သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆန် စပါး အရောင်းအဝယ် ကန့်သတ်လာမယ့် အရေး ဈေးကွက်အတွင်း စိုးရိမ်


Myanmar Rice Production
Myanmar Rice Production

စပါးဝယ်ယူ၊ ကြိတ်ခွဲ၊ သိုလှောင်တဲ့အဆင့်တိုင်းကို စောင့်ကြည့်မှတ်တမ်းတင်ဖို့ စစ်ကောင်စီလက်အောက်ခံဆန်လုပ်ငန်းရှင်တွေက တနင်္ဂနွေနေ့က အစည်းအဝေးမှာ ဆုံးဖြတ်ခဲ့တယ်လို့ ဆန်ကုန်သည်တချို့က ဗွီအိုအေကို ပြောပါတယ်။ ပြည်တွင်းဆန်စျေးနှုန်းတွေကိုထိန်းချုပ်ဖို့ ပြည်ပဆန်တင်ပို့တာကို တလခွဲလောက်ရပ်နားထားမယ်လို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က ပြီးခဲ့တဲ့ရက်ပိုင်းက ဆုံးဖြတ်အပြီး ခုလိုသတင်း ထွက်ပေါ်လာတာပါ။ ခုလို ထိန်းချုပ်လာတာနဲ့ပတ်သက်လို့ လယ်သမားနဲ့ကုန်သည်အသိုင်းအဝိုင်းကြား ဝေဖန်မှုတွေ ရှိနေတဲ့အကြောင်း ရန်ကုန်ကပေးပို့လာတဲ့သတင်းကို နန််းလောင်ဝ်က တင်ပြပေးထားပါတယ်။

စပါးအရောင်းအဝယ်လုပ်တဲ့အဆင့်တိုင်းကိုထိန်းချုပ်ပြီး ပြည်တွင်းမှာ ဆန်စျေးတည်ငြိမ်နေဖို့ စစ်ကောင်စီဘက်က ကြိုးပမ်းလာတာဟာ လူတစုရဲ့ အကျိုးအမြတ်အတွက်သာဖြစ်တယ်လို့ ဆန်ကုန်သည်တချို့က ဝေဖန် ထောက်ပြကြပါတယ်။ စပါးတင်းရေ ၂၀,၀၀၀၊ ငွေပမာဏနဲ့ဆိုရင် ကျပ်ငွေ သိန်း၂,၀၀၀ ထက်ပိုပြီး လှောင်ထားခွင့်မရှိတော့သလို စောင့်ကြည့် ထိန်းချုပ်မှုစနစ်နဲ့လွတ်ကင်းနေတဲ့ ဆန်အရောင်းအဝယ်တွေကို စစ်ကောင်စီက အရေးယူဖို့အထိ ဖြစ်လာနိုင်ခြေ ရှိတယ်လို့ ပြောကြပါတယ်။ ဒီလို ထိန်းချုပ်လာတာက ဆန်စျေးနှုန်းကျသွားနိုင်ပေမဲ့ အောက်ခြေလယ်သမားတွေ အတွက်တော့ စိုက်ပျိုးစရိတ် ပြန်မကာမိတာတွေ ဖြစ်လာနိုင်ပါတယ်။

ဆန်ပို့ကုန်လုပ်ငန်းရှင်ကြီးတွေဟာ ပြည်တွင်းစျေးကျလာအောင် လုပ်ဆောင်တာမှာ ပါဝင်ပတ်သက်နေပြီး ပို့ကုန်အတွက်ဝယ်ယူတာမှာ အမြတ်များများ ကျန်ဖို့ ပြည်တွင်းဆန်စျေးနှုန်းတွေကျလာအောင် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေတာလို့ ဆန်ကုန်သည်တချို့က ဗွီအိုအေကို ပြောပါတယ်။ မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်းဝင် ကုန်သည်တဦးက ဗွီအိုအေကို အခုလို ပြောပါတယ်။

"မနေ့က လူကြီးတွေအစည်းအဝေးမှာပြောသံကြားတာ စျေးနှုန်းတက်တာကို သူတို့ ပြန်ထိန်းချုပ်မယ့်သဘော ရှိတယ်။ ပြီးတော့ အခု ဆန်စပါးက ရဲအရေးပိုင်ကိစ္စလို့ ပြောတယ်။ စပါးဝယ်တဲ့သူကလည်း smart card လုပ်ရမယ်။ ဆန်ရောင်းတဲ့သူက smart card လုပ်ရမယ်။ စက်ပိုင်ရှင်က smart card လုပ်ရမယ်။ အဲဒီ smart card ရှိမှ စပါးဝယ်ပိုင်ခွင့်ရှိမယ်။ ဥပမာ လယ်သမား တယောက်ဆီက ကျနော်က စပါးဝယ်လိုက်ပြီပေါ့။ ပြီးရင် ဒီစပါးကို ဘယ်စက်ကိုပို့လဲ။ အဲ့လို ရဲက လိုက်ထောက်မယ်။ အဲဒီစက်ကတဆင့် ကြိတ်ခွဲပြီးရင် ဒီဆန်ကို ဘယ်ကိုပို့မလဲပေါ့။ အဲ့လို လိုက်ထောက်ပြီးတော့ ကုန်က အများကြီး လှောင်ခွင့်မရှိတော့ သိတယ်မလား။ ရတဲ့စျေးနဲ့ ထုတ်ရောင်းရမှာလေ။ ဒီကုန်သည်တွေကတော့။"

ပြီးခဲ့တဲ့နွေကတော့ စပါးစျေးကောင်းပြီး တင်းတရာကို ကျပ် ၁၆ သိန်းလောက်ရတဲ့အတွက် စိုက်ပျိုးစရိတ်ကျေကြတယ်လို့ လယ်သမားတချို့က ဗွီအိုအေကို ပြောပါတယ်။ အခုတော့ ထိန်းချုပ်မှုတွေစလုပ်လာလို့ စပါးစျေးက ပြန်ဆင်းလာနိုင်ကြောင်း တချို့က ပြောပါတယ်။ အခု မိုးစပါးက တဧကကို ကျပ် ၅ သိန်းနဲ့ ၆ သိန်းကြား ကုန်ကျစရိတ်ရှိတဲ့အတွက် မနှစ်ကထက် ထက်ဝက်နီးပါး ပိုလာကြောင်း ဗမာနိုင်ငံလုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂများအဖွဲ့ချုပ် ဧရာဝတီတိုင်း တာဝန်ခံက ဗွီအိုအေကို ပြောပါတယ်။

" လယ်သမားလက်ထဲမှာက စပါးက မရှိတော့ဘူး။ အခုက ကုန်သည်လက်ထဲ ရောက်သွားပြီ။ အခုနေ ပိတ်တာ၊ မပိတ်တာက လယ်သမားအတွက် အကျိုးအမြတ်က ဘာမှမရှိဘူး။ စပါးပေါ်တဲ့အချိန်ပိတ်ရင်တော့ လယ်သမားအတွက်က စျေးနှိမ်ခံရတယ်။ သူတို့က လယ်သမားလက်ထဲကစပါးလည်း ကုန်လည်းကုန်ရော export ဖွင့်လိုက်ရင် ကုန်သည်တွေက နှစ်ဆသုံးဆ မြတ်ကုန်တာပဲပေါ့ဗျာ။ ဆိုတော့ အရှုံးခံပြီးတော့ ရောင်းမှာမဟုတ်ဘူး။ အပိတ်အဖွင့်က သူတို့ ကစားနေတယ်။"

ကမ္ဘာ့ဆန်ထုတ်လုပ်မှုရဲ့ ၉၀ ရာခိုင်နှုန်းရှိတဲ့ အာရှနိုင်ငံတွေဟာ အခုနှစ်ထဲ ပုံမှန်အတိုင်း ထုတ်လုပ်နိုင်ဖို့ရုန်းကန်နေရကြောင်း ကုန်စည်စျေးနှုန်းတွေကို စောင့်ကြည့်လေ့လာနေတဲ့ သုတေသန အဖွဲ့အစည်းတွေက ထုတ်ပြန်ထားပါတယ်။ ပုံမှန်ထက်စောတဲ့ အယ်နီညိုရာသီဥတုကြောင့် ကမ္ဘာကြီး ပိုမို ပူနွေးခြောက်သွေ့လာပြီး စိုက်ပျိုးထုတ်လုပ်မှုအပေါ် သက်ရောက်မှု ရှိလာတာပါ။ အယ်နီညိုရာသီဥတုက ဆန်ဝယ်ယူသူတွေအတွက်လည်း စိုးရိမ်စရာ ဖြစ်နေပါတယ်။ ဖိလစ်ပိုင်နဲ့အင်ဒိုနီးရှားက ဆန်ကိုတိုးပြီးဝယ်ဖို့ ထက်သန်နေကြပါတယ်။ မြန်မာနဲ့ကမ္ဘောဒီယားနိုင်ငံတွေကနေ ဆန်တင်သွင်းဖို့ ကြိုးပမ်းနေတယ်လို့ အင်ဒိုနီးရှား စားနပ်ရိက္ခာဝယ်ယူစုဆောင်းရေးအဖွဲ့ Bulog က ပြောပါတယ်။

ကမ္ဘာမှာ ဆန်အများဆုံးတင်ပို့ရောင်းချတဲ့ အိန္ဒိယဟာ ပြည်တွင်းဆန်စျေးနှုန်းကို ထိန်းချုပ်ဖို့ ပြည်ပဆန်တင်ပို့မှုတချို့ကို ပြီးခဲ့တဲ့ လပိုင်းတွေကစလို့ ပိတ်ပင်ခဲ့ပြီးတဲ့နောက် ကမ္ဘာ့ဆန်စျေးကွက်ထဲမှာဆန်ရရှိမှု ငါးပုံတပုံ လျော့ကျသွားပါတယ်။ ကမ္ဘာပေါ်မှာ ဆန်တင်ပို့မှု ထိပ်ဆုံး ၁၀ နိုင်ငံစာရင်းမှာ ရှိနေပြီး တနှစ်ကို မက်ထရစ်တန်ချိန် ၂ သန်းကျော် တင်ပို့နေတဲ့ မြန်မာနိုင်ငံကလည်း လာမယ့် ၄၅ ရက်အတွင်းမှာ ပြည်ပကို ဆန်မပို့ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

အာရပ်စော်ဘွားများ ပြည်ထောင်စု UAE ကလည်း သူ့နိုင်ငံတွင်းက ဆန်လက်ကျန်တွေကို ထိန်းထားနိုင်ဖို့ ပြည်ပတင်ပို့တာကို ရပ်ဆိုင်းထားပါတယ်။ ထိုင်းနိုင်ငံရဲ့အာဏာပိုင်တွေကလည်း ဒီနှစ်ထဲမှာ ရေအရင်းအမြစ်ကို ချွေတာဖို့အတွက် စပါးကို လျှော့ပြီးစိုက်ကြဖို့ လယ်သမားတွေကို အကြံပြုထားပါတယ်။ ဒီနိုင်ငံတွေ အားလုံးမှာ လတ်တလော ဆန်စျေးနှုန်းတွေက အရင်ကထက် ပိုပြီး တက်လာနေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG