သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လယ်ကွင်းတွေမှာ စိုက်ပျိုးရေးမလုပ် ငါးမွေး အုတ်ဖုတ်နေကြပြီ


Myanmar Rice Farmers
Myanmar Rice Farmers

မြန်မာနိုင်ငံ အထက်ပိုင်း နဲ့ အလယ်ပိုင်း အညာဒေသတွေမှာ မူလ စိုက်ပျိုးရေးလုပ်ငန်းက နှစ်စဉ်နီးပါးလောက် အရှုံးပေါ်နေတဲ့အတွက်ကြောင့် တောင်သူအတော်များများဟာ သူတို့ရဲ့ ယာမြေတွေပေါ်မှာ အုတ်ဖုတ်လုပ်ငန်းတွေကို ပြောင်းလည်း လုပ်ကိုင်တာတွေ များလာနေကြပါတယ်။ အလားတူ ဧရာဝတီတိုင်း က ဒေသတချို့မှာလည်း အခုအခါ လယ်ကွက်တွေကို ငါးမွေးမြူရေး၊ ပုဇွန်မွေးမြူရေးကန်တွေအဖြစ် ပြောင်းလည်းလုပ်ကိုင်တာတွေ တဖြည်းဖြည်း များလာနေပါတယ်။ ဒါတွေကို လေ့လာထားတဲ့ ကိုခင်မောင်စိုးမင်း ကနေ လယ်ယာ စိုက်ပျိုးရေး နဲ့ တောင်သူလယ်သမားအရေး ဆောင်ရွက်နေကြသူတွေကို မေးမြန်းပြီး အခုလို တင်ဆက်ထားပါတယ်။


မြန်မာနိုင်ငံ မြေလတ်အပါအဝင် အညာဒေသတွေမှာ တောင်သူတွေဟာ အဓိက စိုက်ပျိုးရေးလုပ်ငန်းတွေက နှစ်စဉ်နီးပါးလောက် အရှုံးပေါ်နေကြတဲ့အတွက်ကြောင့် မိမိပိုင် ယာမြေကို မစိုက်ပျိုးပဲ ပလပ်ထားတာ နဲ့ အခြားနည်းသုံးစွဲလုပ်ကိုင်လာကြတာ ကနေ အခုအခါမှာတော့ အဲဒီ စိုက်ပျိုးမြေပေါ်မှာ အုတ်ဖုတ်လုပ်ငန်းတွေကိုပါ ပြောင်းလည်း လုပ်ကိုင်နေကြပါတယ်။ ဥပဒေအရဆိုရင် တောင်သူလယ်သမားတွေအနေနဲ့ ပုံစံ (၇) ခေါ် မိမိအမည်ပေါက် လယ်ယာမြေတွေပေါ်မှာ စိုက်ပျိုးရေက လွဲပြီး တခြားနည်း သုံးစွဲခွင့်မရှိပါဘူး။ တကယ်လို့ လန (၃၉ ) ခေါ် မိမိပိုင်စိုက်ပျိုးမြေကို အခြားနည်း သုံးစွဲခွင့်ကို လယ်ယာမြေစီမံခန့်ခွဲရေးဌာန ခေါ် မြို့နယ် လယ်စီ မှာ လျှောက်ထားနိုင်ပြီး သက်ဆိုင်ရာဌာနအဆင့်ဆင့်က အချိန်ယူ စီစစ်ပြီး ခွင့်ပြုသင့်မှ ခွင့်ပြုတာဖြစ်ပါတယ်။ ဥပဒေကြောင်းအရဆိုရင် လွယ်လွယ်ကူကူနဲ့ တော့ ခွင့်ပြုထားတာမဟုတ်ပါဘူး။ ဒါပေမယ့်လည်း အခုအခါမှာတော့ တောင်သူတွေဟာ မိမိပိုင် စိုက်ပျိုးမြေတွေပေါ်မှာ ကိုယ်သဘောနဲ့ ကိုယ် အုတ်ဖုတ်လုပ်ငန်းတွေ လုပ်ကိုင်နေကြတာကို အရေးယူမှုတွေမရှိသလောက်ပဲလို့ မြေလတ်ဒေသမှာ အခြေစိုက်ပြီး တောင်သူလယ်သမားအရေး ဆောင်ရွက်နေသူတဦးက သူလေ့ထားသမျှကို ပြောပါတယ်။

" ကျနော် အ ခု လေ့လာလို့ရသလောက်ဆိုရင် လမ်းဘေးရဲ့ အုတ်ဖုတ်တဲ့လုပ်ငန်းတွေ လယ်ယာမြေတွေပေါ်မှာ လုပ်ပြီးတော့မှ အုတ်ပုံကြီးတွေ အများကြီးပဲ မြင်ရတယ်ပေါ့ဗျာ။ လယ်ယာမြေပေါ်မှာ အုတ်ဖုတ်လုပ်ငန်းတွေ လုပ်နေတယ်ဆိုတာကို ကျနော်တို့ အလယ်ပိုင်း အညာဒေသပေါ့ဗျာ။ မကွေးတိုင်း၊ မန္တလေးတိုင်း ၊စစ်ကိုင်းတိုင်း တိုင်း ၃ တိုင်းပေါ့ အဓိက လယ်ယာမြေ အတော်များများဟာ မစိုက်မပျိုးတာများတယ်ဗျ။ လယ်ယာမြေ အားလုံးတော့ မဟုတ်ဘူးပေါ့။ ကျနော်လေ့လာလို့ရသလောက်ဆိုရင် ဒီတောင်သူလယ်သမား စိုက်ပျိုးရေးလုပ်ငန်းကို လုံးဝကို မလုပ်တော့ဘူးဆိုတဲ့ သဘောကိုတွေ့ရတယ်။ လယ်ယာမြေတွေကို အခြားပေါ့ ဘယ်လိုအသုံးချမလဲလို့ တောင်သူတွေက ကြည့်တဲ့အခါမှာ အရင်တုံးကလို ကျနော်တို့ စိုက်ပျိုးရေးလုပ်ငန်း နဲ့ လယ်ယာမြေတွေကို အသုံးချတာ မဟုတ်တော့ပဲနဲ့ အုတ်ဖုတ်လုပ်ငန်းတွေလုပ်ပြီးတော့မှ ရောင်းတယ်ပေါ့ဗျာ။ အဲဒီပုံစံမျိုးတွေကိုပဲ တောင်သူလယ်သမားတွေက လုပ်ပြီး စိုက်ပျိုးရေးလုပ်ငန်းကို စိတ်မဝင်စားတော့ဘူးဗျာ"

တောင်သူတွေက မူလစိုက်ပျိုးမြေပေါ်မှာ မိမိသဘောနဲ့ မိမိ အုတ်ဖုတ်လုပ်ငန်းတွေ ပြောင်းလည်း လုပ်ကိုင်ကြသလို ၊ ဆောက်လုပ်ရေးလုပ်ငန်း ပိုင်ရှင်တချို့ကလည်း နောက်ကွယ်ကနေ ငွေထုတ်ပေးကြတာတွေလည်း ရှိတယ်လို့ သိရပါတယ်။ ယာမြေပေါ်မှာ အုတ်ဖုတ်လုပ်ငန်းလုပ်တဲ့အတွက် ပထမဦးဆုံးအနေနဲ့ စိုက်ပျိုးမြေအရေအတွက် လျော့နည်းသွားသလို မြေဆီလွှာပျက်စီးမှုတွေလည်း ကာလကြာရှည်ဖြစ်ပေါ်စေပါတယ်။ အုတ်ဖုတ်ဖို့အတွက် မြေတူးလိုက်တာ နဲ့ အချိန်အကြာကြီး အပူပေးရတဲ့အတွက် စိုက်ပျိုးမြေတွေရဲ့ သဘာဝအရ အပေါ်ယံမြေလွှာမှာသာရှိကြတဲ့ မြေဆီမြေနှစ်တွေ ပျက်စီးကုန်ပါတယ်။ ဒါအပြင် တချို့ အုတ်ဖုတ်လုပ်ငန်းတွေ မှာ ကုန်ကြမ်းဖြစ်တဲ့ ရွှံစေးကို စိုက်ပျိုးမြေထဲကနေပဲ တူးဖော်ယူတဲ့အတွက်ကြောင့် အဲဒီနေရာဟာ ရေကန်လိုဖြစ်သွားပြီး စိုက်ပျိုးရေးအတွက် ဘာမှ သုံးမရတော့ပါဘူး။ အုတ်တွေကို ပုံစံဖော်ပြီးရင်လည်း ချက်ချင်း ဖုတ်လို့မရပဲ နေလှန်းရတဲ့အတွက် စိုက်ပျိုးမြေရဲ့ နေရာ တခုလုံးနီးပါးကို အသုံးပြုရပါတယ်။

ဒါအပြင် အုတ်ဖုတ်ဖို့အတွက်လည်း သာမန်ထင်းမီးနဲ့ မရပဲ သစ်ပင်ကြီးတွေကို ခုတ်လှဲပြီး မီးထိုးရတဲ့အတွက် သဘာဝပတ်ဝန်ကျင်ကို ထိခိုက်ရပါတယ်။ အဲဒီလို အုတ်ဖုတ်လုပ်ငန်း ကို တရားဝင် လိုင်စင်ယူလုပ်ကိုင်ကြတာမဟုတ်သလို တရားဝင် လိုင်စဉ်အနေနဲ့ကလည်း စိုက်ပျိုးမြေပေါ်မှာ လုပ်ပိုင်ခွင့်ပေးလို့မရပါဘူး။ ဒါပေမယ့်လည်း ဥပဒေကြောင်းအရ ဘယ်ဌာနက မှ လာရောက် တားဆီးတာမရှိသေးပါဘူး ။

ဆန်စပါး အဓိက စိုက်ပျိုးတဲ့ ဧရာဝတီတိုင်းမှာလည်း လယ်သမားတွေဟာ စိုက်ပျိုးရေးကနေ အကျိုးခံစားခွင့် နည်းလာတဲ့အတွက်ကြောင့် လယ်မြေတွေ တူးဖော်ပြီး ငါးကန် ၊ ပုဇွန်ကန်တွေ အဖြစ် ပြောင်းလည်း လုပ်ကိုင်ကြတာတွေ အနည်းငယ်ရှိလာနေပြီလို့သိရပါတယ်။ ဒါပေမယ်လည်း အများဆုံး ပြောင်းလည်လုပ်ကိုင်ကြတာကတော့ ရေနက်ကွင်း စိုက်ခင်းတွေ နဲ့ အင်းတွေနဲ့ ဆက်စပ်နေကြတဲ့ စိုက်ခင်းတွေမှာ ဖြစ်ကြပါတယ်။ ဒါနဲ့ ပတ်သက်ပြီး ဧရာဝတီတိုင်း က လယ်သမားအရေး ဆောင်ရွက်ပြီး သုတေသနပါ လုပ်နေသူတဦးက အခုလို ပြောပြပါတယ်။

" ဧရာဝတီတိုင်းထဲမှာတော့ အများဆုံး ကျနော်တို့ သုတေသနလုပ်ဖူးတဲ့အထဲမှာတော့ လယ်ယာမြေကနေ ငါးမွေးမြူရေး ကန်အဖြစ်ပြောင်းသွားတာ မအူပင်မြို့နယ် က အများဆုံးပဲ ။ အလတ်စား နဲ့ အသေးစား လယ်သမားတွေ တချို့တွေလုပ်နေတာတွေ့တယ်။ သူက အများကြီးမဟုတ်ပဲ နဲ့ ၁ဝဧက ၊ ၅ ဧက တချို့လည်း ၂ ဧက ၃ ဧက လုပ်တာတွေရှိတယ်။ သူတို့မှာ ပုံစံ ၇ လယ်ယာမြေပိုင်ဆိုင်ခွင့်ဆိုတာရှိတယ်။ အဲဒီစိုက်ပျိုးမြေကို ကန်ဘောင်တင်ပြီး မြေအသုံးချမှု ပြောင်းလိုက်ပြီး ငါးကန်လုပ်လိုက်တယ်။ ဧရာဝတီတိုင်းထဲမှာတော့ လယ်မြေကနေ ငါးကန်ပြောင်းလိုက်လို့ အရေးယူတာ သိပ်မတွေ့ရဘူး။ အဓိကလုပ်သွားတာက ရေနစ်ကွင်းတွေကို ကန်တူးလိုက်တာများတယ်"

အဲဒီလို ရေနက်ကွင်း စပါးစိုက်ခင်းတွေကို ငါးကန်အဖြစ် ပြောင်းလည်းအသုံးချတဲ့အပေါ်မှာ အများစု အရေးယူတာမရှိပေမယ့်လည်း တချို့ကိုတော့ ဒဏ်ရိုက်ပြီး တရားဝင် ပြောင်းလည်းပေးတာတွေလည်း ရှိနေတယ်လို့သိရပါတယ်။ အဲဒီလို လုပ်လိုက်တဲ့ ရေနက်ကွင်းဟာ မြို့နယ် စိုက်ပျိုးမြေစာရင်းဦးစီးဌာန မှာ ဝင်သွားသလို ၊ ငါးလုပ်ငန်းဦးစီးဌာနမှာ ဝင်သွားတဲ့အတွက် ဦးစီးဌာန ၂ ခုအကြား စာရင်းဇယားရှုတ်ကုန်တာတွေလည်း တွေ့ကြရတယ်လို့ဆိုပါတယ်။ ဒါအပြင် ရေနက်ကွင်းတွေဟာ အင်းနဲ့ တဆက်တစပ်တည်းဖြစ်ကြတဲ့အတွက် ရေတက်ချိန်မှာ အင်းထဲက ငါးတွေ ဝင်ရောက်လာကြတဲ့အတွက် အင်းသူကြီး နဲ့ ရေနက်ကွင်း စိုက်ခင်းပိုင်ရှင်တွေအကြား အငြင်းပွားကြတာတွေကလည်း နှစ်စဉ်ဖြစ်ပွားကြပါတယ်။

အဲဒီလို လယ်ယာမြေတွေကို မူလစိုက်ပျိုးရေးမဟုတ်ပဲ မိမိသဘောနဲ့ တခြားလုပ်ငန်း ပြောင်းလည်းလုပ်ပါက စည်းကမ်းပျက်မြေအဖြစ် သတ်မှတ်ပြီး သက်ဆိုင်ရာကနေ သိမ်းယူနိုင်ပါတယ်။ ဒါပေမယ့်လည်း တောင်သူလယ်သမားတွေအနေနဲ့ စိုက်ပျိုးရေးကနေ နှစ်စဉ်နီးပါး အကျိုးအမြတ် မရရှိကြတဲ့အတွက်ကြောင့် အခုအချိန်မှာ စိုက်ပျိုးမြေပေါ်ကို အုတ်ဖုတ်ကြတာတွေ ၊ ငါးကန်တူးကြတာတွေ တင်မက အိမ်ဝိုင်မြေတွေအဖြစ် အကွက်ရိုက်ရောင်းတာတွေ ၊ မစိုက်ပျိုးပဲ ပလပ်ထားတာတွေကို မိမိသဘောနဲ့ မိမိလုပ်ဆောင်နေကြတာတွေကို သက်ဆိုင်ရာက ဥပဒေအရ အရေးယူကြတာမရှိသလောက်နည်းပါးနေပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG