သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တမူး ခမ်းပတ်ဘက်မှာ ကုန်ဈေးနှုန်းနဲ့ ကယ်ရီခတွေ မြင့်တက် 


Google Map မြေပုံက တွေ့ရတဲ့ စစ်ကိုင်းတိုင်း ခမ်းပတ်မြို့ (ခါမ်းပါတ်)
Google Map မြေပုံက တွေ့ရတဲ့ စစ်ကိုင်းတိုင်း ခမ်းပတ်မြို့ (ခါမ်းပါတ်)

စစ်ကိုင်းတိုင်း ခမ်းပတ်မြို့နဲ့ တမူးမြို့ကြားမှာ စစ်တပ်နဲ့ ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေ အခုရက်ပိုင်း တိုက်ပွဲတွေဖြစ်ပြီး စစ်ရေး တင်းမာနေပါတယ်။ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေတာကြောင့် လမ်းပန်းဆက်သွယ်ရေး ပိုမို ခက်ခဲလာနေပြီး ကုန်ဈေးနှုန်း နဲ့ ကယ်ရီခတွေ သိသိသာသာ ဈေးတက်လာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်ကိုင်းတိုင်းထဲက အခြေအနေတွေကို ကိုရန်နိုင်က စုစည်းတင်ပြပေးပါမယ်။

စစ်ကိုင်းတိုင်း ခမ်းပတ်မြို့နဲ့ တမူးမြို့ကြားမှာ စက်တင်ဘာ ၆ ရက်နဲ့ ၇ ရက်မှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး ဒီနေ့တော့ ငြိမ်နေပေမဲ့ စစ်ရေးတင်းမာနေဆဲဖြစ်ပါတယ်။ ခမ်းပတ်နဲ့ တမူးကြားက ကျေးရွာတွေဖြစ်တဲ့ ရန်လင်းဖိုင် ၊ နန်းမွန်းတား ၊ ခွမ်မွန်းနွံ စတဲ့ ကျေးရွာတွေအနီးမှာ နှစ်ဘက် တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာပါ။ စက်တင်ဘာ ၇ ရက် ကြာသပတေးနေ့က တိုက်ပွဲဖြစ်တဲ့အခြေအနေကို စစ်ပြေးဒုက္ခသည်တွေကို ကူညီပေးနေသူတဦးက ဗွီအိုအေကို အခုလို ပြောပြပါတယ်။

“၁၀ နာရီလောက်မှာ စပြီးတိုက်ပွဲဖြစ်တာ။ နန်းမွန်းတား ရှိမယ် ၊ ရန်လင်းဖိုင်ရှိမယ် ၊ ခွမ်မွန်းနွံ ရှိမယ်။ အဲ့ရွာ ၃ ရွာမှာ သူတို့က ရန်လင်းဖိုင်ကို ရောက်ပြီးတော့မှ ရန်လင်းဖိုင်ကနေ စစ်ကြောင်းထွက်လာတဲ့ အနေအထားပေါ့နော်။ (အခုတော့ နန်းမွန်းတားကို ရောက်နေပြီ။) ကွင်းထဲကအသံဖြုတ်လိုက်ပါ။ သူတို့က တမူးနဲ့ ကလေးကြားမှာ PDF တွေ နေရာယူထားတာတွေ ရှိတယ်ပေါ့နော်။ ပွိုင့်တွေ ရှိတယ်ပေါ့နော်။ အဲ့ဟာတွေကို သူတို့က အကုန်လုံး တိုက်ထုတ်ပြီး တမူးနဲ့ ကလေးကြားကို စစ်ကောင်စီက အင်အား ပြန်ထိန်းမယ်ပေါ့နော် အဲ့လိုတော့ ကြားထားတယ်။”

ဒီနေ့မှာတော့ နန်းမွန်းထားနဲ့ ရန်လင်းပိုင်ရွာတွေမှာ စစ်တပ်တွေ တပ်စွဲထားတယ်လို့ ဒေသခံတွေက ဗီအိုအေကို ပြောပါတယ်။ ဒီဒေသမှာ ၂၀၂၂ ခုနှစ်ထဲက စစ်တပ်က နယ်မြေရှင်းလင်းရေးလုပ်ခဲ့လို့ ဒေသခံတွေ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြတာမို့ အခုဆို စစ်ပြေးဒုက္ခသည်ဖြစ်နေတာ ၁ နှစ်ကျော်လောက်ရှိနေပါပြီ။ အခုနှစ် ဇွန်လ ၂၂ ရက်မှာစခဲ့တဲ့ ခမ်းပတ်နဲ့တမူးမြို့ကြားက ပန်းသာတိုက်ပွဲကစလို့ အခု စက်တင်ဘာအထိ တိုက်ပွဲတွေ အဆက်မပြတ်ရှိနေပြီး ကားလမ်းတွေ ပိတ်နေတဲ့အတွက် ကုန်ဈေးနှုန်းတွေ အဆမတန် မြင့်တက်လာပါတယ်။

ဒါ့အပြင် တမူးမြို့ကနေ ကလေးမြို့ကို သွားဖို့ လူတယောက်ကို ကယ်ရီခ ၂ သိန်း နီးပါး ကုန်ကျတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ကုန်ဈေးနှုန်းတွေတက်ပြီး ကယ်ရီခတွေ ဈေးကြီးတာနဲ့ ပတ်သက်လို့ တမူး ဒေသခံတဦးက အခုလို ပြောပါတယ်။

“ကုန်ဈေးနှုန်းတွေ တက်တာက လမ်းတွေပိတ်တာနဲ့ လမ်းကြောင်းတွေ ကျပ်တာနဲ့ အဲ့လိုမျိုးတွေ ပိတ်တာဗျ။ အဓိက ကျနော်တို့ ကုန်ရတာက လာတာ အောက်ပိုင်းကလာတာကို အခုအောက်ပိုင်းလမ်းတွေက တောက်လျှောက် တမူးကို ဝင်လို့မရဘူးဆိုတော့ တမူးလမ်းက ပိတ်ထားတော့ ကျနော်တို့ဆီမှာ ကုန်စိမ်း ပြတ်တာ တော်တော်ကြာပြီဆိုတော့ ကုန်စိမ်းတွေလည်း တအားထိုးတက်သွားတာပေါ့။ ရှိတဲ့ နယ်ခံတွေမှာ ရှိတဲ့ဟာလည်း နည်းတဲ့အခါကျတော့ တမူးပန်းသာတိုက်ပွဲမှာ ခရမ်းချဉ်သီး တပိသာကို ၃၅၀၀/၄၀၀၀ ဈေးပဲရှိတာ။ အခုနောက်ပိုင်း ခမ်းပတ်တိုက်ပွဲ ပြီးတဲ့အချိန်မှာ ခရမ်းချဉ်သီး ၁ ပိသာကို ၅၀၀၀ လောက် ဖြစ်သွားတယ်။ တမူးကနေ ဆိုင်ကယ်ကယ်ရီနဲ့ ခမ်းပတ်အထိအရောက် အဲ့လိုတဆင့်သွားပြီးမှ ခမ်းပတ်ကနေ ကလေးကို ကားနဲ့ပြန်သွားရတာ။ တမူးကနေ ခမ်းပတ်ကို ဆိုင်ကယ်နဲ့လာမယ်ဆို ၁ သိန်းခွဲဗျ။ ခမ်းပတ်နဲ့ ကလေးကို ခေါင်းခန်းကထိုင်ရင်တောင် ၃၅၀၀ ပဲရှိတာ (အခု) ခမ်းပတ်ကနေ ကလေးကို ၃ သောင်းခင်ဗျ။”

အဓိက လမ်းမကြီးတွေနားမှာ တိုက်ပွဲတွေဖြစ်နေတဲ့အတွက် တမူးကနေ ခမ်းပတ်မြို့ကို တောလမ်းတွေကနေတဆင့် ခက်ခက်ခဲခဲ သွားလာနေရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

တမူးမြို့နဲ့ ခမ်းပတ်မြို့ကြားက ပန်းသာကျေးရွာမှာ ဇွန်လထဲကစလို့ စစ်တပ်နဲ့ ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေ ရက်ရှည် တိုက်ပွဲတွေဖြစ်ခဲ့ပြီး စစ်ရေး တင်းမာခဲ့ပြီးတဲ့နောက် ဇူလိုင်လထဲမှာလည်း ခမ်းပတ်မြို့မှာ တိုက်ပွဲတွေဖြစ်ခဲ့ပါတယ်။ အခု စက်တင်ဘာလ အစမှာလည်း ခမ်းပတ်နဲ့တမူးကြားမှာ တကျော့ပြန်တိုက်ပွဲတွေ ဖြစ်နေတာပါ။

အခုလို တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေပြီး ကားလမ်းတွေပိတ်နေတဲ့အတွက် စစ်ဘေးရှောင်တွေအတွက် အစားအသောက်တွေ လိုအပ်နေပြီး မသန့်ရှင်းတဲ့ ရေတွေ သောက်သုံးနေရတဲ့အတွက် ဖျားနာတာတွေ ရှိနေသလို အရေးပေါ် ဆေးဝါး အကူအညီတွေ လိုအပ်နေတယ်လို့ စစ်ဘေးရှောင်တွေအတွက် ကူညီပေးနေသူတွေက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG