အမေရိကန်အစိုးရက ဒဏ်ခတ်အရေးယူထားတဲ့ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB) နဲ့ မြန်မာ့ ရင်းနှီးမြှုပ်နှံမှုနဲ့ ကူးသန်းရောင်းဝယ်ရေးဘဏ် (MICB) တွေရဲ့ ငွေစာရင်းတွေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့အကြီးဆုံး Sonali ဘဏ်က ပိတ်လိုက်ပါတယ်။ ဒါဟာ စင်္ကာပူ UOB ဘဏ်ပြီးရင် စစ်ကောင်စီနဲ့ အဆက်အသွယ်ဖြတ်တဲ့ အာရှနိုင်ငံတွေထဲက ဒုတိယမြောက် နိုင်ငံလည်း ဖြစ်ပါတယ်။ ဒါဟာ အမေရိကန်အစိုးရရဲ့ ဒဏ်ခတ် အရေးယူမှုတွေကို ပူးပေါင်း ထောက်ခံတဲ့ သဘောပါလား။ စီးပွားရေး၊ နိုင်ငံရေး လေ့လာသုံးသပ်သူတွေရဲ့ အမြင်တချို့ကို ကိုရဲမွန်က တင်ပြပေးထားပါတယ်။
ဘင်္ဂလားဒေ့ရှ်အစိုးရဟာ မြို့တော်ဒါကာမှာရှိတဲ့ အမေရိကန်သံရုံးရဲ့တိုက်တွန်း ပြောဆိုမှုအရ စစ်ကောင်စီရဲ့ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်နဲ့ မြန်မာ့ ရင်းနှီးမြှုပ်နှံမှုနဲ့ ကူးသန်းရောင်းဝယ်ရေးဘဏ်က ငွေစာရင်းတွေကို ဒီရက်ပိုင်းထဲမှာ ထိန်းသိမ်းထားလိုက်ပါတယ်။ မြန်မာဘဏ်တွေက အပ်နှံထားတဲ့ငွေတွေကို ထုတ်သွင်းခွင့်ပိတ်လိုက်တဲ့အကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံပိုင် Sonali ဘဏ်က ဒီရက်ပိုင်းထဲမှာပဲ ထုတ်ပြန်ခဲ့တာပါ။
အလားတူ စင်္ကာပူနိုင်ငံရဲ့ အဓိကဘဏ်ကြီးဖြစ်တဲ့ UOB ဘဏ်ကလည်း မြန်မာနိုင်ငံနဲ့ ဘဏ်ချင်းချိတ်ဆက်လုပ်ဆောင်နေတဲ့ လုပ်ငန်းတွေ ရပ်ဆိုင်းမယ့်အကြောင်း သိပ်မကြာခင်ကပဲ ကြေညာထားတာပါ။ အမေရိကန်အစိုးရ အရေးယူထားတဲ့ မြန်မာဘဏ်ကြီးနှစ်ခုနဲ့ ချိတ်ဆက်လုပ်ကိုင်နေတဲ့လုပ်ငန်းတွေကို အရေးယူမယ်လို့ အမေရိကန်အစိုးရက သတိပေးခဲ့ပြီးတဲ့နောက် ရက်ပိုင်းအတွင်းမှာပဲ အခုလို စင်ကာပူနဲ့ ဘင်္ဂလားဒေ့ရှ်ဘဏ်တွေက မြန်မာဘဏ်တွေနဲ့ လုပ်ငန်းတွေ ရပ်လာတာပါ။
အမေရိကန်အစိုးရဲ့ ဖိအားပေးမှုကြောင့်ဖြစ်စေ၊ စစ်ကောင်စီရဲ့လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့်ဖြစ်စေ ဘင်္ဂလားဒေ့ရှ်ဟာ လုပ်သင့်တဲ့အရေးယူမှုတွေကို လုပ်ခဲ့တာလို့ နိုင်ငံရေးလှုပ်ရှားနေတဲ့ အဖွဲ့အစည်းတွေက ဗွီအိုအေကို ပြောပါတယ်။
မြန်မာ့နိုင်ငံရေးပြဿနာဟာ ပြည်တွင်းပဋိပက္ခထက်ပိုတဲ့ နိုင်ငံတကာ အခင်းအကျင်းပုံစံဖြစ်လာတယ်ဆိုတာကို ဘင်္ဂလားဒေ့ရှ်ကလက်ခံလာပုံ ရကြောင်းနဲ့ ဒီလို အိမ်နီးချင်းတွေနဲ့ မြန်မာ့အရေးကိုအလေးထားတဲ့ နိုင်ငံတိုင်းကို ကြိုဆိုကြောင်း India for Myanmar အဖွဲ့က နိုင်ငံရေး လေ့လာသုံးသပ်သူ ဆလိုင်းဒိုခါရ်က ဗွီအိုအေကို ပြောပါတယ်။
"လက်ရှိအချိန်မှာ India for Myanmar အနေနဲ့ အိန္ဒိယအစိုးရကို အိမ်နီးချင်းကောင်းပီပီသသ မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှုကို ပံ့ပိုးဖို့ တွန်းအားတွေ မျိုးစုံပေးတယ်။ တောင်းဆိုချက်တွေ အမျိုးမျိုးလုပ်ဆောင်နေချိန်မှာ ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီ အိန္ဒိယကတောင်မှ ကျနော်တို့ကိုလှည့်မကြည့်သလိုဖြစ်နေတဲ့အချိန်မှာ ဘင်္ဂလားဒေ့ရှ်ကို တောင်းဆိုမှုတွေသိပ်မလုပ်သော်ငြားလည်း ပြည်သူတွေရဲ့ ခက်ခဲ ကြုံတွေနေမှုတွေ အားလုံးကိုသိမြင်ပြီး လုပ်ဆောင်ချက်တွေဟာ အမေရိကန်ရဲ့ဖိအားပေးမှုကို၊ အမေရိကန်ရဲ့တောင်းဆိုမှုကို လိုက်လာတယ်ဆိုတာထက် ကျနော်တို့ ပြည်သူတွေအပေါ်မှာ စာနာပြီးတော့ အိမ်နီးချင်းကောင်းပီသတယ်လို့ ပြောချင်ပါတယ်။"
လက်ရှိမှာလည်း ဘင်္ဂလားဒေ့ရှ်ဟာ မြန်မာနိုင်ငံက ရိုဟင်ဂျာဒုက္ခသည်တွေကို လက်ခံထားတဲ့အတွက် တခြားနိုင်ငံတွေထက် မြန်မာအပေါ်မှာ စာနာစိတ်ထားနိုင်တယ်လို့ မြင်ကြောင်းလည်း သူက ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်မှာ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်ရဲ့ နှစ်နိုင်ငံ ကုန်သွယ်မှု ပမာဏက အမေရိကန်ဒေါ်လာ သန်း ၁၈၀ စွန်းစွန်းပဲ ရှိပါတယ်။ အဲဒီနှစ်မှာ တရုတ်နဲ့ ကုန်သွယ်မှုက အမေရိကန်ဒေါ်လာ ၉ ဘီလီယံ ရှိနေတာပါ။ ထိုင်းနဲ့က အမေရိကန်ဒေါ်လာ ၆ ဘီလီယံနီးပါး ရှိပါတယ်။ ဒီလို ဘင်္ဂလားဒေ့ရှ်နဲ့ နှစ်နိုင်ငံ ကုန်သွယ်ရေးမှာ အကျိုးစီးပွား ကြီးကြီးမားမား ရှိတယ်၊ မရှိဘူးဆိုတာထက် ဘင်္ဂလားဒေ့ရှ် ခေါင်းဆောင်တွေရဲ့ စစ်ကောင်စီကို လက်မခံနိုင်ဘူးဆိုတာ ပြသလိုက်တာ ဖြစ်ကြောင်း ဆလိုင်းဒိုခါရ်က ပြောပါတယ်။
"မြန်မာ့အရေးမှာ တခြားနိုင်ငံတွေထက် ပိုပြီးတော့ အာရုံစိုက်ပေးတယ်။ ကူညီပံ့ပိုးပေးတယ်ဆိုရင်တော့ မြန်မာနိုင်ငံမှာ သူတို့ရဲ့ရင်းနှီးမြှုပ်နှံမှုများခြင်း၊ မများခြင်းဆိုတာထက် သူတို့ မြန်မာနိုင်ငံအရေးအပေါ်မှာ အလေးထားပြီး အမြန်ဆုံး အဖြေရှာနိုင်ရေးအတွက် အလေးထားကူညီပံ့ပိုးမှုက အဓိက အရေးကြီးပါတယ်။ ဒါကြောင့် အခုချိန်မှာ ဘင်္ဂလားဒေ့ရှ်ရဲ့လုပ်ဆောင်ချက်တွေက ကျနော်တို့ တိုင်းပြည် အပြောင်းအလဲအတွက်လည်း အင်မတန်မှ အထောက်အကူ ဖြစ်တယ်လို့ မှတ်ယူနိုင်ပါတယ်။"
ဘင်္ဂလားဒေ့ရှ် အစိုးရပိုင် Sonali ဘဏ်မှာ မြန်မာဘက်က အပ်နှံထားတဲ့ငွေက အမေရိကန်ဒေါ်လာတသန်းကျော် ရှိပြီး ဒါတွေကို ထိန်းသိမ်းထားလိုက်တာပါ။ ဘင်္ဂလားဒေ့ရှ် ဗဟိုဘဏ်ရဲ့ ရှေ့ဆက် ညွှန်ကြားချက်တွေအပေါ်မူတည်ပြီး မြန်မာဘဏ်နှစ်ခုကို အဆင့်တိုးပြီး အရေးထပ်ယူဖို့လည်း ရှိနေကြောင်း ဘင်္ဂလားဒေ့ရှ် သတင်းတွေမှာ ရေးသားကြပါတယ်။
လက်ရှိ ဘင်္ဂလားဒေ့ရှ်နဲ့ကုန်သွယ်ရေးမှာ ငွေအလွှဲအပြောင်းအတွက် မြန်မာ့စီးပွားရေးဘဏ်ကို အဓိက အားထားနေရတယ်လို့ မောင်တောမြို့က နယ်စပ်ကုန်သည်တဦး ဖြစ်တဲ့ဦးခင်မောင်က ဗွီအိုအေကို ပြောပါတယ်။
"ကျနော်တို့ဘက်မှာ မြန်မာ့စီးပွားရေးဘဏ်နဲ့ဆက်တာကိုး။ ကျနော်တို့ မောင်တောမှာ။ နိုင်ငံခြားငွေအဝင်အထွက်က မြန်မာ့စီးပွားရေးဘဏ် ရှိတယ်။ တခုကောင်းတာ စစ်တွေဘက်က တချို့ကုန်ပစ္စည်းတွေက နိုင်ငံခြားငွေ အခက်အခဲရှိတဲ့အတွက် ကျပ်ငွေနဲ့ပဲ တင်သွင်းထားတာ ရှိပါတယ်။ မောင်တောကတော့ ဒေါ်လာနဲ့ပဲ trade လုပ်ထားပါတယ်။ တချို့ ကုန်သည်ကတော့ ဆက်ပြီး သွားနေတာတော့ တွေ့ပါတယ်။ ဒါပေမဲ့ ကုန်သွယ်မှုက နည်းတော့ နည်းတာပေါ့။ ဘာလို့လဲဆိုတော့ စစ်တွေဘက်က မိုးတွင်းကာလရောက်လာပြီဆိုရင် ရာသီဥတု ဆိုးရွားတဲ့ ဒဏ်လည်းခံရတော့ တင်သွင်းမှုအားနည်းပါတယ်။ အခုနှစ်မှာဆို ပိုဆိုးတာပေါ့။ သူတို့ဘက်ကလည်း ကျနော်တို့ နိုင်ငံလိုပဲ နိုင်ငံခြားငွေသုံးစွဲမှုကို သူတို့မှာလည်း ချင့်ချိန်သုံးနေရတဲ့အပိုင်းရှိတော့ ဝယ်ယူမှုတွေမှာ အတော်အားနည်းတာ တွေ့ရတယ်။"
ဒီနှစ်ဆန်းပိုင်းက စလို့ မြန်မာနိုင်ငံကတင်သွင်းတဲ့ ကုန်ပစ္စည်းတွေကို ဘင်္ဂလားဒေ့ရှ် ဘက်က အကြောင်းပြချက်မပေးဘဲ ကန့်သတ်ခဲ့တာရှိသလို ဒီနှစ်ပိုင်းအတွင်း နှစ်နိုင်ငံ ကုန်သွယ်ရေးပမာဏ သိသိသာသာကျဆင်းသွားခဲ့ပါတယ်။ အခုနောက်ပိုင်း ရေချိုငါးတချို့ ပြန်လည်တင်သွင်းခွင့် ပြုလာတာရှိပေမဲ့လည်း ပုံမှန်ကုန်သွယ်မှုအဆင့်ကိုတော့ ပြန်မရောက်သေးတဲ့အကြောင်း နယ်စပ် ကုန်သွယ်ရေးတာဝန်ရှိသူတွေနဲ့ ကုန်သည်တွေက ပြောဆိုကြပါတယ်။