သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သေဆုံးမှုတွေရှိတဲ့ မြန်မာနိုင်ငံတဝန်း ရေကြီးမှု


တောင်ငူမြို့နယ်ထဲ ရေဘေးဒုက္ခကြုံနေရသူများ (စက်တင်ဘာ ၁၂၊ ၂၀၂၄)
တောင်ငူမြို့နယ်ထဲ ရေဘေးဒုက္ခကြုံနေရသူများ (စက်တင်ဘာ ၁၂၊ ၂၀၂၄)

မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွေမှာ ရေကြီးနေမှုအတွင်း သေဆုံးသူ ၂၀ ယောက်ထက်မနည်းရှိသွားပြီလို့ မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာနက ပြောပါတယ်။ လောလောဆယ်အထိ မန္တလေးတိုင်း ရမည်းသင်းမြို့နယ်မှာ ၁၇ ယောက်၊ ပျော်ဘွယ်မှာ ၃ ယောက် သေဆုံးတယ်လို့ မီးသတ်တာဝန်ရှိသူတယောက်က VOA မြန်မာပိုင်းကို ပြောပါတယ်။ စစ်တောင်းမြစ်ရေကြီးမှုကြောင့် ပဲခူးတိုင်း တောင်ငူမြို့နယ်ထဲက ဒေသခံ ရာနဲ့ချီဟာလည်း ဘေးလွတ်ရာ သွားနေ နေကြရပါတယ်။

ကျောင်းတကျောင်းမှာ ခိုလှုံနေရတဲ့ တောင်ငူဒေသခံတယောက်ကတော့ "ရေလျော့ရင် တန်းပြန်မှာပဲ ခါးလောက်ရောက်ရင်" လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က ဗီယက်နမ်နိုင်ငံကို ဝင်တိုက်ခတ်တဲ့ Yagi စူပါတိုင်ဖွန်း မုန်တိုင်းကြောင့် မြန်မာနိုင်ငံအနှံ့မိုးကြီးပြီး မြစ်တော်တော်များများ စိုးရိမ်ရေအမှတ်ကျော် ရေလျှံ ရေကြီးနေတာဖြစ်ပါတယ်။ ရန်ကုန်နဲ့ မန္တလေးမြို့ကြား ရေကြီးနေမှုကြောင့် ကားလမ်း၊ ရထားလမ်းတွေ သွားလာရေးပြတ်တောက်နေပါတယ်။

နေပြည်တော်ကောင်စီနယ်မြေမှာလည်း ရေတွေကြီးနေလို့ ဒေသခံတချို့ နေအိမ်ခေါင်မိုးတွေ၊ သစ်ပင်အမြင့်တွေပေါ်တက်ပြီး ဘေးလွတ်အောင် နေနေကြရပါတယ်။

ကရင်နီဒေသတွေဖြစ်တဲ့ လွိုင်ကော်၊ ဒီးမော့ဆိုနဲ့ ဖရူဆိုမြို့နယ်တွေက စစ်ဘေးရှောင် စခန်းတော်တော်များများ ရေလွှမ်းပျက်စီးကုန်တယ်လို့ ဒုက္ခသည် ကယ်ဆယ်ရေးအဖွဲ့တွေက VOA ကို ပြောပါတယ်။ စစ်ရှောင်ဒုက္ခသည် ၅,၀၀၀ လောက်ကို ရေဘေးလွတ်ရာ ပြောင်းရွှေ့ထားရတယ်လို့ ကရင်နီပြည် လူသားချင်း စာနာထောက်ထားရေးနဲ့ ပြန်လည်ထူထောင်ရေးဌာန တာဝန်ရှိသူတွေက ပြောပါတယ်။

ရေဘေးဒုက္ခကြုံနေရတဲ့ ဒေသတော်တော်များများမှာ ပရဟိတကူညီ ကယ်ဆယ်ရေးတွေကပဲ အကူအညီပေးနေကြပါတယ်။ နေပြည်တော်၊ ပဲခူးတိုင်း၊ ကယားပြည်နယ်၊ မွန်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တွေမှာ ရေဘေးဒုက္ခသည် ၇ သောင်းလောက်အတွက် ကူညီကယ်ဆယ်ရေးစခန်း ၅၀ ဖွင့်ထားတယ်လို့ စစ်ကောင်စီ လူကယ်ပြန်ဌာနညွှန်ကြားရေးမှူးရဲ့ အပြောကိုတော့ AFP သတင်းမှာ ကိုးကားဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG