သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကရင်နီဒေသ ရေလွှမ်းမိုးမှု လူဦးရေ သုံးသောင်းဝန်းကျင် အကူအညီလိုအပ်​​​​​​​


ကရင်နီဒေသ ဒီးမော့ဆိုမှာ ရေကြီးရေလျှံလို့ ဘေးလွတ်ရာသွားနေရ (စက်တင်ဘာ ၂၀၁၄)
ကရင်နီဒေသ ဒီးမော့ဆိုမှာ ရေကြီးရေလျှံလို့ ဘေးလွတ်ရာသွားနေရ (စက်တင်ဘာ ၂၀၁၄)

ကရင်နီဒေသကာကွယ်ရေး ဆေးသင်တန်းသား ၁၈ ဦး ရေထဲမျောပါ သေဆုံးရတဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းနေ တယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်(KNDF) ဗဟိုပြန်ကြားရေးတာဝန်ရှိသူက ဗွီအိုအေကို ပြောပါတယ်။ ကရင်နီဒေသမှာလည်း ရေဘေးကြောင့် မြေပြိုတာ၊ လမ်းတံတား ပြတ်တောက်တဲ့အထိ ဆိုးရွားခဲ့ပါတယ်။ ရေဘေးသင့်သူ စစ်ရှောင်နဲ့ဒေသခံ စုစုပေါင်း အိမ်ထောင်စု ၅,၀၀၀၊ လူဦးရေ ၃ သောင်းဝန်းကျင်ရှိပြီး သူတို့အတွက် အမိုးအကာနဲ့ စာနပ်ရိက္ခာ အကူအညီလိုအပ်နေပါတယ်။ ကရင်နီဒေသက ရေဘေးနောက်ဆက်တွဲ အကူအညီလိုအပ်နေတဲ့အကြောင်း သတင်းပေးပို့ချက်ကို မသိင်္ဂီထိုက်က တင်ပြပေးထားပါတယ်။

ကယားပြည်နယ် ဒေသအခေါ် ကရင်နီပြည် ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်းမှာ စက်တင်ဘာ ၁၁ ရက်နေ့က ဆေးသင်တန်း

လေ့ကျင့်ရေးလုပ်နေချိန် ကရင်နီကာကွယ်ရေးတပ်ဖွဲ့ ဆေးသင်တန်းသား ၁၈ ဦး မတော်တဆ ရေထဲမျောပါ သေဆုံးရတဲ့ ဖြစ်စဉ်နဲ့ပတ်သက်လို့ လိုအပ်တဲ့ စုံစမ်းစစ်ဆေးမှုအတွက် စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းနေတယ်လို့ ဗဟိုပြန်ကြားရေးတာဝန်ရှိသူတဦးက ဗွီအိုအေကိုပြောပါတယ်။

“လောလောဆယ်ကတော့ ဒီစုံစမ်းစစ်ဆေးရေးအဖွဲ့တွေပေါ့နော်၊ စုံစမ်းစစ်ဆေးရေးအဖွဲ့ကို စပြီးတော့ ဖွဲ့စည်းဖို့ ပြင်နေပြီးပေါ့နော်။ လတ်တလောမှာတော့ ကလေးတွေ့ရဲ့ ဈာပနလည်း တောက်လျှောက် လုပ်နေကြတာပေါ့လေ၊ လုပ်တာပြီးတော့ ပြီးသွားပြီပေါ့နော်။ ဒါပေမယ့် နောက်ဆက်တွဲအနေနဲ့က ကလေးတွေအတွက်ပေါ့နော်၊ ပရိတ်ရွတ်ပေးတာတို့ ဘာတို့ပေါ့နော်၊ ဆက်လုပ်တာမျိုးတွေ လုပ်နေတယ်၊ စုံစမ်းစစ်ဆေးရေးအတွက်ကလည်း ဒီစုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဖွဲ့နေတာပေါ့နော်၊ လောလောဆယ်မှာတော့ မပြီးမြောက်သေးဘူးပေါ့နော်။ ဒါတွေက လုပ်ဆောင်နေဆဲဖြစ်ပါတယ်။”

သေဆုံးသူတွေဟာ အမျိုးသား ၁၀ဦး အမျိုးသမီး ၈ဦးဖြစ်ပြီး ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)၊အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နဲ့ ဒေသအခြေစိုက်ကာကွယ်ရေးတပ်ဖွဲ့တွေက ဖြစ်ကြပါတယ်။

ဒါအပြင့် ရေဘေးကြောင့် အရပ်သား ၆ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ကရင်နီဒေသက လွိုင်ကော်၊ ဒီးမော့ဆို စတဲ့ မြို့နယ် ၅ ခု ရေလွှမ်းမိုးခဲ့တာကြောင့် စစ်ရှောင်စခန်း ၁၀ ခု ထက်မနည်းရေနစ်မြုပ်ခဲ့ပြီး အိမ်ခြေ ၃၀၀ နီးပါး ပျက်စီးဆုံးရှုံးခဲ့ပါတယ်။ စစ်ရှောင်နဲ့ ဒေသခံတွေ တနိုင်တပိုင် စိုက်ပျိုးထားတဲ့စပါးခင်း ဧက ၅,၀၀၀ လောက်လည်း ပျက်စီးခဲ့ပါတယ်။

ရေပြန်ကျသွားချိန် နေရပ်ကို အလျင်စလိုမပြန်ဘဲ ထပ်ပြီးအန္တရာယ်ရှိ မရှိ သတိထားရမယ်လို့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) ရဲ့ လူသားချင်းစာနာထောက်ထားရေးနဲ့ ပြန်လည် ထူထောင်ရေးဌာန ဌာနမှူးကြီး ခွန်မာတီးယာ က ပြောပါတယ်။

“သက်ဆိုင်ရာတာဝန်ရှိသူများကနေမှ အန္တရာယ်မရှိကြောင်း ကြေညာမှပဲ မိမိရဲ့ နေရပ် အိမ်တွေ ပြန်သွားတာမျိုးတွေ အဲ့ချိန်မှ လုပ်သင့်တယ်။ ရေကြီးမှုကြောင့်ပေါ့လေနော် ဒီအဆောက်အဦးများ ပြိုကျနိုင်တဲ့အတွက်ကြောင့်မို့လို့ သတိပြုနေထိုင်ရမယ်။ အခုကာလမှာဆိုလို့ ရှိရင် ရေကညစ်ညမ်းတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ ရေကြိုသောက်တဲ့ဟာတွေလုပ်ဖို့ လိုအပ်တယ်ပေါ့လေနော်။”

ရေဘေးကြောင့် အိမ်ခြေ ၅,၀၀၀ ၊ လူဦးရေ ၃ သောင်း ဝန်းကျင် အရေးပေါ် ပြောင်းရွှေ့ထားရပြီး ရေဘေးနောက်ဆက်တွဲ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ မလုပ်နိုင်သေးပါဘူး။ ယာယီတဲအိမ်တွေ တည်ဆောက်နိုင်ဖို့ ဝါး၊အမိုးအကာ နဲ့ အခြေခံစားနပ်ရိက္ခာ အကူအညီ အရေးပေါ်လိုအပ်နေတဲ့အကြောင်း ဌာနမှူးကြီး ခွံမာတီးယာ က ခုလိုပြောပါတယ်။

“လက်ရှိပေါ့နော် ရေဘေးသင့် ကရင်နီပြည်သူအတွက် လတ်တလော အကူအညီလိုအပ်ချက်တွေ အများကြီးရှိတယ်။အဲ့မှာဆိုလို့ရှိရင် အခြေခံစားနပ်ရိက္ခာ လိုအပ်တယ်။ သွားရေးလာရေး ခက်ခဲဖြစ်တယ်။ သယ်ယူပို့ဆောင်ရေးအတွက်ဟိုလမ်းကြောင်းတွေ မရှိဘူးဖြစ်တယ်။ အဲ့ကြောင့်မို့လို့ ယာယီရွှေ့ပြောင်းနေထိုင်သူ ၂၈,၀၀၀၊ ၃၀,၀၀၀ ဝန်းကျင်အတွက် စားနပ်ရိက္ခာ ဆန်၊ ဆီ၊ ဆား၊ ပဲတွေ အရေးပေါ် လိုအပ်တယ်။ လတ်တလောမှာ ကျနော်တို့ ရေလွှမ်းခံရတဲ့ စစ်ရှောင်စခန်းတွေ ကျေးရွာတွေအတွက် အရေးပေါ် ယာယီနေရာချထားရေးအတွက် အိမ်ခြေ ၅,၀၀၀ ကျော်ကျော်လောက်အရေးပေါ် အမိုးအကာတွေ၊ ဝါးတွေ၊ အရေးပေါ် ကူညီပံ့ပိုးမှုအတွက် လိုအပ်လျက်ရှိတယ်။”

အခုလို မိုးရေချိန်များပြီး ရှမ်း-ကယားနယ်စပ် မိုးဗြဲဆည်ရေ ဖောက်ချခဲ့တာကြောင့် ဒီးမော့ဆို လွိုင်ကော် တလျှောက်ဘီလူးချောင်း ရေမြင့်တက်နေပြီး လွိုင်ကော်မြို့ထဲ အနိမ့်ပိုင်း ရပ်ကွက်တွေထဲရေဝင်ပြီး အိမ်တွေ နစ်မြုပ်နေတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG