သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စီးပွားရေးလောကသားတွေ စစ်ကောင်စီ အရေးယူတဲ့အပေါ် NUG တုံ့ပြန်


ယခင်မှတ်တမ်းရုပ်ပုံ | ရန်ကုန်မြို့ရှိ ရတနာရွှေဆိုင်တဆိုင် (နိုဝင်ဘာ ၉၊ ၂၀၂၁)
ယခင်မှတ်တမ်းရုပ်ပုံ | ရန်ကုန်မြို့ရှိ ရတနာရွှေဆိုင်တဆိုင် (နိုဝင်ဘာ ၉၊ ၂၀၂၁)

မြန်မာနိုင်ငံမှာ ကျပ်ငွေတန်ဘိုး ကျဆင်းလာပြီး နိုင်ငံခြားငွေလဲနှုန်းနဲ့ ရွှေဈေးတွေ ရုတ်တရက် မြင့်တက်လာတာကို ထိန်းချုပ်တဲ့ အနေနဲ့ စီးပွားရေးလောကက လူအများအပြားကို စစ်ကောင်စီက ဖမ်းဆီးအရေးယူနေပါတယ်။ ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကတော့ လုပ်ငန်းရှင်တွေကို နှိမ်နင်းတာဟာ မှန်ကန်တဲ့ ဖြေရှင်းမှု မဟုတ်ဘူးလို့ ပြောပါတယ်။ မြန်မာနိုင်ငံ စီးပွားရေးလောက နှိမ်နင်းခံနေရတဲ့ နောက်ဆုံးအခြေအနေနဲ့ ပတ်သက်လို့ ရန်ကုန်က သတင်းပေးပို့ထားတာကို အခြေခံပြီး မဆုမွန် တင်ပြထားပါတယ်။

မကြာသေးခင် သီတင်းပတ်တွေစက မြန်မာကျပ်ငွေ တန်ဖိုးထိုးကျပြီး ပြင်ပနိုင်ငံခြားငွေဈေးနဲ့ ရွှေဈေး စံချိန်တင်လောက်အောင် တက်သွားတာကို ထိန်းချုပ်ဖို့ ရွှေနဲ့ ဒေါ်လာ တရားမဝင် ရောင်းဝယ်သူ၊ ထိုင်းနိုင်ငံမှာ ကွန်ဒိုတိုက်ခန်းရောင်းဝယ်သူတွေ အပါအဝင် စုစုပေါင်း အနည်းဆုံး ၃၅ ယောက်ကို ပြီးခဲ့တဲ့ ၂ ရက်အတွင်း ဖမ်းဆီးစိစစ်နေတဲ့အကြောင်း စစ်ကောင်စီက ကြေညာပါတယ်။ စီးပွားရေး ကမောက်ကမ ဖြစ်တာဟာ တိုင်းပြည်အတွင်း ဝိသမလောဘသားတွေရဲ့ ဈေးကစားမှုကြောင့် ဖြစ်တယ်ဆိုပြီး အကြောင်းပြသလို အရောင်းအဝယ် တကယ်မဖြစ်တဲ့ ရွေဈေးနှုန်းတွေကို လူမှုကွန်ယက်မီဒီယာတွေမှာ ဖြန့်ဝေခဲ့တယ်ဆိုပြီး စစ်ကောင်စီက အပြစ်ဖို့ပါတယ်။

ငွေကြးဈေးကွက် တည်ငြိမ်ဖို့ ရည်ရွယ်တယ်လို့ စစ်ကောင်စီက ပြောပေမဲ့ စီးပွားရေးလောကက လူပုဂ္ဂိုလ်တွေကို ဖမ်းဆီးအရေးယူတဲ့ လုပ်ရပ်ဟာ မှန်ကန်တဲ့ ဖြေရှင်းမှု မဟုတ်ဘူးလို့ ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီး ဦးတင်ထွန်းနိုင်က ပြောပါတယ်။

"ရွှေဈေးတက်လိုက်၊ ဒေါ်လာဈေးတက်လိုက် ဆိုတဲ့အခြေအနေမှာ လုပ်ငန်းရှင်တွေကိုဖမ်းတယ်။ ရွှေလုပ်ငန်းရှင်တွေ ဖမ်းတယ်၊ ဒေါ်လာလုပ်ငန်းရှင်တွေ ဖမ်းနေတယ်ဆိုတာက အနာနဲ့ ဆေးနဲ့လည်း မတည့်ပါဘူး။ တခြားသူလည်း ဖြစ်နေတယ်ဆိုတဲ့ အချက်ကိုလည်း ပြည်သူကလည်း သိပြီးသားဖြစ်တယ်။"

ထိုင်းနိုင်ငံ အိမ်ခြံမြေလုပ်ငန်းမှာ ပြည်ပက ဝယ်ယူရင်းနှီးမြှုပ်နှံသူတွေထဲ တရုတ်နိုင်ငံပြီးရင်၊ မြန်မာနိုင်ငံက ဒုတိယနေရာ ရောက်လာခဲ့ကြောင်း ထိုင်းအစိုးရရဲ့ ကိန်းဂဏန်းတွေ မကြာသေးခင်က ထွက်ပေါ်လာခဲ့ပြီးနောက် အခုလို အရေးယူတာတွေလည်း ထွက်ပေါ်လာခဲ့တာပါ။ ဘန်ကောက်မြို့က ကွန်ဒိုတိုက်ခန်းတွေကို ပြည်တွင်းထဲမှာ အရောင်းပြပွဲပြုလုပ်ပြီး ရောင်းချခဲ့သူ ၂ ဦးအပြင်၊ တိုက်ခန်းဝယ်ယူခဲ့သူ ၃ ဦးကိုလည်း မြန်မာနိုင်ငံ ဗဟိုဘဏ်ရဲ့ ခွင့်ပြုချက်မရှိဘဲ ပြည်ပနိုင်ငံမှာ ဖွင့်လှစ်ထားတဲ့ ဘဏ်စာရင်းကနေ တရားမဝင် ဝယ်ယူမှုနဲ့ အရေးယူသွားမယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ခဲ့ပါတယ်။ ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကတော့ ကျပ်ငွေတန်ဖိုး ဆက်တိုက်ကျဆင်းနေချိန် အာမခံချက်ရှိတဲ့ ရွှေ၊ ဒေါ်လာနဲ့ အိမ်ခြံမြေ ရင်းနှီးမြှုပ်နှံတဲ့ဘက်ကို လှည့်လာကြတာဖြစ်တယ်လို့ သုံးသပ်ပါတယ်။

"ကျနော်တို့ရဲ့ အိမ်နီးချင်း ထိုင်းနိုင်ငံ၊ ဘန်ကောက်၊ ချင်းမိုင်၊ ချွန်ပူရီမှာ အိမ်ခြံမြေ ရင်းနှီးမြှုပ်နှံမှုကို နှစ်အလိုက် တိုးတက်ပြီးတော့ ဒီကိစ္စတွေ ဆောင်ရွက်လာတာ တွေ့ရတယ်။ ကိန်းဂဏန်းတွေနဲ့ ပြောမယ်ဆိုရင်တော့ ဒီနေ့ဒီအချိန်ထိ ထိုင်းငွေနဲ့ တွက်မယ်ဆိုရင်တော့ ၈ ဘီလီယံလောက် ရှိပြီဖြစ်ပါတယ်။ အဲတော့ ထိုင်းငွေ ၈ ဘီလီယံဆိုတာကတော့ အမေရိကန်ဒေါ်လာ သန်း ၂၀၀ ပတ်ချာလည်လောက် ရှိတယ်လို့ ပြောလို့ရတယ်။ ဒါပေမဲ့ အဲဒီ သန်း ၂၀၀ ဆိုတာ မြန်မာတနိုင်ငံလုံးရဲ့ စီးပွားရေးနဲ့ ယှဉ်မယ်ဆိုရင်တော့ သိပ်ပြောပလောက်တဲ့ ပမာဏတော့ မဟုတ်ပါဘူး။ သို့သော် ဒီနေရာမှာ ထူးခြားတာက အဲဒီရင်းနှီးမြှုပ်နှံမှုသည် သူတို့နဲ့ အကြောင်းသိ၊ အပေါင်းသိ စစ်ဗိုလ်ချုပ်တွေရဲ့ မိသားစုဝင်တွေ၊ အပေါင်းပါတွေက နေပြီးတော့ ဝယ်တာသည် ၉၀ ရာခိုင်နှုန်းလောက် ရှိတယ်ဆိုပြီးတော့ ကျနော်တို့ရရှိထားတဲ့ အတွင်းသတင်း အချက်အလက်တွေအရ သိရတာပဲဖြစ်ပါတယ်။"

ပြီးခဲ့တဲ့ ရက်ပိုင်း မြန်မာကျပ်ငွေလဲနှုန်းဟာ အမေရိကန် တဒေါ်လာကို ၄၅၀၀ ကျပ် ဝန်းကျင်အထိ ရောက်သွားတဲ့အကြောင်း နိုင်ငံခြားငွေလဲလှယ်ရေး လုပ်ငန်းလုပ်ကိုင်သူတွေက အတည်ပြုပြောဆိုပါတယ်။ စစ်ကောင်စီ ဗဟိုဘဏ်ရဲ့ ရည်ညွှန်းငွေလဲနှုန်းမှာတော့ တဒေါ်လာကို ၂၁၀၀ ဝန်းကျင်သာ သတ်မှတ်ထားပါတယ်။ နိုင်ငံခြားငွေလဲနှုန်း မတည်ငြိမ်အောင် ဖန်တီးသူတွေဆိုပြီး ဖမ်းဆီးအရေးယူ ခံရသူတွေကို စစ်ကောင်စီသတင်းစာမှာ ဓါတ်ပုံတွေနဲ့ တကွ ဖေါ်ပြနေချိန် ပြည်တွင်းရွှေဆိုင်ပိုင်ရှင်တချို့ အရောင်းအဝယ်တွေ ရပ်ပြီး တိမ်းရှောင်နေတဲ့အကြောင်း ပြည်တွင်းလုပ်ငန်းရှင်တွေက VOA ကို ပြောပါတယ်။ စွပ်စွဲခံရတဲ့ လုပ်ငန်းတချို့ကို ချိတ်ပိတ်သိမ်းဆည်းနေတဲ့ သတင်းတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ လိုအပ်သလို အရေးယူဆောင်ရွက်နေကြောင်းသာ တုံ့ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG