ယာဂီ မုန်တိုင်း နောက်ဆက်တွဲ အဖြစ် မြန်မာနိုင်ငံမှာ နှစ် ပေါင်း ၆၀ အတွင်း အပြင်းထန်ဆုံးတွေထဲက တခု ဖြစ်တဲ့ ရေကြီးမြေပြိုမှုတွေကြောင့် သေဆုံးသူ အနည်းဆုံး ၇၄ ဦး အထိ ရှိလာခဲ့ပြီး လူ ၈၉ ဦး ပျောက်ဆုံးနေကြောင်း စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ အစိုးရ ရုပ်မြင်သံကြားက စနေနေ့က ထုတ်ပြန်ပါတယ်။ ဒါဟာ သောကြာနေ့ က စစ်ကောင်စီက တရားဝင်ထုတ်ပြန်ခဲ့တဲ့ သေဆုံးသူဦးရေ ၃၃ ဦးထက် နှစ်ဆကျော်ပိုများလာတာပါ။
စစ်အာဏာသိမ်း ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြည်ပနိုင်ငံတွေဆီက ကယ်ဆယ်ရေး အကူအညီတွေ တောင်းခံကြောင်း နိုင်ငံပိုင်မီဒီယာက ဖော်ပြခဲ့ပြီးနောက် အခုလို ကိန်းဂဏန်းအသစ်တွေကို ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့် ကူညီကယ်ဆယ်ရေး လုပ်ဆောင်နေသူတွေရဲ့ ပြောဆိုချက်မှာတော့ လူ ရာနဲ့ချီ သေဆုံးနိုင်သလို ပျောက်ဆုံးနေသူတွေ လည်း အများအပြား ရှိနေလို့ သေဆုံးသူ အရေအတွက် ပိုများလာမှာကို စိုးရိမ်ကြောင်း ပြောပါတယ်။ ရေဘေးကြောင့် ပျက်စီး ဆုံးရှုံးမှုနဲ့ ထိခိုက်မှု အကျယ်အဝန်း ပမာဏက များပြားပြီး အခု အချိန်မှာ အတိအကျ ခန့်မှန်းနိုင်ဖို့ ခက်တယ်လို့ ဆိုကြပါတယ်။ မုန်တိုင်းကြောင့် မြန်မာနိုင်ငံမှာ လူပေါင်း ၂၄၀,၀၀၀ နီးပါး အိုးမဲ့အိမ်မဲ့ ဖြစ်နေကြောင်းလည်း ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေသူတွေက ပြောပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ပွဲနဲ့ မငြိမ်မသက်မှုတွေကြောင့် မြန်မာနိုင်ငံမှာ မုန်တိုင်းမတိုင်မီကတည်းက နေရပ် စွန့်ခွာသူ ရွှေ့ပြောင်းနေထိုင်သူ ၃ ဒသမ ၄ သန်းရှိနှင့်ပြီ ဖြစ်တယ်လို့လည်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီက ထုတ်ပြန်ထားပါတယ်။ တိုင်ဖွန်း ယာဂီ Yagi ဟာ ဗီယက်နမ်၊ ထိုင်းမြောက်ပိုင်းနဲ့ လာအိုတို့ကို ဝင်ရောက်တိုက်ခတ်ခဲ့ပြီး လူပေါင်း ၂၆၀ ကျော် သေဆုံးကာ ကြီးကြီးမားမား ပျက်စီးမှုတွေ ဖြစ်ပေါ်စေခဲ့တာပါ။
မြန်မာနိုင်ငံမှာတော့ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးတို့လို နိုင်ငံ အလယ်ပိုင်း မြေနိမ့်ပိုင်းဒေသတွေ အပြင် ရှမ်းပြည်နယ် အရှေ့ပိုင်းနဲ့ စစ်ကောင်စီ ရုံးစိုက်နေတဲ့ မြို့တော်နေပြည်တော်မှာပါ ဗုဒ္ဓဟူးနေ့က စပြီး ရေနစ်မြုပ်နေတာပါ။ ယူနက်စကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ရှေးဟောင်းမြို့တော် ပုဂံမှာလည်း စံချိန်တင် မိုးရွာသွန်းမှုကြောင့် အပျက်အစီးတချို့ ရှိတယ်လို့ ပြည်တွင်းမီဒီယာတွေမှာ ဖော်ပြပါတယ်။
စနေ ညပိုင်း အစိုးရ သတင်း ထုတ်ပြန်ချက်မှာတော့ နိုင်ငံအလယ်ပိုင်းနဲ့ အရှေ့ပိုင်းဒေသတွေမှာ ရေကြီးမှုကြောင့် တံတား ၂၄ စင်း၊ စာသင်ကျောင်း ၃၇၅ ဆောင်၊ ဘုန်းကြီးကျောင်း (၁) ကျောင်း၊ ဆည် (၅) ခု၊ စေတီ (၄) ဆူ၊ လျှပ်စစ်ထရန်စဖော်မာ ၁၄ လုံး၊ မီးတိုင် ၄၅၆ တိုင်နဲ့ လူနေအိမ် ၆၅,၀၀၀ ပျက်စီးခဲ့တယ်လို့ ပြောပါတယ်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ စစ်ကောင်စီ ထိပ်တန်း အရာရှိတွေဟာ ရေလွှမ်းနေတဲ့ ဒေသတွေကို ကြည့်ရှုစစ်ဆေးကာ ကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေ လုပ်ဆောင်နေကြောင်းလည်း အစိုးရပိုင် မြန်မာ့အလင်း သတင်းစာမှာ ဖော်ပြပါတယ်။ မုန်တိုင်းဒဏ်ခံခဲ့ရတဲ့ တခြားနိုင်ငံတွေလိုပဲ ဒုက္ခသည်တွေအတွက် ကယ်ဆယ်ရေး အကူအညီတွေကို နိုင်ငံခြားတိုင်းပြည်တွေနဲ့ ဆက်သွယ်ရယူဖို့ကိုလည်း တာဝန်ရှိသူတွေကို စစ်ခေါင်းဆောင်က ညွှန်ကြားထားကြောင်း ပြောပါတယ်။
မြန်မာနိုင်ငံမှာ မုတ်သုံရာသီတွေ ဆိုရင် နှစ်စဉ်နီးပါး ဆိုးရွားတဲ့ ရာသီဥတုကို ရင်ဆိုင် ကြုံတွေ့ရလေ့ ရှိပြီး ရေကြီး ရေလျှံမှုတွေလည်း မကြာခဏ ဖြစ်လေ့ရှိပါတယ်။ ၂၀၀၈ ခုနှစ်တုန်းကတော့ နာဂစ်ဆိုင်ကလုန်းမုန်တိုင်းကြောင့် လူပေါင်း ၁၃,၈၀၀၀ ကျော် သေဆုံးခဲ့ရပါတယ်။ အဲဒီတုန်းက အုပ်ချုပ်နေတဲ့ စစ်အစိုးရကတော့ နိုင်ငံတကာအကူအညီကို လက်ခံဖို့ နှောင့်နှေးခဲ့သလို နောက်ဆုံး အာဆီယံ အဖွဲ့ရဲ့ ကြားဝင် စေ့စပ်မှုကြောင့် အကူအညီတွေ ဝင်ရောက်ခွင့် ရချိန်မှာလည်း ဖြန့်ဖြူးမှုတွေကို တင်းတင်းကျပ်ကျပ် ထိန်းချုပ်ခဲ့လို့ နိုင်ငံတကာမှာ ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။
Forum