သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုန်ဈေးနှုန်းမြင့်တက်မှု အခြေခံလူတန်းစား အကျပ်အတည်းကြီးလာ


မြန်မာ့လူမှုနေ့စဥ်ဘဝယခင်မှတ်တမ်းဓာတ်ပုံ
မြန်မာ့လူမှုနေ့စဥ်ဘဝယခင်မှတ်တမ်းဓာတ်ပုံ

မြန်မာနိုင်ငံအကျပ်အတည်းသက်ရောက်မှုကြောင် ကုန်ဈေးနှုန်းအဆမတန် ကြီးမားလာပြီး အခြေခံလူတန်းစားအများစု ပိုပြီး ကျပ်တည်းလာကြပါတယ်။ အလုပ်အကိုင်ရှားပါးမှုနဲ့အတူ ဝင်ငွေထွက်ငွေမမျှမှုတွေကြောင့် နေ့စဉ်စားဝတ်နေရေးပါ ထိခိုက်လာကြရပါတယ်။ ဒီအကြောင်း ရန်ကုန်က သတင်းပေးပို့ချက်ကို နန်းလောင်ဝ်ကတင်ပြပေးထားပါတယ်။

မြန်မာ့နိုင်ငံရေး မတည်ငြိမ်မှုကြောင့် စီးပွားရေးအပေါ် ရိုက်ခတ်မှုဟာ အဖက်ဖက်က ဆိုးရွားလာနေတာပါ။ မေလ ၁၆ ရက် မှာတော့ ရွှေတကျပ်သားရဲ့ ပြင်ပပေါက်ဈေးဟာ ကျပ်ငွေ သိန်း ၅၀ ကျော်နဲ့ ငွေလဲနှုန်းဟာလည်း အမေရိကန်တဒေါ်လာ ကျပ် ၄,၀၀၀ ကျော်လာပြီ ဖြစ်ပါတယ်။ မြန်မာကျပ်ငွေ တန်ဖိုးကျလာတာနဲ့ အခြေခံစားကုန်တွေ အဆမတန်ဈေးနှုန်းတက်နေမှုကြောင့် အခြေခံ လူတန်းစားအများစုက စားဝတ်နေရေး ပိုမိုကျပ်တည်းတဲ့ ပြဿနာတွေ ရင်ဆိုင်နေရပါတယ်။

ဆန်၊ ဆီ၊ ဆား စတဲ့ ကုန်ဈေးနှုန်း မြင့်တက်နေမှုကြောင့် နေ့စဉ် ထမင်းနပ်မှန်အောင် ပိုမို ရုန်းကန်နေရတာလို့ ရန်ကုန်မြို့ခံတဦးက ခုလို ပြောပါတယ်။

“အခုကတော့ စားဝတ်နေရေးက အရင်ကထက်ပိုပြီးတော့ ကျပ်တည်းလာတယ်၊ ပိုပြီးတော့ ခက်ခဲလာတယ်။ ဆန်ဆိုလည်း အရင် ၃,၀၀၀ နဲ့ဆိုရင် အခု ၅,၀၀၀ ကျော်၊ ၆,၀၀၀ ပေးပြီးတော့ စားရတယ်။ အသားဟင်းဆိုလည်း အဲ့လိုပေါ့ အမြဲတမ်းကြီး နေ့တိုင်းမစားနိုင်ဘူးပေါ့။ တပတ်တခါလောက်ပဲ အနိုင်နိုင်ဖြစ်နေပြီ။ မုန့်ဟင်းခါးဆိုလည်း တပွဲကို အလွတ်ကြီးပဲကို ၁,၀၀၀ လောက်ရှိတယ်၊ အကြော်နဲ့ဆိုရင် ၁,၅၀၀၊ ၂၀၀ နီးပါးသွားရော။ အဲ့တော့ သရေစာမစားနိုင်ဘူး။ ထမင်းကိုပဲ တနေ့နှစ်နပ်တောင် ပုံမှန်မနည်း ရုန်းကန်နေကြရတာပေါ့။နော်။”

စားကုန်ဈေးတွေ မြင့်မားလို့ အရင်ကလို မုန့်ပဲသရေစာ မဝယ်စားနိုင်တဲ့အပြင် အသားဟင်းကောင်းတွေ နေ့တိုင်းမစားနိုင်ဘူးလို့ ဆိုပါတယ်။ အခြေခံလူတန်းစားအများစုမှာ နေ့စဉ် ဈေးသွားချက်ပြုနိုင်ဖို့ ဝင်ငွေထွက်ငွေ မလောက်ငဘဲ ချေးငှားပြီး စားသောက်ရေး ဖြေရှင်းနေကြရတာပါ။ ဒီအခြေအနေအရ ရှေ့ဆက် အငတ်ဘေးနဲ့ ကြုံလာနိုင်တယ်လို့ ပြောပါတယ်။

“ဝင်ငွေနဲ့ မလောက်ငတော့ အဲ့လိုနေ့ပေး ဘာညာ အဲ့လိုပိုက်ဆံတွေ ချေးသုံးရတယ်။ အလုပ်အကိုင်တွေကလည်း အရင်ကထက်စာရင် ပိုပြီးတော့ ကျပ်တည်းလာတယ်။ အခုအခြေအနေက တော်တော်ကြီးကို ဆိုးနေတာ။ နောက်နှစ်ဆိုရင်တော့ အငတ်ဘေးနဲ့ ကြုံဖို့ပဲ ရှိပါတော့တယ်။”

ဆိုက္ကားနင်းပြီး အသက်မွေးတဲ့ ရန်ကုန်မြို့ခံတဦးကတော့ မီးဖိုချောင်သုံးပစ္စည်းတွေ ဈေးအဆမတန် မြင့်တက်တဲ့အပြင် အိမ်ငှားနေရတာမို့ ပိုမိုကျပ်တည်းတယ်လို့ ပြောပါတယ်။

“ကျနော်တို့က လုပ်နေကျအလုပ်က လုပ်နေရတာပဲ။ ဒါပေမယ့် မလောက်ဘူးပေါ့။ ကုန်ဈေးနှုန်းကြီးတယ်။ တခါကျရင် ချွေတာရတာပေါ့၊ ဈေးနည်းတဲ့ဥစ္စာကိုပဲ ရှာဖွေပြီးတော့ စားသောက်နေရတာပဲ။ တနှစ်ထက် တနှစ်က ပို ဆိုးဆိုးလာတယ်ပေါ့လေ။ ရတဲ့ဥစ္စာနဲ့ ထွက်ငွေက မမျှဘူးပေါ့။ မမျှတဲ့အခါကျ သူများဆီချေးငှားပြီး စားရတာပေါ့။ စားဝတ်နေရေးကတမျိုး၊ လူမှုရေးကဏ္ဍတွေက တမျိုး၊ အိမ်ကလည်း အိမ်ငှားနေရတယ်။ ပိုဆိုးတာပေါ့လေ။ အခက်အခဲပေါင်း အမျိုးစုံပဲ။”

ကုန်ဈေးနှုန်းတွေ တဟုန်ထိုး မြင့်မားလာတာကြောင့် အရင်ကလို ဖွယ်ဖွယ်ရာရာ မစားသောက်နိုင်တဲ့အပြင် လက်ရှိ လစာဝင်ငွေနဲ့ တလစားဖို့ လောက်ငအောင် တွက်ချက်နေရတယ်လို့ မော်လမြိုင်မြို့ခံတဦးက ပြောပါတယ်။

“တရက်ဆိုရင် တသောင်း ယူရတယ်၊ ဈေးသွားတယ်၊ ဈေးသွားရင် အဲ့ဒါနော် ဟင်းချက်ဖို့ဝယ်လာပဲ။ အဲ့မှာ တသောင်းလောက်ကုန်သွားတယ်၊ အဲ့ဒါ ဆီမပါဘူး။ ကြက်သွန်တွေ ဘာတွေ မပါသေးဘူး၊ ဆီက ငါးထောင်ကျော်ပေးရတယ်။ တဗူးကို တလီတာ တဗူးကို အဲ့မှာကြီးပဲ တသောင်းခွဲ နှစ်သောင်း ပျှမ်းမျှ သွားပြီ။ တလ သုံးလောက်ရတယ်။ ဘယ်လိုမှအဆင်မပြေဘူး။ မီးမလာဘူးဆိုရင်လည်း ဂက်(စ်)နဲ့ချက်တယ်။ အပြင်အစာဆို ဥပမာ မုန့်တွေဘာတွေ အရင်ကဆို ညနေပိုင်း ဝယ်စားတယ်။ အခုနောက်ပိုင်းဆို တော်ရုံမဝယ်စားဖြစ်တော့ဘူး၊ လမကုန်ခင် ပိုက်ဆံက ပြတ်စပြုနေပြီဆိုတော့ အပြင်စာတွေ စားမယ်ဆိုရင် လတဝက် လောက်နဲ့ပဲ ကုန်တယ်။ ဘယ်လိုမှမလောက်ဘူး။ အဝတ်အစားဆိုလည်း အရင်လို ဝယ်လို့ အဆင်မပြေတော့ဘူးလေ။ ပိုပြီးတော့ ကျပ်တည်း ကျပ်တည်း ဘယ်လောက်ပဲ အလုပ် လုပ်၊ ဘယ်လောက်ပဲရှာရှာ ဒီအိမ်အတွက် ဖူလုံရသွားတယ်ဆိုတာ မရှိဘူး။”

စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေးအကျပ်အတည်းကြောင့် ရင်းနှီးမြှုပ်နှံမှုကျဆင်းတာနဲ့ စီးပွားရေးမတည်ငြိမ်မှုတွေ ဆိုးသထက်ဆိုးလာတယ်လို့ ပြည်တွင်းစီးပွားရေးသမားတွေက ပြောပါတယ်။ ပြည်သူတွေဟာ ဘေးကင်းလုံခြုံမှု မရှိတဲ့အပြင် အလုပ်လက်မဲ့ ပြဿနာကို ရင်ဆိုင်လာရပြီး အခြေခံစားသုံးကုန်တွေ ဈေးနှုန်းမြင့်တက်လာတာကြောင့် စားဝတ်နေရေး ကျပ်တည်းတဲ့ ပြဿနာနဲ့ပါ ဆက်လက်ရင်ဆိုင်လာရတာပါ။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှုန်း ဆိုးဆိုးရွားရွား ဆုတ်ယုတ်နေတာလို့ ကမ္ဘာ့ဘဏ်ကလည်း အစီရင်ခံစာ ထုတ်ပြန်ထားပါတယ်။ စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့ ရုရှားသတင်းဌာနတခုကို ပြောဆိုရာမှာ အာဏာသိမ်းပြီးနောက် ၂၀၂၁ ကနေ ၂၀၂၃ ခုနှစ်အထိ တောက်လျှောက်စီးပွားရေးဦးမော့လာတယ်လို့ ဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG