သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုန်ဈေးနှုန်း ထိန်းချုပ်မှုကြား စားသုံးကုန်တွေရှားပါး


ရန်ကုန်မြို့က ဈေးဝယ်စင်တာတခု မြင်ကွင်း (ဇွန် ၂၅၊ ၂၀၂၄)
ရန်ကုန်မြို့က ဈေးဝယ်စင်တာတခု မြင်ကွင်း (ဇွန် ၂၅၊ ၂၀၂၄)

မြန်မာနိုင်ငံမှာ စားသုံးကုန်ဈေး မတက်အောင် စစ်ကောင်စီက ကုန်သည်တွေနဲ့ လုပ်ငန်းရှင်တွေကို ဖိအားပေးနေတဲ့ တချိန်တည်းမှာပဲ ကုန်ပစ္စည်းရှားပါးမှုနဲ့ ကြုံနေရပါတယ်။ ရန်ကုန်၊ မန္တလေး အပါအဝင် မြို့ကြီးတွေက ဆိုင်တွေမှာ ဆန်၊ ဆီ စတဲ့ အခြေခံစားကုန်တွေ ပြတ်လတ်နေတယ်လို့လည်း ဝယ်ယူစားသုံးသူတွေက ပြောပါတယ်။ ကုန်ဈေးနှုန်း ပြဿနာကြုံနေရတဲ့အခြေအနေနဲ့ ပတ်သက်လို့ ရန်ကုန်က သတင်းပေးပို့ ထားတာကို အခြေခံပြီး ကိုစည်သူ တင်ပြထားပါတယ်။

ပြည်တွင်းမှာ အဓိကစားသုံးတဲ့ ဆန်အမျိုးစားတွေ တအိတ်ကို ကျပ်၂သိန်းနီးပါးအထိ တက်လာတဲ့အတွက် ဆန်စပါးအသင်းချုပ်ကနေ ဆန်တွေကို မနေ့က ဇွန်လ၂၄ရက်ကစပြီး လျှော့စျေးနဲ့ရောင်းပေးနေတာဖြစ်ပါတယ်။ ဝယ်ယူတဲ့နေရာမှာဆိုရင်လည်း သန်းခေါင်းစာရင်း အထောက်အထားနဲ့ အိမ်ထောင်စုတခုကို တလစာ ဆန်တအိတ်ပဲ ရောင်းချဖို့ သတ်မှတ်ထားတာပါ။

ရန်ကုန်ဘုရင့်နောင်ပွဲရုံနဲ့ ဝါးတန်းလမ်းကုန်စည်ဒိုင်မှာပဲ ဒီလိုစျေးလျှော့ရောင်းပေးတာဖြစ်လို့ နေရာအများစုမှာတော့ ဆန်ကို စျေးကြီးပေးပြီး ဝယ်ယူနေရကြောင်း ရန်ကုန်က ဒေသခံတချို့က ဗွီအိုအေကို ပြောပါတယ်။ ရပ်ကွက်ထဲမှာဆန်ချောတပြည်ကို ကျပ် ၈,၀၀၀ လောက် ဖြစ်လာနေတာကြောင့် အခြေခံလူတန်းစားရပ်ကွက်တွေမှာ ဆန်စပါးအသင်းချုပ်အနေနဲ့ အဓိကထားပြီး လိုက်ပြီး ရောင်းပေးစေချင်ကြောင်း ရန်ကုန်မှာ နေထိုင်သူတဦးက ပြောပါတယ်။

" ဆန်ပေးတာတော့မရှိဘူး ဒီဘက်မှာ၊ အသံလည်းမကြားဘူး ဆန်ကဝယ်စားနေရတာပဲ။ အဲဒီဆန်ပေးတယ်ဆိုတဲ့ကိစ္စက ဘုရင့်နောင်တခုပဲရှိတယ်၊ ဘုရင့်နောင် ပွဲရုံတောင်မှ နှစ်ခုပဲရှိတယ်။ လျှော့စျေးနဲ့ ရောင်းပေးတာပေါ့၊ အခုအပြင်မှာ ၆ ၀၀၀ ဆို သူ့ဆီမှာ ၅ ၀၀၀ အဲလိုမျိုးနဲ့ ရောင်းပေးတာ။ ရွှေဘိုပေါ်ဆန်းဆို တပြည်ကို ၇,၀၀၀ ကျော်သွားပြီ။ အနိမ့်ဆုံးကတော့ ရက် ၉၀တို့၊ ရက်၆၀တို့ ။ ရက် ၉၀ကတော့ ၅၀၀၀၊ ၆၀၀၀ ရှိတယ်။ မစားလို့ရလည်း မရဘူးလေ၊ အကြမ်းကြတော့လည်း လူကြီးရဲ့အိမ်ကြ အဆင်မပြေဘူးလေ အေးရင်မာသွားရော သိတယ်မလား။"

ဆန်စပါးအသင်းချုပ်က ရွှေဘိုပေါ်ဆန်းမွှေး တအိတ်ကို ကျပ် ၁၃၅,၀၀၀ နဲ့ ၁၄၅,၀၀၀ ကြားသတ်မှတ်ထားပြီး ဆီကုန်သည်အသင်းကတော့ စားအုန်းဆီတပိဿာကို ၅,၄၀၀ သတ်မှတ်ထားပါတယ်။ ဒါပေမဲ့ ဆန်စပါးအသင်းချုပ် ရောင်းချတဲ့နေရာကို သွား၀ယ်မယ်ဆိုရင်လည်း ၅,၄၀၀ကျပ် နဲ့အတိအကျဝယ်လို့မရသလို တခါ၀ယ်ရင်လည်း ၅၀သား လောက်ပဲ ဝယ်လို့ရကြောင်း သူကပြောပါတယ်။

" သူတို့ဆီမှာ ရေးထားတာတော့ ၅၆၀၀၊ ၅၆၀၀ ကိုဘယ်နေ့ဘယ်ရက်မှာ ရောင်းပေးပါတယ်ဆိုတာ ဆိုင်းဘုတ်ပဲရှိတာ၊ လူတွေများလာပြီ တန်းစီတဲ့သူတွေ များလာပြီဆိုရင် အယောက်၂၀လောက်ပဲ ပေးပြီးတော့ ကုန်ပြီဆိုပြီး ဖြတ်ချပစ်လိုကရော။ ဆီကို တလီတာတဗူးလိုချင်ရင် မနက်အစောကြီး သွားတန်းစီ၊ သူတို့ တုံကင်ကတ်ပြားပေးမှ ပေးတဲ့သူပဲရမယ်၊ မပေးတဲ့သူမရဘူး။"

လက်လီ စတိုးဆိုင်ကြီးတချို့ကတော့ ဆန်နဲ့ ဆီတွေကို အရောင်းစင်တာပေါ်ကနေ သိမ်းဆည်းထားလို့ ဝယ်လို့မရကြောင်း ရန်ကုန်မှာနေတဲ့ အိမ်ရှင်မတဦးက ဗွီအိုအေကို ပြောပါတယ်။

" ဟိုဘက်မှာ Ocean သွားတဲ့နေ့ကတော့ အမေထွား(ပဲဆီ) တွေမရှိဘူး။ အကုန်လုံးချထားတယ်။ ဆီပုံးတွေဆိုလည်း ကြိုးတိုးကြဲတဲပဲ စီထားတယ် အများကြီးမစီထားဘူး။ ဆန်ဆိုလည်း ရှိကိုမရှိတာ၊ ဟိုဆန်ပါကင်အိတ်လေးတွေလေ။ အဲရောင်းတဲ့ကောင်တာမှာ လုံးဝမရှိဘူး။ ဆီတွေလည်း အရမ်းစျေးကြီးတယ်၊ ပဲဆီတို့ ပဲရောဆီတို့ တံဆိပ်နဲ့ဟာတွေတော့ရှိတယ်၊ စားအုန်းဆီက လုံးဝဝယ်မရဘူး၊ ဒီမှာတွေကဝယ်မရတာ လှိုင်သာယာမှာက။ အခုက နယ်မှာပါမရဘူး။ ရန်ကုန်ပဲဆီသန့်တော့တွေ့တယ်၊ COOK တို့ဘာတို့တော့ တွေ့တယ်၊ နယ်ကဟာတွေတော့ တွေ့တယ်။"

တချို့ကလည်း ခွဲတမ်းနဲ့ဝယ်လို့ရထားတဲ့ ဆန်နဲ့ဆီတွေကို စျေးကောင်းပေးဝယ်တဲ့ ရပ်ကွက်ထဲက ဆိုင်တွေမှာ တဆင့်ပြန်ရောင်းချပြီး ဝင်ငွေရှာကြပါတယ်။ ဒီအလေ့အထမျိုးက အရင် အရပ်သားအစိုးရလက်ထက်မှာ လုံးဝပပျောက်သွားတာကနေ စစ်ကောင်စီလက်ထက်မှာ တကြော့ပြန် ဖြစ်လာတယ်လို့ ပြောကြပါတယ်။

ဆန်စပါးအသင်းချုပ်ကတော့ သူတို့လျှော့စျေးနဲ့ ရောင်းချနေတဲ့စျေးနှုန်းဟာ တနိုင်ငံလုံးမှာ တပြေးညီရောင်းချပေးရမဲ့ စျေးဖြစ်တယ်လို့ အသင်းတာဝန်ရှိသူတွေက တုံ့ပြန်ထားပါတယ်။ နယ်ကဆန်တွေ ဝင်လာရင်တော့ ဆန်စပါးအသင်းချုပ်က သတ်မှတ်ထားတဲ့ စျေးနှုန်းဝန်းကျင်မှာပဲ တနိုင်ငံလုံးက ဆန်ဆိုင်တွေအနေနဲ့ ရောင်းချပေးရမှာဖြစ်ကြောင်း ပြည်တွင်းသတင်းဌာနတချို့ကို ဆန်စပါးအသင်းချုပ်က တုံ့ပြန်ဖြေကြားထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG