သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုင်ဖွန်း Yagi မြန်မာအရှေ့ခြမ်း မိုးများရေကြီးဖွယ်ရှိ


ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့အရှေ့ဘက် Cainta မြို့မှာ တိုင်ဖွန်းမုန်တိုင်း ရာဂီကြောင့် လမ်းပေါ်ရေလွှမ်းနေတဲ့မြင်ကွင်း။ (စက်တင်ဘာ ၃၊ ၂၀၂၄)
ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့အရှေ့ဘက် Cainta မြို့မှာ တိုင်ဖွန်းမုန်တိုင်း ရာဂီကြောင့် လမ်းပေါ်ရေလွှမ်းနေတဲ့မြင်ကွင်း။ (စက်တင်ဘာ ၃၊ ၂၀၂၄)

တောင်တရုတ်ပင်လယ်ကိုဖြတ်ပြီး ဟိုင်နန်ကျွန်းဘက်ကို အားကောင်းကောင်းနဲ့ ဦးတည်သွားနေတဲ့ အပူပိုင်းမုန်တိုင်းတိုင်ဖွန်း Yagi (ရာဂီ) ကြောင့် ဘင်္ဂလားပင်လယ်အော်ထဲမှာ လေဖိအားနည်းရပ်ဝန်းတခု ဖြစ်လာနိုင်ခြေရှိနေတယ်လို့မိုးလေဝသ ပညာရှင်တွေက ခန့်မှန်းထားပါတယ်။ တိုင်ဖွန်း Yagi ကြောင့် မြန်မာအရှေ့ပိုင်းတွေမှာ မိုးများ၊ ရေကြီးနိုင်သလို လေဖိအားနည်း ရပ်ဝန်းကြောင့် မုတ်သုန်လေ တကျော့ပြန် အားကောင်းနိုင်ပြီး တချို့နေရာတွေမှာ ရေကြီးရေလျှံတွေ ဖြစ်လာနိုင်ခြေ ရှိပါတယ်။ ဒီအကြောင်းသတင်းပေးပို့ချက်ကို ကိုဇော်မိုးကျော်က တင်ပြပေးထားပါတယ်။

တိုင်ဖွန်းမုန်တိုင်းဖြစ်လာတဲ့ တောင်တရုတ်ပင်လယ်ထဲက အပူပိုင်းမုန်တိုင်း ရာဂီ (Yagi) ရဲ့ သက်ရောက်မှုကြောင့်မြန်မာနိုင်ငံအရှေ့ခြမ်းနဲ့ စစ်ကိုင်းတိုင်းနေရာ တချို့မှာ မိုးစတင်ရွာနေပြီး ဘင်္ဂလားပင်လယ်အော်ထဲမှာလည်းစက်တင်ဘာ ၇ ရက်မှာ လေဖိအားနည်းရပ်ဝန်းကို ဖြစ်လာနိုင်ခြေရှိနေတယ်လို့ မိုးလေဝသပညာရှင်တွေက ခန့်မှန်းနေပါတယ်။

တောင်တရုတ်ပင်လယ်မှာဖြစ်တဲ့ မုန်တိုင်းဆိုပေမဲ့ မြန်မာနိုင်ငံအတွက်လည်း အကျိုးသက်ရောက်မှု အတော်လေးပေးနိုင်တဲ့ မုန်တိုင်း ဖြစ်တယ်လို့ လေကြောင်း မိုးလေဝသပညာရှင် ဦးဝေဖြိုးဟန်က ဗွီအိုအေကို ပြောပါတယ်။ မုန်တိုင်းရဲ့ဗဟိုလေဖိအားက 994 hPa (hectoPascals) လောက် လျော့ကျလာလို့ မြန်မာနိုင်ငံ တောင်ပိုင်းဒေသတွေမှာ မနက်ဖြန်စက်တင်ဘာ ၅ ရက်ကစပြီး သက်ရောက်မှုတွေ ရှိလာနိုင်ကြောင်း သူကပြောပါတယ်။

"ဘာကြောင့်လဲဆိုတော့ သူ့ရဲ့ (Yagi) center pressure က နည်းနေတော့ မုတ်သုန်လေကို သူကဆွဲခေါ်နေတာ။ ဆွဲခေါ်နေတော့ မြန်မာနိုင်ငံ တောင်ဘက် မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်း ဒေသကြီး၊ဧရာဝတီတိုင်းဒေသကြီးနဲ့ မုတ္တမကွေ့တို့မှာ မနက်ဖြန်ကစပြီး မိုးကြီးတော့မှာပေါ့ဗျာ။ သူ့ရဲ့အကျိုးသက်ရောက်မှုကမုတ်သုန်လေကို အလွန်အားကောင်းလာစေပြီး ဘယ်နေ့အထိသွားမှာလဲဆိုရင် ၇ ရက်အထိပေါ့။ ပဲခူးတိုင်းဒေသကြီးတောင်ပိုင်းတွေမှာ ၃ ရက်လောက်ဟာ နေ့တိုင်းမိုးကြီးတော့မယ်။ ဒါက ပထမဆုံးသူ့ရဲ့ စတင် affect သက်ရောက်တဲ့ဟာပေါ့နော်။"

စက်တင်ဘာ ၇ ရက်လောက်မှာ ရာဂီမုန်တိုင်းက ဗီယက်နက်နိုင်ငံကို ဖြတ်သွားမှာဖြစ်လို့ ၈ ရက်မှာတော့ ရှမ်းပြည်နယ်အရှေ့ပိုင်းမှာ မိုးရေချိန်က ၂ လက်မအထက်အထိ ရွာသွန်းနိုင်ခြေရှိနေကြောင် သူပြောပါတယ်။ တောင်ကျချောင်းရေရုတ်တရက်စီးလာတာ၊ လမ်းပိတ်တာတွေကို သတိထားရမယ်လို့ ပြောပါတယ်။ မန္တလေးမြောက်ပိုင်း ဒေသတွေကစက်တင်ဘာ ၉ ရက်မှာ အထူးဂရုစိုက်ရမယ်လို့ သူကပြောပါတယ်။

"ပြီးရင် စစ်ကိုင်းတိုင်ဒေသကြီး အောက်ပိုင်း၊ ၁၀ ရက်နေ့ပေါ့။ အကျိုးသက်ရောက်မှု များနိုင်တယ်။ မိုးနဲ့အတူလေပြင်းအန္တရာယ်ရှိတယ်ပေါ့။ Moonson Trough (မုတ်သုံမြောင်တန်း) အပြင် ဘာဖြစ်လာလဲဆိုတော့ သူက မုန်တိုင်းကနေလာတာဖြစ်လို့ ၉ ရက်နေ့ကတော့ မြန်မာနိုင်ငံ အလယ်ပိုင်း လေပြင်းအန္တရာယ် အနည်းငယ်ရှိတာပေါ့။ မကွေးတိုင်းကတော့အရမ်းကြီးများဘူးပေါ့။ မန္တလေးတိုင်းကတော့ မိုးကတစိမ့်စိမ့် စွေရွာရင် သစ်ပင်ကြီးတွေ ရေအစိုများပြီး လဲတာမျိုးတွေ၊ အိမ်ခေါင်ပိ အဲဒါမျိုးတွေ ဖြစ်နိုင်တယ်။ ဒါပေမဲ့ မုန်တိုင်းတိုက်ရိုက် ဝင်တာမဟုတ်လို့ အန္တရာယ်မကြီးပေမဲ့လည်းမိုးကတော့ သေချာပေါက် များမှာပေါ့ဗျာ။"

ဩဂုတ်လ အစောပိုင်းမှာလည်း မြန်မာနိုင်ငံအထက်ပိုင်းက စတင်ခဲ့တဲ့ မိုးကြီး ရေလျှံမှုတွေကြောင့် တနိုင်ငံလုံး နေရာအနှံ့အပြားမှာ အချိန်ကြာကြာ ရေလွှမ်းမိုးခဲ့ပါတယ်။ ၂၀၀၄ ခုနှစ်က ရေနစ်မြုပ်ခဲ့တဲ့စံချိန်အထိကို ရောက်ခဲ့တာလို့ထုတ်ပြန်ချက်တချို့က ဖော်ပြထားပါတယ်။ တလလုံးနီးပါး ရေကြီးခဲ့လို့ စိုက်ပျိုး၊ မွေးမြူရေးမှာ ဆုံးရှုံးမှုတွေလည်း ရှိခဲ့ပါတယ်။ ဩဂုတ်လအကုန် စက်တင်ဘာအစမှာ ဒုတိယ ရေကြီးကာလ ဖြစ်နိုင်ခြေရှိတယ်လို့ ကြိုတင်ခန့်မှန်းထားတာလည်း ရှိပါတယ်။ ပြည်တွင်း သတင်းတချို့ရဲ့ ဖော်ပြချက်အရ ဩဂုတ်လထဲမှာ လူဦးရေ ၂ သိန်းနီးပါး ရေဘေးလွတ်ရာ ရှောင်တိမ်းခဲ့ရတာလည်း ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG