သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်မှာ စားနပ်ရိက္ခာရှားပါးမှုနဲ့ ကုန်ဈေးနှုန်း ကြီးမြင့်မှုတွေ ရင်ဆိုင်နေရ


Rakhine water
Rakhine water

စစ်ကောင်စီနဲ့ အာရက္ခတပ်တော် AA အကြား ၅လနီးပါး တိုက်ပွဲတွေပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်မှာ ကုန်စည် စီးဆင်းမှုတွေလည်း ရပ်တန့်နေတာကြောင့် ဒေသတွင်း စားနပ်ရိက္ခာ ရှားပါးမှုနဲ့ ဒေသခံတွေ အတော် အခက်ကြုံနေကြရပါတယ်။ ဒါ့အပြင် ငွေကြေးစီးဆင်းမှုတွေလည်း ပြတ်တောက်နေသလို အလုပ်အကိုင်တွေလည်း မရှိကြတာကြောင့် နေထိုင်းစားသောက်ရေးအတွက် ပိုခက်ခဲလာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီအကြောင်း သတင်းပေးပို့ချက်ကို အခြေခံပြီး အလိမ္မာက တင်ပြပေးပါမယ်။

လက်ရှိအချိန်ထိ နှစ်ဘက်တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်မှာ ကုန်စည် စီးဆင်းမှုတွေ ပိတ်ထားဆဲဖြစ်တာကြောင့် ဒေသတွင်း စားနပ်ရိက္ခာရှားပါးမှုနဲ့ ကုန်စျေးနှုန်းမြင့် တက်မှုဒဏ်ကို ခံနေကြရတယ်လို့ AA ထိန်းချုပ်ထားတဲ့ ပေါက်တောမြို့နယ်က ဒေသခံ အမျိုးသမီးတဦးက ပြောပါတယ်။

“ဒီဘက်က ညီမသိသလောက် ကုန်သစ်တွေလည်း ဝင်တာသိပ်မရှိဘူး။ ရှိနေတဲ့ ကုန်စည်တွေပဲ သုံးနေရတယ်။ အဲတာကလည်း တအားစျေးမြင့်တက်နေတဲ့ အခြေအနေပေါ့နော်။ အရင်က ဆန်တအိတ်ကို ၅ သောင်း လောက်ဆိုရင် အခုက ၂ သိန်းကျော်အထိ စျေးမြင့်တက်နေတယ်။ တခြားနေရာက ဝင်တာလည်း မရှိဘူး အရင်က ပလက်ဝဘက်က လာတယ်လို့ကြားတယ်။ အခုကတော့ အဲလမ်းကြောင်းလည်း ရပ်ဆိုင်းထားတယ်လို့ ကြားတယ်။”

ရခိုင်မြောက်ပိုင်းက မြို့နယ်တော်တော်များများမှာ အခြေခံစားသောက်ကုန်တွေဟာ စျေးနှုန်း ၃ ဆလောက်အထိ မြင့်တက်နေသလို ပြတ်တောက်တာတွေ ရှိနေတယ်လို့လည်း သူကဆက် ပြောပါတယ်။

“ အရင်ကတော့ မီးသွေးတအိတ်ကို ၈,၀၀၀ ကနေ အခုကတော့ ၃၇,ဝဝဝအထိ မြင့်တက်တယ်ပေါ့။ စားသုံးဆီတွေလည်း အတူတူပဲပေါ့။ ကျမတို့သောက်နေကြ အချိုရည်ဗူး ဆိုရင်လည်း ၁,၂ဝဝတန် တဗူးကို အခု ၄,ဝဝဝ အထိရှိတယ်၊ ရေချိုးဆပ်ပြာဆိုရင်လည်း ၃,၅ဝဝ တန်တဗူးကို တသောင်းလောက်အထိ စျေးက ၃ဆလောက် ခုန်တက်နေတယ်။”

လက်ရှိ စစ်ကောင်စီထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာလည်း အလားတူ အခြေခံ စားသောက်ကုန်နဲ့ တခြား ကုန်စည် ပြတ်လပ်မှုတွေ ဖြစ်နေတယ်လို့ ကျောက်ဖြူဒေသခံ လူငယ်တဦးက ပြောပါတယ်။

“ အဓိကတော့ နေ့စဉ်စားသုံးနေတဲ့ ဆီတွေ ဘာတွေကတော့ ကျနော်တို့ဘက်မှာ ရှားလည်းရှားသလို စျေးလည်း အများကြီးပေးပြီးတော့ ဝယ်ရတယ်။ ဆားတွေဘာတွေတော့ ကျနော်တို့ ဘက်မှာ ကိုယ့်ဟာကိုယ် ချက်ပြီးတော့ စားကြတယ်။ ဟင်းချိုမုန့်တွေဘာတွေ ဆိုရင်လည်း အရင်လို မစားနိုင်တော့ဘူး၊ ရှားလာတယ်၊ တိုက်ပွဲမဖြစ်ခင်ကတော့ ဆီ တလီတာကို သုံးထောင် လောက်ပဲရှိတယ်၊ အခုအချိန်မှာတော့ ကျနော်တို့ နှစ်သောင်းဝန်းကျင်ကျတယ်။”

ရခိုင်ပြည်နယ်က မြို့နယ် ၈ခုနဲ့ ချင်းပြည်နယ်က ပလက်ဝမြို့နယ်တွေကို AA က လက်ရှိသိမ်းပိုက်ထားတယ်ဆိုပေမဲ့ လုံခြုံရေးအခြေအနေ စိုးရိမ်ရတာကြောင့် မြို့တွင်းမှာ နေထိုင်ရေး ခက်ခဲနေဆဲဖြစ်တယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။ ဒေသခံတွေရဲ့ စားနပ်ရိက္ခာအတွက် အာရက္ခတပ်တော်ဘက်ကလည်း ကုန်စည်သွင်းပေးတာတွေ သိပ်မတွေ့ရဘူးလို့ ဒေသခံတွေက ပြောဆိုကြပါတယ်။

ဒါ့အပြင် လက်ရှိအချိန်ထိ တိုက်ပွဲပြင်းထန်နေတဲ့ ရခိုင်မှာ လူဦးရေ ၃ သိန်းကျော်လောက် အိုးအိမ်စွန့်ခွာထွက်ပြေးနေကြရသလို တခြားဒေသခံပြည်သူတွေဟာလည်း သူတို့နေထိုင်ရာ အရပ်တွေမှာ အသီးသီး ပိတ်မိနေကြတာပါ။ တချို့တွေက ရခိုင်ဒေသအပြင်ဘက်ကို ယာယီ ပြောင်းရွှေ့ နေထိုင်တာတွေလည်း ရှိကြပါတယ်။

လက်ရှိရခိုင်ပြည်နယ်မှာ ရှိနေတဲ့ ဒေသခံပြည်သူတွေဟာ မလုံခြုံမှုတွေအပြင် အလုပ်အကိုင်ရှားပါးမှု၊​စားဝတ်နေရေး အခက်အခဲတွေနဲ့ပါ ရင်ဆိုင်နေကြရတယ်လို့ ပေါက်တောဒေသခံ အမျိုးသမီးတဦးကလည်း ပြောပါတယ်။

“ ရခိုင်ဒေသအတွင်းမှာ ကျန်ခဲ့တဲ့ လူတွေတော်တော်များများက စားဝတ်နေရေး မပြေလည်တဲ့ သူတွေများတာပေါ့နော်။ ဒီနည်းနည်းပါးပါး ပိုက်ဆံရှိတဲ့ သူတွေကကျတော့ အကုန် ရန်ကုန်တို့ ဘာတို့ သွားကြတာကိုး။ ဒီမှာကျန်ခဲ့တဲ့သူတွေက အကုန် စီးပွားရေး အခက်အခဲရော အဲလိုဖြစ် နေကြတာများတယ်။ အစိုးရဝန်ထမ်းတွေဆိုရင်လည်း လစာမရတာကြာပြီ။ ၂လ၊ ၃လလောက်ရှိပြီ။​ ဒီ လက်လုပ်လက်စားတွေကလည်း အလုပ်အကိုင် မရှိတော့ဘူး။​ ဆိုတော့ ရခိုင်မှာက ကုန်စည်စီးဆင်းမှုရော၊ ငွေကြေးစီးဆင်းမှုရော အကုန် ပြန်တောက်နေတဲ့ အခြေအနေ ရှိတယ်ပေါ့နော်။”

ရခိုင်ပြည်နယ်တွင်း ကုန်စည်စီးဆင်းမှုတွေကို ပြီးခဲ့တဲ့ ၂၀၂၃ခုနှစ် နိုင်ဝင်လာ ၁၃ရက် နေ့နောက်ပိုင်းကတည်းက စစ်ကောင်စီက ပိတ်ပင်ထားတာဟာ ဒီကနေ့ အထိဖြစ်ပါတယ်။ ရခိုင်ဒေသခံကုန်သည်တွေအနေနဲ့လည်း ပိတ်ထားတဲ့ကြားကနေ ဒေသခတွင်းစား နပ်ရိက္ခာအတွက် ရတဲ့နည်းလမ်းနဲ့ တပိုင်တနိုင် သွင်းယူနေတာတွေ ရှိပါတယ်။ ဒါပေမယ့် သယ်ယူပို့ဆောင်ရေး ကုန်ကျစားရိတ်တွေ ကြီးမားတာကြောင့် ကုန်စျေးနှုန်းတွေလည်း မြင့်တက်နေပြီး ဒေသခံတွေကြား ဝယ်ယူစားသောက်ဖို့ အခက်အခဲတွေရှိနေပါတယ်။​

Forum

XS
SM
MD
LG