သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စားသုံးကုန်တွေ ဈေးလျှော့ရောင်းမယ့် အစီအစဉ်အပေါ် လုပ်ငန်းရှင်တွေသဘောထား


ရန်ကုန်ဆိပ်ကမ်းတခုမှာ ဆန်အိတ်ချနေတဲ့ အလုပ်သမားတဦး (ဇွန် ၂၈၊ ၂၀၂၃)
ရန်ကုန်ဆိပ်ကမ်းတခုမှာ ဆန်အိတ်ချနေတဲ့ အလုပ်သမားတဦး (ဇွန် ၂၈၊ ၂၀၂၃)

ဒီနေ့ တနင်္လာနေ့ကစပြီး အိမ်ထောင်စုတခုကို ဆန်တအိတ်နှုန်း လျှော့ဈေးနဲ့ ရောင်းချသွားမယ်လို့ ဆန်စပါးအသင်းချုပ်က သတင်းထုတ်ပြန်လိုက်ပါတယ်။ ကုန်ဈေးနှုန်း ကြီးမြင့်မှု ထိန်းချုပ်ဖို့အတွက် ဆန်နဲ့ စားအုန်းဆီ လုပ်ငန်းရှင်တွေကို စစ်ကောင်စီက ဒီရက်ပိုင်းထဲမှာ ခေါ်ယူစစ်ဆေးပြီးတဲ့နောက် ပြင်ပပေါက်ဈေးထက် ဈေးလျှော့ပြီး ရောင်းချဖို့ စီစဉ်ခဲ့တာပါ။ စားသုံးကုန်တွေ ဈေးလျှော့ရောင်းဖို့ စစ်ကောင်စီရဲ့ ဖိအားပေးနေပေမဲ့ လက်တွေ့မှာ စိန်ခေါ်မှုတွေ ရှိနေတဲ့အကြောင်း ရန်ကုန်က သတင်းပေးပို့လာတာကို အခြေခံပြီး ကိုငြိမ်းချမ်း တင်ပြထားပါတယ်။

အိမ်ထောင်စုစာရင်းနဲ့ မှတ်ပုံတင်ပြနိုင်တဲ့ အိမ်ထောင်စုတခုကို တလလျှင် ဆန်တအိတ်နှုန်းကို ပုံမှန်စျေးထက် လျော့ပြီး ရောင်းချပေးသွားမယ်လို့ ဆန်စပါးအသင်းချုပ်က ဒီနေ့ တနင်္လာနေ့မှာ ထုတ်ပြန်လိုက်တာပါ။ ဆန်တအိတ်ကို ၁၃၅,၀၀၀ ကျပ်နဲ့ ၁၄၅,၀၀၀ ကြား၊ ရိုးရိုးဆန်ကို ၇၂,၀၀၀ ကျပ်နဲ့ ၇၅၀၀၀ကျပ်ကြား စျေးနှုန်းနဲ့ ရောင်းချပေးနေတယ်လို့ ထုတ်ပြန်ထားပါတယ်။ ဒါပေမဲ့ ရန်ကုန်က ဆန်ကုန်စည်ဒိုင် နှစ်ခုမှာပဲ ရောင်းချပေးမှာဖြစ်တဲ့အတွက် စားသုံးသူတွေအနေနဲ့ အဲဒီ ၂ နေရာကိုပဲ သွားရောက်တန်းစီ၀ယ်ယူဖို့ အခက်အခဲတွေရှိနေကြောင်း ရန်ကုန်ဒေသခံတွက ဆိုပါတယ်။

ပြည်တွင်းမှာ အစားများတဲ့ ဆန်ချောကလည်း ၂၄ပြည်တအိတ်ကို အခုဇွန်လထဲမှာ ကျပ်၂သိန်းနီးပါးအထိ စျေးတက်ခဲ့တာပါ။ ဒါကြောင့် ဆန်နဲ့ဆီကုန်သည်တချို့ကို စစ်ကောင်စီက ခေါ်ယူစစ်ဆေးခဲ့တယ်ဆိုတဲ့ အသံတွေထွက်ပေါ်ခဲ့ပြီး အခုလို ပြင်ပစျေးနှုန်းထက် လျှော့ပြီးရောင်းချလာတာပါ။

ပြင်ပစျေးကွက်မှာတော့ ဆန်စျေး၊ ဆီစျေးက ကုန်စည်ဒိုင်တွေသတ်မှတ်ထားထက် စျေးတွေထက် အဆမတန် ကြီးနေတာကို တွေ့ရပါတယ်။ ပေါက်စျေးနှုန်း အမျိုးမျိုးဖြစ်နေလို့ ပုံမှန်ဝယ်လက်တွေက စျေးအပြောင်းအလဲကို စောင့်ကြည့်နေကြောင်း နယ်က ဆန်လက်ကား ရောင်းချသူတဦးက ပြောပါတယ်။

" နယ်ဘက်ကဆိုင်တွေက အရောင်းကမရပ်ဘူး ဒါပေမဲ့ ဝယ်မဲ့သူတွေက ပါးသွားတာ။ သူတို့လည်း စောင့်ကြည့်တာနဲ့တူတယ်။ စားသုံးဖို့ ဝယ်မဲ့သူကလည်း လောလောဆယ်မှာ ကျဖို့ဘာညာ မျှော်လင့်တာနေမယ် အဲဒီတော့ ဒီအတိုင်းတန့်နေတာ။ အရင်တုန်းကဆို (စျေး)တက်တာတို့ ဘာတို့ဆို နည်းနည်း ပိုဝယ်ထားကြတာ၊ အခုကြတော့ ကျမှာဘာညာဆိုတော့ သူတို့လည်း စောင့်ကြည့်တဲ့သဘော အဲလိုတွေက များနေတယ်။"

လျှော့ဈေးနဲ့ရောင်းပေးနေတဲ့ စားအုန်းဆီကို ဝယ်ယူဖို့တန်းစီနေတဲ့ ရန်ကုန်မြို့ခံများ (သြဂုတ် ၁၈၊ ၂၀၂၂)
လျှော့ဈေးနဲ့ရောင်းပေးနေတဲ့ စားအုန်းဆီကို ဝယ်ယူဖို့တန်းစီနေတဲ့ ရန်ကုန်မြို့ခံများ (သြဂုတ် ၁၈၊ ၂၀၂၂)

တချို့နေရာတွေမှာ ပစ္စည်းပြတ်မှာစိုးပြီး မရောင်းချတဲ့ နေရာတွေလည်း ရှိပါတယ်။ City Mart လို လက်လီဆိုင်ကြီးတွေတောင် ဒီရက်ပိုင်းမှာ ဆန်နဲ့ ဆီတွေကို အရောင်းစင်ပေါ်ကနေ ခဏသိမ်းဆည်းခဲ့တာကို တွေ့ရပါတယ်။ တဖက်မှာလည်း ဆန်နဲ့ စားအုန်းဆီ စျေးနှုန်းတွေကို လျှော့ချရောင်းချဖို့ စစ်ကောင်စီက ကုန်သည်အသင်းတွေကို ဖိအားပေးထားပေမဲ့ အဆင့်ဆင့် လာဘ်ပေးလာဘ်ယူတွေကြောင့် ပြင်ပ စားအုန်းဆီစျေးကို မထိန်းချုပ်နိုင်ကြောင်း ဆီလုပ်ငန်းရှင်တဦးက ဗွီအိုအေကို ပြောပါတယ်။

ခွဲတမ်းနဲ့ တင်သွင်းလာတဲ့ စားအုန်းဆီကို တပိဿာ ၅,၄၀၀ ကျပ်နဲ့ ရောင်းချဖို့ ဆီကုန်သည်များ အသင်းက သတ်မှတ်ထားပေမဲ့ အောက်ခြေမှာတော့ ဒီစျေးကို ဟန်ပြရောင်းချပြီး အများစုကို စျေးကြီးကြီးနဲ့ ရောင်းပြီး အကျိုးအမြတ် ရရှိနေကြတာပါ။ စားအုန်းဆီရောင်းချတဲ့ လုပ်ငန်းရှင်တဦးက အခုလို ပြောပါတယ်။

" အပေါ်ကနေ အောက်ထိအောင် အဆင့်လိုက် စားသောက်နေတဲ့ကိစ္စကိုး၊ အကုန်စားနေတာ။ နယ်တွေကြတော့လည်း မတော်တလျော်လေး အရင်(လူတယောက်ကို) ၅၀ သားပေးတယ်ဗျာ၊ အခုတော့ ဒီလကုန်ုရင် တပိဿာပေးမယ်လို့ ပြောတာပဲ။ အဲဒါကလည်း တပတ်မှ တခါလောက်ပေးတဲ့ သဘောကိုး။ ၅ပီပါလောက်ရတယ်ဆို နည်းနည်းဒုတိယကောင်က ၃ပီပါလောက်၊ ကျန်တဲ့သူက တပီပါ၊ ပုံးဝက်ပေါ့ဗျာ အဲဒါလေးတွေကို အရောင်းလေးပြပြီး ကျန်တာ ကိုယ့်နည်းကိုယ့်ဟန်နဲ့ လုပ်စားနေတာ။ ကူးသန်းဝန်ကြီးတို့ ဘာတို့ကလည်း ငါတို့ကို တပိဿာ တထောင်ပေးကွာ မင်းတို့သွင်းချင်တဲ့သူသွင်း အကြမ်းဖျင်း ငါတို့နားလည်သလို ဆီစျေး ၇ထောင်ထက် ကျော်မရောင်းနဲ့ကွာဆိုရင် ပြီးပြီပဲဗျာ။ ဒါပေမဲ့ အဲလိုချည်းကျ မဖြစ်ကြဘူး။ အခုဟာက လူနည်းစုလေးတွေ ပိုလုပ်စား ဓားမြတိုက်ခိုင်းတာနဲ့ တူတူပဲ။ သဘောက ၁၀ ပီပါလာတဲ့ကိစ္စက ၃ ပီပါလောက်ပြပြီးတော့ ၆ ပီပါလောက်က ထက်ဝက်စျေးလောက် ပြန်ရောင်းရနေတာ။ အရေးယူမဲ့ လူချင်းတွေပေါ့နော် အိတ်ထဲထည့်ပေးထားလိုက်တာပဲ။ အဲဒီတော့ ဘယ်လိုလုပ် ဒီအဖြေက ပေါ်တော့မလဲနော်။"

ဒါအပြင် ဆန်ကြိတ်ခွဲဖို့ လျှပ်စစ်မရတာ၊ လာဘ်ပေးလာဘ်ယူတွေကြောင့် ကုန်စျေးနှုန်းစျေးကျဖို့ထက် စျေးကွက်ကမောက်ကမ ဖြစ်နိုင်တဲ့အခြေအနေက ပိုများကြောင်း လုပ်ငန်းရှင်တွေက သုံးသပ်ကြပါတယ်။ ၂၀၂၃ ဩဂုတ်လတုန်းကလည်း စားအုန်းဆီ လုပ်ငန်းရှင်များအသင်း တာဝန်ရှိသူတွေ အပါအဝင် ကုန်သည်တချို့ကို သတ်မှတ်ထားတဲ့ ရည်ညွှန်တန်ဖိုးနဲ့ မရောင်းတဲ့အတွက် စစ်ကောင်စီက ဖမ်းဆီးစစ်ဆေးခဲ့ပါတယ်။ အဲဒီကတည်းက လက်လီစျေးကွက်မှာ စားအုန်းဆီတပိဿာကို ကျပ် ၁၀,၀၀၀ လောက် ရှိနေခဲ့တာပါ။ အခုတော့ ပြင်ပမှာ စားအုန်းဆီ တပိဿာကို ကျပ် ၁၀,၀၀၀ ကျော်သွားပြီဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG