သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ငွေကြေးမတည်ငြိမ်မှုအတွက် လူ ၃၅ ယောက်ထက်မနည်းကို စစ်ကောင်စီဖမ်းဆီး


မြန်မာကျပ်ငွေနှင့် အမေရိကန်ဒေါ်လာငွေစက္ကူများ (မေ ၃၀၊ ၂၀၂၄)
မြန်မာကျပ်ငွေနှင့် အမေရိကန်ဒေါ်လာငွေစက္ကူများ (မေ ၃၀၊ ၂၀၂၄)

မြန်မာကျပ်ငွေ ထိုးကျပြီး ပြင်ပ နိုင်ငံခြားငွေဈေးနဲ့ ရွေဈေး ဆန်ချိန်တင်လောက်အောင် တက်သွားတာကို ထိန်းချုပ်ဖို့ ရွှေနဲ့ ဒေါ်လာ တရားမဝင် ရောင်းဝယ်သူ၊ ထိုင်းနိုင်ငံမှာ ကွန်ဒိုတိုက်ခန်းရောင်းဝယ်သူတွေ အပါအဝင် စုစုပေါင်း အနည်းဆုံး ၃၅ ယောက်ကို ပြီးခဲ့တဲ့ ၂ ရက်အတွင်း ဖမ်းဆီး စိစစ်နေတဲ့အကြောင်း စစ်ကောင်စီက ကြေညာပါတယ်။ စီးပွားရေး ကမောက်ကမ ဖြစ်တာဟာ တိုင်းပြည်အတွင်း ဝိသမလောဘသားတွေရဲ့ ဈေးကစားမှုကြောင့် ဖြစ်တယ်ဆိုပြီး အကြောင်းပြသလို အရောင်းအဝယ် တကယ်မဖြစ်တဲ့ ရွေဈေးနှုန်းတွေကို လူမှုကွန်ယက်မီဒီယာတွေမှာ ဖြန့်ဝေခဲ့တယ်ဆိုပြီး စစ်ကောင်စီက အပြစ်ဖို့ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်း မြန်မာကျပ်ငွေလဲနှုန်းဟာ အမေရိကန် တဒေါ်လာကို ၄၅၀၀ ကျပ် ဝန်းကျင်အထိ ရောက်သွားတဲ့အကြောင်း နိုင်ငံခြားငွေလဲလှယ်ရေး လုပ်ငန်းလုပ်ကိုင်သူတွေက အတည်ပြုပြောဆိုပါတယ်။ စစ်ကောင်စီ ဗဟိုဘဏ်ရဲ့ ရည်ညွှန်းငွေလဲနှုန်းမှာတော့ တဒေါ်လာကို ၂၁၀၀ ဝန်းကျင်သာ သတ်မှတ်ထားပါတယ်။ နိုင်ငံခြားငွေလဲနှုန်း မတည်ငြိမ်အောင် ဖန်တီးသူတွေဆိုပြီး ဖမ်းဆီးအရေးယူ ခံရသူတွေကို စစ်ကောင်စီသတင်းစာမှာ ဓါတ်ပုံတွေနဲ့ တကွ ဖေါ်ပြနေချိန် ပြည်တွင်းရွှေဆိုင်ပိုင်ရှင်တချို့ အရောင်းအဝယ်တွေ ရပ်ပြီး တိမ်းရှောင်းနေတဲ့အကြောင်း ပြည်တွင်းလုပ်ငန်းရှင်တွေက VOA ကို ပြောပါတယ်။ စွပ်စွဲခံရတဲ့ လုပ်ငန်းတချို့ကို ချိတ်ပိတ်သိမ်းဆည်းနေတဲ့ သတင်းတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ လိုအပ်သလို အရေးယူဆောင်ရွက်နေကြောင်းသာ တုံ့ပြန်ထားပါတယ်။

NLD အစိုးရလက်ထက် စီးပွားရေးအကြံပေး၊ ဩစတေးလျနိုင်ငံက စီးပွားရေးပညာရှင် Sean Turnell ကတော့ မြန်မာနိုင်ငံအတွင်း အခြေအနေ တည်ငြိမ်မှုပျက်ပြားပြီး မြန်မာငွေကြေးအပေါ် ယုံကြည်မှုမရှိတော့တာ၊ ပို့ကုန်နဲ့ သွင်းကုန်ပမာဏ မညီမျှတဲ့အပြင် စစ်ကောင်စီဘက်က ငွေကြေးရိုက်နှိပ်ထုတ်ဝေတဲ့ နည်းလမ်းကိုပဲ သုံးပြီး ဖြေရှင်းနေတာတွေကြောင့် တိုင်းပြည်စီးပွားရေး ကမောက်ကမအခြေအနေကို ရောက်နေတဲ့အကြောင်း မနေ့က NUG အမျိုးသားညီညွတ်ရေးအစိုးရက ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG