မြန်မာနိုင်ငံမှာ နိုင်ငံခြားငွေကို ရောင်းဝယ်ဖောက်ကားခွင့် လိုင်စင် မရှိဘဲ လက်ဝယ်ကိုင်ဆောင်သူတွေကို အရေးယူသွားမယ်လို့ စစ်ကောင်စီ ဗဟိုဘဏ်က မနေ့က ကြေညာလိုက်ပါတယ်။ နိုင်ငံခြားငွေ စီမံခန့်ခွဲမှုဥပဒေအရ ကိုယ့်လက်ထဲမှာ ၆ လကျော်တဲ့အထိ အသုံးမပြုဘဲထားတဲ့နိုင်ငံခြားငွေတွေကို လိုင်စင်ရငွေလဲလုပ်ငန်းတွေမှာ စျေးကွက်ပေါက်စျေးနဲ့ ရောင်းချလဲလှယ်ဖို့၊ ဘဏ်ထဲ ထည့်သွင်းတာတွေ လုပ်ဖို့ ပြဋ္ဌာန်းထားတာကြောင့် အခုလိုကြေညာတာလို့ ဆိုပါတယ်။
ပြည်ပမှာ အလုပ်လုပ်ဖို့ သွားတဲ့သူ ဒါမှမဟုတ် ပညာတော်သင် သွားမယ့်သူတွေကို အမေရိကန်ဒေါ်လာ ၃၀၀ ကနေ ၅၀၀ နဲ့ ညီမျှတဲ့ နိုင်ငံခြားငွေတွေ ရောင်းချပေးနေတဲ့အကြောင်းလည်း ကြေညာချက်မှာ ပါရှိပါတယ်။
ငွေလဲနှုန်း မတည်မငြိမ်ဖြစ်ပြီး ကုန်ဈေးနှုန်း တည်ငြိမ်အောင် ထိန်းသိမ်းဖို့ စစ်ကောင်စီဘက်က ကြိုးပမ်းနေတဲ့ တချိန်တည်းမှာ နိုင်ငံခြားငွေ ပိုင်ဆိုင်မှုနဲ့ လက်ဝယ်ကိုင်ဆောင်မှုတွေကို တင်းတင်းကြပ်ကြပ် ထိန်းချုပ်ဖို့ ပြင်ဆင်လာတာ ဖြစ်ပါတယ်။ ရွှေနဲ့ ဒေါ်လာကိုင်ထားသူတွေ၊ ရောင်းချသူတွေ၊ ပို့ကုန်ရငွေ ပြန်မသွင်းသူတွေကို ဖမ်းဆီး၊ အရေးယူတဲ့ နည်းလမ်းနဲ့ ဒီစျေးကွက်တခုလုံးကို ထိန်းကြောင်းဖို့ စစ်ကောင်စီဘက်က ကြိုးပမ်းနေပေမဲ့ ထိရောက်အောင်မြင်မှု ရှိမယ်မရှိဘူးဆိုတာ စီးပွားရေးအသိုင်းအဝိုင်းက သံသယနဲ့ စောင့်ကြည့်နေပါတယ်။
ဈေးကွက်ထဲမှာ ဒေါ်လာငွေလည်ပတ်မှု မရှိတော့သလောက် ဖြစ်လာပြီး ကျပ် ငွေဈေး ဆက်လက် ကျနေတုန်းပဲလို့ စီးပွားရေး လုပ်ငန်းရှင်တချို့က VOA ကို ပြောပါတယ်။ ဒီနေ့ မနက်ပိုင်း တရားမဝင်ဈေးကွက်မှာ တဒေါ်လာကို ငွေလဲနှုန်း ကျပ်ငွေ ၃၉၀၀ လောက်အထိ ရောက်ခဲ့ပြီး ညနေပိုင်းမှာတော့ ပြန်ကျသွားတယ်လို့ ရန်ကုန် စီးပွားရေးလုပ်ငန်းရှင်တချို့က ပြောပါတယ်။ ငွေကြေးစျေးကွက်တခုလုံး အတက်အကျ ခန့်မှန်းရခက်တဲ့ အခြေအနေ ရောက်နေပြီး ဒေါ်လာဈေး အခုလို ဆက်တက်နေမယ် ဆိုရင်တော့ လုပ်ငန်းတွေ လည်ပတ်ရတာ အဆင်ပြေမှာ မဟုတ်တဲ့အကြောင်း ပို့ကုန်လုပ်ငန်းရှင်တဦးက ဗွီအိုအေ ကိုပြောပါတယ်။