သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မုန်တိုင်းနောက်ဆက်တွဲ စားသောက်ကုန်တချို့ ဈေးနှုန်းမြင့်တက်


ယခင်မှတ်တမ်းရုပ်ပုံ | နေပြည်တော်မြို့မဈေး မြင်ကွင်းတခု (မတ် ၂၆၊ ၂၀၂၄)
ယခင်မှတ်တမ်းရုပ်ပုံ | နေပြည်တော်မြို့မဈေး မြင်ကွင်းတခု (မတ် ၂၆၊ ၂၀၂၄)

မြန်မာနိုင်ငံမှာ Yagi (ရာဂိ) မုန်တိုင်းကြောင့် ရေကြီး၊ မြေပြိုမှုတွေ ကြုံခဲ့ရပြီး လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်မှုတွေနဲ့အတူ ကုန်စိမ်းသီးနှံအပါအဝင် စားသောက်ကုန်တချို့ ဈေးနှုန်းတွေ မြင့်တက်သွားပါတယ်။ ရေဘေးကြောင့် သီးနှံပျက်စီးဆုံးရှုံးမှုတွေ ကြုံနေရကြောင်းလည်း စိုက်ပျိုးရေးသမားတွေက ပြောပါတယ်။ ရေဘေးကြောင့် ကုန်ဈေးနှုန်းအပေါ် ရိုက်ခတ်မှုတွေအကြောင်း ရန်ကုန်က သတင်းပေးပို့ထားတာကို အခြေခံပြီး ကိုစံကျော် တင်ပြထားပါတယ်။

ရာဂိ မုန်တိုင်းအပြီး မြို့နယ်ပေါင်း ၆၀ကျော်မှာ ရေတဖြည်းဖြည်း ကျဆင်းသွားပေမဲ့ လမ်းတံတားနဲ့ စိုက်ခင်းတွေ ပျက်စီးသွားတာကြောင့် ကုန်စိမ်းသီးနှံတွေ ပြတ်တောက်စပြုပြီး စျေးလည်း အဆမတန် တက်နေတယ်လို့ လက်လီ၊ လက်ကား ရောင်းချသူတွေက ပြောပါတယ်။ လက်ကားစျေးတွေမှာ လက်ရှိရောင်းချနေတဲ့ ကုန်တွေက ပြီးခဲ့တဲ့ရက်ပိုင်းတွေက တင်ပို့ထားတဲ့ ကုန်တွေဖြစ်ပြီး လာမဲ့ရက်ပိုင်းထဲမှာ စျေးတွေတက်လာနိုင်ကြောင်း အညာဒေသက တောင်သူတဦးက ဗွီအိုအေကို ပြောပါတယ်။

" ကျနော်ကတော့ တောင်တွင်းကြီးမြို့နယ် ၁၁ရက်၊ ၁၂ရက်လောက်က ရွာခြေအထိ ကမ်းလုံးပြည့် ရေလာပစ်တာ၊ အဲဒီက တကွင်းလုံးက ရေမြုပ်ပဲ၊ အခုအချိန်အထိ ဘာမှလုပ်စားလို့ မရတော့ဘူး။ ကျနော်တို့က ကုန်စိမ်းအရမ်းထွက်တဲ့ နေရာပေါ့။ ခရမ်း၊ ငရုပ်၊ ပြောင်းဖူး၊ ဖရုံ၊ မျိုးစုံစိုက်တာပေါ့ အဲဒါတွေက ဘာမှလုပ်စားမရတော့ဘူး။ ကျနော်ထင်တာက တပတ်လောက်ဆိုရင် ကုန်စျေးနှုန်းတွေက ကုန်စိမ်းပေါ့ ထပ်ပြီးတက်မဲ့အနေအထား ရှိတယ်။ ဒီမှာရှိတဲ့ လက်ရှိဥစ္စာတွေက ပြတ်တောက်သွားပြီလေ။ အခုရနေတဲ့ ဟာလေးတွေက မသေခင်ခူးပြီး ပို့တဲ့ဥစ္စာတွေပဲ။"

ယခင်မှတ်တမ်းရုပ်ပုံ | ရန်ကုန်စူပါမားကတ်တခုမှာ ဈေးဝယ်နေကြသူများ
ယခင်မှတ်တမ်းရုပ်ပုံ | ရန်ကုန်စူပါမားကတ်တခုမှာ ဈေးဝယ်နေကြသူများ

ရန်ကုန်လက်ကားစျေးတွေမှာ ဂေါ်ဖီတထုပ်ကို ၁၀,၀၀၀ ကျပ်၊ ငရုပ်သီးစိမ်း တပိဿာကို ၁၀,၀၀၀ ကျပ်၊ ခရမ်းချဉ်သီး တပိဿာကို ၅,၀၀၀ ကျပ်၊ ဘိုစားပဲ တပိဿာကို ၁၂,၀၀၀ ကျပ်၊ မုန်ညှင်းထုပ် တပိဿာကို ၁၂,၀၀၀ ကျပ် ရှိပါတယ်။ ရေမကြီးခင်က တပိဿာကို ၃,၀၀၀၊ ၄,၀၀၀ စျေးနှုန်းတွေကနေ ခုန်တက်လာတဲ့ စျေးတွေဖြစ်ပါတယ်။ တချို့ ကုန်စိမ်းတွေကို ဝယ်လို့မရကြောင်း လက်ကားရောင်းချသူတွေက ပြောပါတယ်။ ရှမ်းပြည်နယ် အောင်ပန်းမြို့ဘက်က ခရမ်းချဉ်သီးကတော့ မပျက်စီးလို့ ဒီရက်ပိုင်း စျေးကွက်ဝင်လာပြီး စျေးပြုတ်ကျသွားနိုင်ကြောင်း လက်ကားကုန်စည်ဒိုင် ပိုင်ရှင်တဦးက ပြောပါတယ်။

"ရန်ကုန်ဝင်မှာက ခရမ်းချဉ်တို့၊ အာလူးတို့ ဝင်မှာပေါ့၊ အာလူးက ဒီမှာလည်းရှားတော့ စျေးတက်မှာပဲ။ ပန်းပွင့်တို့၊ ဂေါ်ဖီတို့ကတော့ တက်မှာပဲ၊ ဒီမှာတွေတောင် ၈၀၀ ဖြစ်ပြီဆို အဲဘက် (ရန်ကုန်)ဆို တော်တော်စျေးမြင့်မှာပဲ။ ဒါလမ်းခရီးမှာ ပျက်တာတို့ဘာတို့ အဲလိုမျိုးရှိတာကိုး။ ဒီအောင်ပန်းမှာလည်း တော်တော် အသီးအနှံပျက်တာကိုး။ ရန်ကုန်တွေဘာညာက ပစ္စည်းမရလို့သာ ခဏလေးတဖြုတ်ပဲ တက်မှာပေါ့ ခရမ်းချဉ်ကတော့ အဲလောက်ကြီး မတက်သွားနိုင်ဘူး ဒီရက်ပိုင်းလေးပဲ ၇,၀၀၀၊ ၈,၀၀၀ တချို့ကနေရာတွေ ဖြစ်ကုန်တာကိုး။"

စစ်ကောင်စီ သတင်းထုတ်ပြန်ချက်မှာတော့ မြို့နယ်ပေါင်း ၅၆ မြို့နယ်မှာ ရေကြီးရေလျှံဖြစ်ခဲ့တယ်လို့ ဖေါ်ပြထားပါတယ်။ နေပြည်တော်နယ်မြေမှာတင် မိုးသီးနှံစိုက်ဧက ၄၇,၀၀၀ လောက် ရေနစ်မြုပ်ခဲ့တယ်လို့ ပြောပါတယ်။ လက်ရှိမှာ ဧရာဝတီတိုင်းကနေ ကုန်စိမ်းသီးနှံတချို့ တွေ အ၀င်ရှိနေတယ်လို့ ကုန်သည်တွေက ပြောပါတယ်။ ဒါပေမဲ့ မြန်မာပြည် အထက်ပိုင်းကဆင်းလာတဲ့ ရေတွေကြောင့် အဲဒီက မြို့နယ်တချို့မှာ စိုက်ပျိုးမြေတွေ နောက်တကြိမ် ရေလွှမ်းစပြုနေပြီ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG