သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းနိုင်ငံမှာ နှစ် ၈၀ အတွင်း အဆိုးရွားဆုံး ရေကြီးမှုနဲ့ ကြုံနေရ


ထိုင်းနိုင်ငံချင်းရိုင်မှာ ရေကြီးရေလျှံနေ (စက်တင်ဘာ ၁၂၊ ၂၀၂၄)
ထိုင်းနိုင်ငံချင်းရိုင်မှာ ရေကြီးရေလျှံနေ (စက်တင်ဘာ ၁၂၊ ၂၀၂၄)

ထိုင်း-မြန်မာနယ်စပ်က မယ်ဆိုင်ခရိုင်မှာ နှစ်ပေါင်း ၈၀ အတွင်း အဆိုးရွားဆုံး ရေကြီးမှုဖြစ်နေပြီး၊ ရေဘေးဒဏ်ခံနေရသူတွေကို ကယ်ဆယ်ရေးအဖွဲ့တွေက ဘေးလွတ်ရာကို ရွှေ့ပြောင်းပေးနေရပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က ယာဂီတိုင်ဖုန်းမုန်တိုင်း ဗီယက်နမ်နိုင်ငံကို ဝင်ရောက် တိုက်ခတ်ခဲ့ပြီးတဲ့နောက် ဗီယက်နမ်၊ လာအို၊ ထိုင်း နဲ့ မြန်မာနိုင်ငံတွေမှာ မိုးအကြီးအကျယ်ရွာသွန်းတာကနေ ရေကြီးတာတွေ ဖြစ်လာနေတာပါ။

ယာဂီမုန်တိုင်းဒဏ်ကြောင့် ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်နဲ့ မြန်မာနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ ချင်းရိုင် ခရိုင်တို့မှာ အနည်းဆုံး လူ ၉ ဦး သေဆုံးခဲ့တယ်လို့ ထိုင်းအစိုးရက ထုတ်ပြန်ပါတယ်။ ထိုင်းနိုင်ငံမှာ ဩဂုတ်လကစလို့ မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီး ရေလျှံမှုတွေကြောင့် ဩဂုတ်လကစလို့ အနည်းဆုံး လူပေါင်း ၃၃ ဦး သေဆုံးခဲ့ပြီးဖြစ်တယ်လို့ ဆိုပါတယ်။

ချင်းရိုင်မြို့မှာဆိုရင်လည်း ကျောင်းသူ ကျောင်းသား ၆၀ လောက်ကို ကယ်ဆယ်ရေးအဖွဲ့တွေက စက်လှေတွေ မော်တော်ဘုတ်တွေနဲ့ ကယ်ပြီးတော့ ဘေးလွတ်ရာကို ရွှေ့ပြောင်းပေးခဲ့ရပါတယ်။ ရေက ရုတ်တရက် တက်လာခဲ့ပြီး အခုအခါမှာတော့ ချင်းရိုင်မြို့လယ်က လမ်းတွေမှာ ခါးလောက်အထိ ရေမြုပ်နေပြီဖြစ်တယ်လို့ဒေသခံတွေက ပြောပါတယ်။ ချင်းရိုင်မြို့မှာ အရင်က မိုးအကြီးအကျယ်ရွာသွန်းမှုတွေ ရှိပေမယ့်လည်း အခုလို ရေကြီးတာမျိုး တခါမှ မရှိခဲ့ဘူးလို့ ချင်းရိုင်မြို့မှာ ၁၂ နှစ်ကြာ နေထိုင်နေတဲ့ မြန်မာနိုင်ငံသား ကိုပြည့်ဖြိုးအောင်က ပြောပါတယ်။

ဗီယက်နမ်နိုင်ငံမှာတော့ ယာဂီတိုင်ဖုန်းမုန်တိုင်ကြောင့် သေဆုံးသူ အနည်းဆုံး ၁၉၉ ယောက် ရှိသွားပြီလို့ ဆိုပါတယ်။ ဒါ့အပြင် လာအိုနိုင်ငံ Luang Prabang မြို့မှာလည်း မဲခေါင်မြစ်ရေဟာ စိုးရိမ်ရေမှတ်ကို ရောက်ရှိနေပြီး ရေကြီးလာနိုင်တယ်လို့ မဲခေါင်မြစ်ကြောင်း ထိန်းသိမ်းရေးကော်မရှင်က ဒီနေ့ သတိပေးချက် ထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG