သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီ ဆန်ဈေးထိန်းချုပ်မှု လယ်သမားတွေ ဝေဖန်


Myanmar farmer
Myanmar farmer

အခုနှစ် မိုးစပါးပေါ်တဲ့အချိန်မှာ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က သတ်မှတ်လိုက်တဲ့ စျေးနှုန်းအတိုင်း ရောင်းချပေးရမယ်လို့ ဒီအသင်းက စက်တင်ဘာလ ၁၉ ရက်က ထုတ်ပြန်လိုက်ပါတယ်။ စစ်ကောင်စီ လက်အောက်ခံ ဆန်စပါးအသင်းချုပ်ရဲ့ သတ်မှတ်ဈေးနှုန်းထားဟာ လယ်သမားတွေအတွက် အကျိုးအမြတ် မရှိနိုင်ဘူးလို့ လယ်သမားအဖွဲ့အစည်းတွေက ဝေဖန်ပါတယ်။ ဒီအကြောင်း ရန်ကုန်ကပေးပို့လာတဲ့ သတင်းကို ကိုရဲမွန်က တင်ပြပေးပါမယ်။


နိုင်ငံတော်ရဲ့ လမ်းညွှန်ချက်နဲ့ ကုန်စျေးနှုန်း တည်ငြိမ်ရေးအတွက် ၂၀၂၃ ခုနှစ် မိုးစပါး စျေးနှုန်းတွေကို သတ်မှတ်လိုက်တယ်လို့ ဆန်စပါး ထုတ်လုပ်သူများအသင်း၊ စပါးကုန်သည်များအသင်း၊ ဆန်စက် လုပ်ငန်းရှင်များအသင်းနဲ့ ပို့ကုန်လုပ်ငန်းရှင်တွေက ထုတ်ပြန်ပါတယ်။

ဧည့်မထစပါး တင်း ၁၀၀ ကို အနိမ့်ဆုံးကျပ် ၁၃ သိန်းကနေ အမြင့်ဆုံး ကျပ် ၁၅ သိန်း၊ ဧရာပဒေသာ စပါးကို ကျပ် ၁၆ သိန်းကနေ ၁၈ သိန်း၊ ဧရာဝတီ ပေါ်ဆန်းကို ကျပ် ၁၆ သိန်းမှ ၁၈ သိန်း၊ ရွှေဘိုပေါ်ဆန်းကို ကျပ် ၁၈ သိန်းမှ သိန်း၂၀ စသဖြင့် အသီးသီး စျေးသတ်မှတ်လိုက်တာပါ။ စပါးပေါ်တဲ့အချိန်မှာ သင့်တင့်မျှတတဲ့ စျေးနှုန်းတွေဖြစ်ဖို့ အခုလို သတ်မှတ်ရတာလို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က ဒီလ ၁၉ ရက် အင်္ဂါနေ့က ထုတ်ပြန်ခဲ့တာပါ။

ဒီစျေးနှုန်းတွေနဲ့ဆိုရင် စျေးကွက်ပေါက်စျေးထက် နိမ့်နေပြီး အမြင့်ဆုံး သတ်မှတ်ထားတဲ့ စျေးနှုန်းနဲ့ ရောင်းချမှပဲ လယ်သမားတွေအတွက် အဆင်ပြေလိမ့်မယ်လို့ ပဲခူးတိုင်းနေ ဆန်ကုန်သည်တဦးက ဗွီအိုအေကို ပြောပါတယ်။

"ပျမ်းမျှ အားဖြင့်တော့ အဆင်တော့ပြေမှာပါ။ အရောင်းအဝယ် နည်းနည်းတော့ ခက်သွားမှာပေါ့ ခဏတော့။ ၁၅ သိန်း၊ ၁၆ သိန်း ဆိုတာကြီးကို အရင်တုန်းက စျေးတန်းတွေအရ ရှိတယ်ဆိုတာက လယ်ကွင်းထဲမှာ ဖြစ်တဲ့စျေးကိုး။ အခုက မြို့ပေါ်ရောက်မှ အဲ့ဒီစျေးဆိုတော့ သယ်ယူစရိတ်တွေက နည်းနည်း ပြန်ဟတော့မှာ လယ်သမားတွေက။ ၁၃ သိန်းနဲ့ ၁၅ သိန်း ဆိုတဲ့အထဲမှာ ၁၃ သိန်းက ဘယ်လိုမှ မဖြစ်နိုင်တာက အမှန်ပဲ။ ၁၅ သိန်း ဒီပတ်ဝန်းကျင် ဒီနားပဲ သွားနေမှာပဲ။ အားလုံးလည်း ဒီလောက်မှ အဆင်ပြေမယ့်သဘောပေါ့ နော။"

