတော့ အခုချိန်ထိ ပြန်မတွေ့ရသေးဘူးခင်ဗျ။ ကယ်ဆယ်ရေးက နေရာဧရိယာ များပြားတဲ့အတွက်ကြောင့် အကူညီတောင်းတာတွေတော့ အများကြီးပဲ။ ဒီဘက်မှာက မြေပြန့်ဒေသ မြစ်ချောင်းအင်းအိုင် ရှိတဲ့အတွက် ဒီဘက်မှာ ကျွန်တော်တို့ရှိတဲ့ အင်အားနဲ့ထုတ်တယ်။ ရင်စို့ လည်ပင်းလောက်ရှိတဲ့နေရာတွေကို ကျွန်တော် ရှင်းထုတ်နိုင်တယ်ပေါ့။ လူ့တရပ်လောက် မြှုပ်သွားတဲ့နေရာတွေဆို ကျွန်တော်တို့က အခက်အခဲရှိတာပေါ့။ ရွာတွေကိုရောက်အောင်သွားဖို့အတွက်ကို လမ်းမှာရှိတဲ့ လမ်းတံတားတွေက အခုချိန် ရေအလုံးအရင်းနဲ့ ဝင်ရောက်တော့ တချို့တံတားတွေ ပျက်စီးသွားတယ်။ တချို့နေရာတွေ ကျောက်ဆည်ကန် ကျိုးတော့ ရွာကိုရောက်ဖို့ ၂ မိုင်အလိုမှာပဲ တံတားက ဘယ်လိုမှ ထွက်မရတော့လို့ နောက်ပြန်လှည့်လာရတယ်။"

ပျော်ဘွယ်မြို့နဲ့ ကျောက်ဆည် ဆည်ဟာ ၈ မိုင်ဝေးပြီး မြို့ပေါ်အထိ ရေတွေဝင်ရောက်တာဟာ ရေကြီး နှစ်မြှုပ်တဲ့ ဧရိယာ ကျယ်ပြန့်တဲ့ သဘောလည်း ဖြစ်ပါတယ်။ မိုးရေချိန်များတဲ့အတွက် ကျောက်ဆည်ကန် မြောက်ဖက်က ရေပိုလွှဲ ဧရိယာ တခုလုံး ကျိုးပေါက်သွားတဲ့အတွက် အခုလို ရေကြီတာဖြစ်တယ်လို့ ဆည်အောက်က ရေကြီးနစ်မြှုပ်ဒဏ်ခံနေရတဲ့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိအချိန် ဆည်ထဲ ရေမရှိတော့တဲ့အတွက် ရေထပ်တိုးတာမရှိတော့ဘူးလို့လည်း ဒေသခံတွေက ပြောပါတယ်။ ကျောက်ဆည် ဆည်ကျိုးပေါက်တာကြောင့် ရေဘေးဒဏ်ခံနေရတဲ့ ကျေးရွာသား တဦးက အခုလို ပြောပါတယ်။

"မနေ့က ၉ နာရီလောက်ကတည်းက ဆည်ကျိုးပြီဆိုပြီး ရေတွေဆင်းလာတာပဲ။ ချောင်းဘေးနားကလူတွေက အိမ်တွေပါကုန်တယ်။ လူတွေကတော့ ဒီဘက် ရွာပေါ်ကို ရောက်လာတယ်ပေါ့။ ဘယ်လိုနေကြလဲဆိုတော့ ရေကျသွားတော့ ကိုယ့်အိမ်ပြန်၊ သူ့အိမ်ပြန်၊ ပြန်ပြီးတော့ နေထိုင်ကြတာလည်း ရှိတယ်ပေါ့။ ချောင်းဘေးနားကလူတွေက ပြန်လို့မရသေးဘူးပေါ့။ ကိုယ်ထူကိုယ်ထပဲ လုပ်ကြတာပေါ့။ ကန်(ဆည်) ကျိုးသွားတော့ ကျန်ထဲမှာရေ မရှိသလောက်ပဲ ကျန်တော့တယ်။ လှောင်ထားတဲ့ရေတွေလည်း ကျိုးသွားတယ်ဆိုတော့ အကုန်လုံးထွက်တာပေါ့။ ဒီအတိုင်း ကန်ထဲရေသိပ်မကျန်တော့ဘူးပေါ့။"

ရေကြီးတဲ့ဒဏ် ဆိုးဆိုးရွားရွား ခံစားနေရတဲ့ မန္တလေးတိုင်းထဲက ရမည်းသင်း ၊ ပျော်ဘွယ် ၊ ကျောက်ဆည် စတဲ့မြို့နယ်တွေမှာ အရေးပေါ် ကူညီကယ်ဆယ်ရေးတွေ လိုအပ်နေပါတယ်။

ဒါ့အပြင်နေပြည်တော်ကောင်စီနယ်မြေအပြင် တပ်ကုန်းမြို့နယ်တွေက ကျေးရွာတွေမှာ ရေကြီးနစ်မြှုပ်နေပြီး ကျေးရွာထဲ ပိတ်မိနေသူတွေလည်း ရှိနေပါတယ်။ ယာဂီမုန်တိုင်းကြောင့် နောက် ၂ ရက်အထိ မိုးရွာသွန်းနိုင်သလို စစ်ကိုင်း၊ မကွေး၊ ရခိုင်၊ ချင်းပြည်နယ်တို့မှာ မိုးကြီးနိုင်တဲ့အတွက် အနိမ့်ပိုင်းမှာ နေထိုင်သူတွေနဲ့ မြစ်ချောင်းဘေးနေထိုင်သူတွေ သတိထားကြဖို့ အသိပေး ထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG