သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုန်ဈေးနှုန်းတည်ငြိမ်ရေးအစီအစဉ် စစ်ကောင်စီရှင်းလင်း


စစ်ကောင်စီရဲ့ ၂၂ ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲအတွင်းတွေ့ရတဲ့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်း (ဩဂုတ် ၂၂၊ ၂၀၂၃)
စစ်ကောင်စီရဲ့ ၂၂ ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲအတွင်းတွေ့ရတဲ့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်း (ဩဂုတ် ၂၂၊ ၂၀၂၃)

ကုန်ဈေးနှုန်းတည်ငြိမ်ရေးအတွက် လိုအပ်တဲ့ စည်းမျဉ်းတွေနဲ့ ချုပ်ကိုင်သွားမယ့် အကြောင်း စစ်ကောင်စီက ဒီကနေ့ နေပြည်တော်မှာ ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ထပ်မံသတိပေးပြောဆိုလိုက်ပါတယ်။ ‌၉ လအကြာမှာ ပြန်လည် ကျင်းပတဲ့ စစ်ကောင်စီ သတင်းစာရှင်းလင်းပွဲမှာ ဒေါ်လာဈေး၊ ငွေကြေးနဲ့ ကုန်ဈေးနှုန်း တက်နေတဲ့ကိစ္စတွေကို ထိန်းချုပ်ဖို့ ဆောင်ရွက်နေတဲ့ အကြောင်း အဓိကထား ပြောဆိုခဲ့ပြီး စစ်တပ်က အကြမ်းဖက်အဖွဲ့လို့ ကြေညာထားသူတွေ အနေနဲ့ လက်နက်စွန့်မှသာ ငြိမ်းချမ်းရေး ဆွေးနွေးမယ်လို့လည်း ပြောဆိုသွားပါတယ်။ ဒီကနေ့ စစ်ကောင်စီ သတင်းစာရှင်းလင်းပွဲ အကြောင်း ရန်ကုန်က ပေးပို့တဲ့သတင်းကို မဆုမွန်က တင်ပြပေးပါမယ်။

ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းလောက်ကစလို့ သတင်းစာရှင်းလင်းပွဲ မလုပ်ခဲ့တဲ့ စစ်ကောင်စီဟာ ဒီကနေ့မှာတော့ ၂၂ ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲ ပြန်လည်ကျင်းပပြီး လတ်တလော ရင်ဆိုင်နေရတဲ့ ငွေကြေးဖောင်းပွမှုနဲ့ ဘဏ္ဍာငွေကြေး အကျပ်အတည်းတွေ အကြောင်း အဓိက ပြောသွားတာပါ။ မြန်မာကျပ်ငွေ တန်းဖိုးထိုးကျပြီး ဒေါ်လာနဲ့ ရွှေဈေးတွေ တက်နေတာ၊ စက်သုံးဆီနဲ့ အခြေခံစားကုန်တွေ ဈေးတက်လာနေ တာတွေနဲ့ ပတ်သက်လို့ ကုန်ဈေးနှုန်း တည်ငြိမ်ရေးကို အထူး ဦးစားပေးလုပ်ဆောင်နေတဲ့အကြောင်း ဗဟိုဘဏ် ဒုဥက္ကဋ္ဌ နဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူတွေက ပြောဆိုသွားပါတယ်။ ကုန်ဈေးနှုန်းတည်ငြိမ်ရေးအတွက် လိုအပ်တဲ့ စည်းမျဉ်းတွေ ချမှတ်သွားမယ့်အကြောင်း စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုသွားပါတယ်။

"ကဏ္ဍအလိုက် ခုနပြောတဲ့ အထဲလည်း ပါပြီးပါပြီ။ ကဏ္ဍအလိုက် ကုန်ဈေးနှုန်း ကြီးမြင့်မှုနဲ့ ပတ်သက်လို့ စီးပွားရေးနဲ့ ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန အနေနဲ့လည်း ရှင်းလင်းသွားတာ ရှိပါတယ်။ အဲ့ထဲက တချက်ပဲ ကျနော် ထုတ်ပြောချင်တာ ရှိပါတယ်။ စီးပွားရေး လုပ်ငန်း လုပ်တာကတော့ အမြတ်လိုချင်လို့ လုပ်တာ ဖြစ်တယ်။ မှန်ပါတယ်။ ထိုက်သင့်သော အမြတ်ဖြစ်ဖို့ ကောင်းပါတယ်။ အဲဒါကြောင့် အစိုးရအနေနဲ့ လိုအပ်တဲ့ မူဝါဒ ထိန်းညှိုပေးဖို့ကို ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။"

ဗဟိုဘဏ်က ပြည်တွင်း ဒေါ်လာငွေ လိုအပ်ချက်ကို ဖြည့်တင်းဖို့ ကြိုးပမ်းတဲ့အနေနဲ့ ဒေါ်လာ သန်း ဆယ်နဲ့ချီ ရောင်းချပေးတာ၊ ပို့ကုန်လုပ်ငန်းရှင်တွေ ရလာတဲ့ ဒေါ်လာငွေတွေရဲ့ ၇၅ ရာခိုင်နှုန်းအထိ မဖြစ်မနေ ပြန်ရောင်းဖို့ ညွှန်ကြားခဲ့ရာကနေ ၅၀ ရာခိုင်နှုန်းသာ ပြန်ရောင်းဖို့ လုပ်ပေးတာ၊ ကျန်တဲ့ ၅၀ ရာခိုင်နှုန်းကိုလည်း ဗဟိုဘဏ်က အသစ်ကျင့်သုံးတဲ့ အွန်လိုင်း ကုန်သွယ်စနစ်နဲ့ ရောင်းချဖို့ ညွှန်ကြားထားတာစတဲ့ ထိန်းချုပ်မှုတွေ လုပ်ကိုင်နေပေမဲ့ ထင်သလောက် ခရီးမပေါက်ဘဲ ကုန်ဈေးနှုန်းနဲ့ ဒေါ်လာဈေး တက်နေဆဲ ဖြစ်တယ်ဆိုတာကို ဝန်ခံ ပြောဆိုခဲ့ပါတယ်။

ရင်းနှီးမြှုပ်နှံမှုနဲ့ နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဝါဝါမောင်ကတော့ အကျိုးအမြတ် အဆမတန် လိုချင်တဲ့ လုပ်ငန်းရှင်တွေကြောင့် ဈေးကွက်တွင်း ခုလို အကျပ်အတည်းတွေ ဖြစ်လာရတာလို့ ပြောဆိုသွားပါတယ်။

"သာမန်အမြတ်ဆိုတဲ့ အနေအထားကို လက်ခံနိုင်ပေမဲ့လည်း စီးပွားရေးလောကမှာ ဝိသမလောဘကို ရှေ့တန်း မတင်ဘဲနဲ့ ကျင့်ဝတ်နဲ့အညီ ပူးပေါင်း ဆောင်ရွက်ပေးမယ့် ပုဂ္ဂလိကကဏ္ဍ လိုအပ်နေတာဖြစ်တယ်။ နိုင်ငံအတွက် ပြည်သူများအတွက် နိုင်ငံခြားငွေ စီးဝင်မှုနဲ့ စီးထွက်မှုအတွက် ဒါတွေ စနစ်တကျ မှန်ဖို့ဆိုရင် နိုင်ငံတော်ပါမက ပုဂ္ဂလိကကဏ္ဍက လုပ်ငန်းရှင်တွေပါ ပူးပေါင်းပါဝင်ကြရမှာ ဖြစ်ပါတယ်။ စားသုံးသူပြည်သူတွေအနေနဲ့လည်း ထိတ်လန့်ပြီး ဝယ်ယူတာမဖြစ်ဖို့ လိုအပ်ပါတယ်။"

စစ်ကောင်စီသတင်းစာရှင်းလင်းပွဲမှာတွေ့ရတဲ့ မြန်မာနိုင်ငံ ဗဟိုဘဏ် ဒုတိယ ဥက္ကဌ ၂ ဒေါက်တာလင်းအောင် (သြဂုတ် ၂၂၊ ၂၀၂၃)
စစ်ကောင်စီသတင်းစာရှင်းလင်းပွဲမှာတွေ့ရတဲ့ မြန်မာနိုင်ငံ ဗဟိုဘဏ် ဒုတိယ ဥက္ကဌ ၂ ဒေါက်တာလင်းအောင် (သြဂုတ် ၂၂၊ ၂၀၂၃)

လတ်တလောမှာတော့ အာဏာသိမ်းပြီးတဲ့နောက် ပို့ကုန်နည်းပြီး သွင်းကုန်များနေတာ၊ ဒဏ်ခတ်ပိတ်ဆို့မှုတွေများလာတာမို့ စစ်ကောင်စီ လက်ထဲမှာ ဒေါ်လာငွေ လိုအပ်ချက်က အကျပ်အတည်းတခုလို ဖြစ်လာနေတဲ့အကြောင်း လေ့လာသုံးသပ်သူ တွေက ထောက်ပြကြပါတယ်။ တဘက်မှာလည်း သွင်းကုန်အတွက် ‌ဒေါ်လာငွေ ပေးချေတာမှာ ဒေါ်လာဈေး အဆမတန်တက်ပြီး ကျပ်ငွေတန်ဖိုး အဆမတန်ကျလာတဲ့အပေါ်မှာ လုပ်ငန်းရှင်တွေမှာရှိတဲ့ နိုင်ငံခြားငွေကြေးတွေကို ညွှန်ကြားချက် အမျိုးမျိုးထုတ်ပြီး ကန့်သတ်ဖို့ လုပ်လာနေတယ်လို့ မြန်မာလုပ်ငန်းရှင်တွေနဲ့ သုံးသပ်သူတွေက ပြောဆိုကြပါတယ်။

လတ်တလော တိုင်းပြည်မှာ လက်နက်ကိုင် ပဋိပက္ခတွေနဲ့ နိုင်ငံရေး အကျပ်အတည်းတွေ ကြုံနေရတာနဲ့ ပတ်သက်လို့တော့ စစ်တပ်က အကြမ်းဖက်အဖွဲ့လို့ ကြေညာထားသူတွေဘက်က လက်နက်စွန့်ရင် ငြိမ်းချမ်းရေး ဆွေးနွေးမယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုသွားပါတယ်။ နိုင်ငံရေး အကျပ်အတည်းကို တွေ့ဆုံဆွေးနွေး အဖြေရှာဖို့ တိုက်တွန်းမှုတွေ ရှိနေတဲ့အပေါ် စစ်ကောင်စီ သဘောထားကို အခုလို ပြောဆိုသွားတာ ဖြစ်ပါတယ်။

"နိုင်ငံတော်အစိုးရ အနေနဲ့ အကြမ်းဖက်လို့ ကြေညာထားသူတွေနဲ့ တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းသွားစရာ အကြောင်းမရှိပါဘူး။ တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်း သွားလိုရင် အကြမ်းဖက်လို့ ကြေညာ ခံထားရသူတွေသည် နံပါတ် ၁ ကမ္ဘာသိ အကြမ်းဖက်လုပ်ရပ်တွေကို မလုပ်ဘူးဆိုတဲ့ ဝန်ခံချက် လိုပါတယ်။ နံပါတ် ၂ အကြမ်းဖက် လုပ်ရပ်တွေကို ရှုတ်ချတယ်လို့ ကမ္ဘာသိလုပ်ရပ် လိုပါတယ်။ ဘယ်နိုင်ငံမှ အကြမ်းဖက်တွေနဲ့ အကြမ်းဖက်အလုပ်တွေ မစွန့်လွှတ်မချင်း လက်နက်ကိုင်ပြီးတော့ ပြည်သူလူထုကို သတ်နေတယ်။ ဒီလိုလူတွေနဲ့ ဒီလိုလူတွေကို ဦးဆောင်နေတဲ့ သူတွေနဲ့ တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းကို လျှောက်စရာအကြောင်း မရှိပါဘူး။ ပြည်တွင်းငြိမ်းချမ်းရေး ရဖို့ EAO အဖွဲ့တွေနဲ့ ဆောင်ရွက်နေတာတွေ နိုင်ငံရေး တည်ငြိမ်ဖို့ နိုင်ငံရေး ပါတီတွေနဲ့ တွေ့ဆုံနေတာတွေ ရှေ့ဆက် လုပ်မယ့် ရွေးကောက်ပွဲအတွက် ဆောင်ရွက်နေတဲ့ လုပ်ငန်းတွေကိုတော့ ဆက်လုပ်သွားမယ်။"

ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ အရင်တုန်းကလို ရွေးကောက်ပွဲ ကော်မရှင်ဘက်က ပါဝင်လာတာ မတွေ့ရပါဘူး။ ရွေးကောက်ပွဲ လုပ်ငန်းစဉ်နဲ့ ပတ်သက်လို့ သတင်းထောက်တွေ မေးတာမှာလည်း စစ်ကောင်စီအနေနဲ့ လူတိုင်းမဲပေးနိုင်ဖို့ တည်ငြိမ်အေးချမ်းရေးကို ဦးတည် လုပ်ဆောင်နေကြောင်းနဲ့ ရွေးကောက်ပွဲ ကျင်းပနိုင်ရေး အလေးထား ဆောင်ရွက်နေတဲ့အကြောင်း ပြောကြားခဲ့ပြီး ရွေးကောက်ပွဲ အစီအစဉ်ကို အသေးစိတ်တော့ ပြောဆိုခဲ့တာ မရှိခဲ့ပါဘူး။

တိုက်ရိုက် လင့်ခ်

ဆက်စပ်သတင်းများ ...

XS
SM
MD
LG