သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ခွင့်ပြုချက်မရှိဘဲ စက်သုံးဆီ သိုလှောင်သူတွေ အရေးယူဖို့ စစ်ကောင်စီသတိပေး


ရန်ကုန်စက်သုံးဆီအရောင်းဆိုင် (အောက်တိုဘာ၊ ၂၀၂၃)
ရန်ကုန်စက်သုံးဆီအရောင်းဆိုင် (အောက်တိုဘာ၊ ၂၀၂၃)

မြန်မာနိုင်ငံမှာ မကြာသေးခင်ရက်ကစ လောင်စာဆီ ရှားပါးမှုသတင်းတွေ ထွက်ပေါ်နေချိန်မှာပဲ တရားမဝင် သိုလှောင်ရောင်းချသူတွေကို အရေးယူမယ်လို့ အာဏာပိုင်တွေက သတိပေးလိုက်ပါတယ်။ ခွင့်ပြုချက် လိုင်စင်မရှိဘဲ ဂါလံ ၅၀ ထက်ပိုပြီး စက်သုံးဆီတွေကို ပို့ဆောင်တာ၊ သိုလှောင်တာ၊ ရောင်းချတာတွေ တွေ့ရှိခဲ့ရင် ထောင်ဒဏ်၊ ငွေဒဏ် အပြစ်ပေး အရေးယူခံရမှာဖြစ်ကြောင်း သတိပေးခဲ့တာပါ။

ဥပဒေချိုးဖောက်ကြောင်း စစ်ဆေးတွေ့ရှိရင် အနည်းဆုံးဒဏ်ငွေ ကျပ် ၃ သိန်းကနေ အများဆုံး သိန်း ၅၀၊ ဒါမှမဟုတ် ၁ နှစ်ထက် မပိုတဲ့ ထောင်ဒဏ်၊ ဒါမှမဟုတ် ပြစ်ဒဏ် ၂ ခုစလုံး ကျခံရနိုင်သလို၊ အမှုနဲ့ ဆက်စက်ပစ္စည်းတွေကို သိမ်းဆည်းခံရမယ်လို့လည်း စက်သုံးဆီ တင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီ အတွင်းရေးမှူး ဦးသန်းဇော်က နိုင်ငံပိုင်မီဒီယာတွေကို ပြောပါတယ်။ မကြာသေးခင်ရက်တွေကစ စက်သုံးဆီ ပြတ်လပ်မှု သတင်းတွေကြောင့် ရန်ကုန်လို့ မြို့ကြီးတွေ အပါအဝင် နေရာတော်တော်များများမှာ အလုအယက် တန်စီဝယ်ယူခဲ့ကြတာပါ။

မြန်မာအာဏာပိုင်တွေကတော့ ပြည်တွင်းမှာ သုံးစွဲဖို့ စက်သုံးဆီ အလုံအလောက် ရှိကြောင်း ပြောဆိုထားပြီး ကောလဟလ သတင်းတွေအပေါ် မစိုးရိမ်ကြဖို့လည်း တိုက်တွန်းထားပါတယ်။ စက်သုံးဆီ ပြတ်လပ်မှာ၊ ဈေးတက်မှာကို မစိုးရိမ်ကြဖို့နဲ့ လိုအပ်သလောက်သာ ဝယ်ယူကြဖို့လည်း ပြောဆိုခဲ့တာပါ။ မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလက အရပ်သား အစိုးရကို ဖယ်ရှားပြီး စစ်တပ်က အာဏာသိမ်းခဲ့ပြီးနောက်ပိုင်း နိုင်ငံရေး၊ စီးပွားရေး အကျပ်အတည်းတွေနဲ့အတူ ပြည်တွင်းသုံး ကျပ်ငွေတန်ဖိုး ကျဆင်းရာက စက်သုံးဆီတင်သွင်းမှုတွေမှာ ရိုက်ခတ်မှုတွေ ရှိနေတယ်လို့လည်း လုပ်ငန်းရှင် အသိုင်းအဝိုင်းက ပြောပါတယ်။

XS
SM
MD
LG