ပဲခူးတိုင်း၊ ဧရာဝတီတိုင်းမှာတော့ လယ်တဧကရဲ့ ပျမ်းမျှ ကုန်ကျစရိတ်က ကျပ် ၆ သိန်း အထက်ရှိပါတယ်။ ရခိုင်ပြည်နယ်မှာတော့ ဒေသနဲ့ မျိုးစပါးကိုလိုက်ပြီး ပျမ်းမျှ ကျပ် ၅ သိန်း ဝန်းကျင် ကုန်ကျစရိတ် ရှိပါတယ်။ အခုလို စပါးစျေးကို စျေးတခုနဲ့ ပုံသေ ဝယ်ယူသလို ဓာတ်မြေဩဇာနဲ့ စက်သုံးဆီ ကုန်ကျစရိတ်တွေကိုလည်း စျေးတန်းတခု သတ်မှတ်ပေးဖို့ လယ်သမားတွေက တောင်းဆိုကြပါတယ်။ လယ်တဧကကို အမြတ်အစွန်း အနည်းငယ်သာ ရတယ်လို့ ရခိုင်ပြည်လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂ ဥက္ကဋ္ဌ ဦးကျော်ဇံက ပြောပါတယ်။

" (ရခိုင်မှာ) ဒေသတခုနဲ့တခုနဲ့ တခုကတော့ ကွာခြားတယ်။ အထူးသဖြင့် စျေးကွက်ဝင် ဆန်စပါးကို စိုက်ပျိုးတဲ့အခါမှာ တောင်သူကြီးတွေ အနေနဲ့က စိုက်ဧကအလိုက် ရင်နှီးမြှုပ်နှံမှုကို များများစားစား လုပ်တာရှိတယ်။ အထူးသဖြင့် မျိုးကောင်းမျိုးသန့်နဲ့ နည်းပညာကို အခြေခံပြီး စိုက်ပျိုးကြတဲ့အခါမှာ စိုက်ပျိုးစရိတ်က ပိုပြီးကုန်တဲ့ သဘောရှိတယ်။ ဒါပေမဲ့ ဧရာဝတီလောက်တော့ ကျနော်တို့ဆီမှာ မကောင်းဘူးလို့ ပြောလို့ရတယ်။ အလွန်ဆုံးက ဒီဘက်မှာ (တဧက ကုန်ကျစရိတ်) ၄၈၀,၀၀၀- ၅၀၀,၀၀၀ အဲဝန်းကျင်မှာပဲရှိတယ် အများဆုံးပေါ့။ ဆိုတော့ လယ်သမားတယောက်က တဧကအထွက်နှုန်းကို သူ့ဒေသအလိုက် တွက်ကြည့်တဲ့အခါမှာ အမြတ်အစွန်းက တချို့ဆိုရင် ငါးသောင်း ဝန်းကျင်လောက်ပဲ မြတ်တာရှိတယ်။ တချို့ကတော့ တသိန်း၊ တသိန်း ကျော်ကျော်ပေါ့။ အများဆုံးကတော့ တသိန်းခွဲနဲ့ နှစ်သိန်းဝန်းကျင် အဲလောက်ပဲရှိတယ်။ တဧကရဲ့အမြတ်အစွန်းက။"

ပြည်တွင်းမှာ အခြေခံစားသောက်ကုန် ဆန်နဲ့ဆီတွေ စျေးတက်လာတာကြောင့် စစ်ကောင်စီက စျေးနှုန်းတွေကို ထိန်းချုပ်ဖို့ ကြိုးပမ်းလာခဲ့တာပါ။ စပါးကို နယ်ကျော်သယ်ခွင့် မပေးတော့သလို ဆန်စပါးရောင်းချတဲ့ အဆင့်တိုင်းမှာလည်း သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့တွေကို အသိပေးရမယ်လို့ ပြောဆိုထားပါတယ်။

ဆန်အိတ်ရေ ၁,၀၀၀ ဒါမှမဟုတ် စပါးတင်းပေါင်း ၅,၀၀၀ နဲ့အထက် သိုလှောင်ထားသူတွေ မှတ်ပုံတင်ရမယ်လို့ မေလအစောပိုင်းမှာ ထုတ်ပြန်ခဲ့ပြီး အခု စက်တင်ဘာထဲမှာ ကြပ်မတ်လာပါတယ်။ ဒါဟာ ပြည်တွင်းက ဆန်လက်ကျန်နဲ့ သိုလှောင်မှုပမာဏကို ခန့်မှန်းနိုင်ဖို့ စစ်ကောင်စီဘက်က ကြိုးပမ်းမှုတခုအဖြစ် မြင်နိုင်ကြောင်း သုံးသပ်သူတချို့က ပြောဆိုနေကြပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG