သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆန်ဈေးကြီးမြင့်မှုကြောင့် စစ်ကိုင်းတိုင်းမှာ စစ်ရှောင်တွေ အခက်ကြုံ


ယခင်မှတ်တမ်းရုပ်ပုံ | စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်အတွင်းက အလှူတခုမှာတန်းစီနေတဲ့ စစ်ဘေးရှောင်ကလေးငယ်များ
ယခင်မှတ်တမ်းရုပ်ပုံ | စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်အတွင်းက အလှူတခုမှာတန်းစီနေတဲ့ စစ်ဘေးရှောင်ကလေးငယ်များ

စစ်ကိုင်းတိုင်း ကလေးမြို့နယ်မှာ ဧရာမင်း အမျိုးအစား ဆန်တစ်တင်းခွဲ တစ်အိတ်ကို တစ်သိန်းကျော်အထိ ဈေးပေါက်နေပြီး တချို့နေရာတွေမှာ ဆန်ပြတ်နေလို့ ငွေရှိရင်တောင် ဝယ်လို့မရတဲ့ အခြေအနေ ဖြစ်နေပါတယ်။ ဒီလိုအခြေအနေအောက်မှာ ကလေးမြို့နယ် တောင်ပိုင်းက စစ်ဘေးသင့်ပြည်သူတွေ အတွက် စားနပ်ရိက္ခာ ပြတ်လပ်မှု အခက်အခဲ ပိုဆိုးလာနေတဲ့အကြောင်း ဒေသခံ စစ်ဘေးဒုက္ခသည်တွေနဲ့ သူတို့ကို ကူညီပေးနေသူတွေက ပြောပါတယ်။

စစ်ကိုင်းတိုင်း ကလေးမြို့နယ်မှာ ဧရာမင်း ဆန်တစ်တင်းခွဲ တစ်အိတ်ကို သြဂုတ် လဆန်းပိုင်းတုန်းက ၅၅,၀၀၀ ပေါက်ဈေး ရှိခဲ့တာကနေ သြဂုတ် လလယ်လောက်ကစလို့ တစ်တင်းခွဲ တစ်အိတ်ကို ၁ သိန်းကျော် ဖြစ်သွားတဲ့အပြင် ကုန်ပစ္စည်း ရှားပါးတဲ့အတွက် အလွယ်တကူ ဝယ်ယူလို့ မရတဲ့ အခြေအနေ ကြုံနေရတာပါ။

ကုန်ပစ္စည်း ရှားပါးပြီး ဈေးအဆမတန် တက်နေတာကြောင့် ဒေသခံတွေ အခက်အခဲ ကြုံကြရသလို၊ ဒီအထဲမှာ စစ်ဘေးဒုက္ခသည်တွေ ကတော့ အဆိုးဆုံးဖြစ်နေတာပါ။ ကလေးမြို့နယ်အတွင်း လက်နက်ကိုင် တိုက်ပွဲတွေနဲ့ စစ်ကောင်စီတပ်တွေရဲ့ နယ်မြေရှင်းလင်းမှုတွေကြောင့် ဘေးလွတ်ရာ တိမ်းရှောင်နေကြရတဲ့ စစ်ဘေးဒုက္ခသည်တွေဟာ လမ်းပန်းဆက်သွယ်ရေး အကန့်အသတ်တွေကြားမှာ ဆန်နဲ့ စားနပ်ရိက္ခာရဖို့ ပိုခက်ခဲလာပါတယ်။ ကလေးမြို့က စစ်ရှောင်တွေကို ကူညီပေးနေတဲ့ ကလေးမြို့ ရေရှင်ကျေးရွာက ဦးမောင်စိုးက ဗွီအိုအေကို ခုလိုပြောပြပါတယ်။

“ရိက္ခာကတော့ လောလောဆယ် ဆန်က လုံးဝ ဝယ်လို့မရဖြစ်နေတာကို ကျနော်တို့မှာ တော်တော့်ကို ဝန်လေးနေတယ်ဗျ၊ ဘယ်လို ဖြေရှင်းရမှန်းကို မသိဘူးဖြစ်နေတယ်ဗျ။ အရင်အပတ်တွေတုန်းကတော့ ၅၅,၀၀၀၊ ၆၀,၀၀၀ အဲ့လောက် ပတ်ဝန်းကျင် အဲ့လိုလေးတွေ။ ခုကတော့ ဆန်က ဧရာမင်း တစ်တင်းခွဲဝင် အိတ်တစ်လုံးကို တစ်သိန်းတောင် ဖြစ်သွားပြီဗျ။ အခုက အဲ့တစ်သိန်းကို တစ်သိန်းဆိုတာတောင်မှ ကျနော်တို့ ပိုက်ဆံပေးပြီး ဝယ်နိုင်လို့ လွယ်လွယ်ကူကူ ဝယ်လို့ရတယ်ဆိုရင်တောင် သိပ် ဝန်မလေးဘူးဗျ။ အခုက အဲ့တစ်သိန်းကိုတောင်မှ လွယ်လွယ်ကူကူ ဝယ်မရဘဲ ဖြစ်နေတယ်ဗျ။”

စစ်ကိုင်းတိုင်း ကလေးမြို့နယ်တောင်ပိုင်းမှာ စစ်ကောင်စီရဲ့ နယ်မြေရှင်းလင်းရေး ထိုးစစ်နဲ့ တိုက်ပွဲတွေကြောင့် ဒေသခံ ၂၀၀၀ ဝန်းကျင်လောက်ဟာ ထွက်ပြေးတိမ်းရှောင်နေကြရ (စက်တင်ဘာ ၅၊ ၂၀၂၃)
စစ်ကိုင်းတိုင်း ကလေးမြို့နယ်တောင်ပိုင်းမှာ စစ်ကောင်စီရဲ့ နယ်မြေရှင်းလင်းရေး ထိုးစစ်နဲ့ တိုက်ပွဲတွေကြောင့် ဒေသခံ ၂၀၀၀ ဝန်းကျင်လောက်ဟာ ထွက်ပြေးတိမ်းရှောင်နေကြရ (စက်တင်ဘာ ၅၊ ၂၀၂၃)

ကလေးမြို့နယ်တောင်ပိုင်းက ရေရှင် ကျေးရွာအပါအဝင် ကျေးရွာတချို့မှာ ဒေသခံ ၂၀၀၀ ဝန်းကျင်လောက်ဟာ စစ်ကောင်စီရဲ့ နယ်မြေရှင်းလင်းရေး ထိုးစစ်နဲ့ တိုက်ပွဲတွေကြောင့် ကျေးရွာအတွင်းမှာ မနေနိုင်ကြဘဲ ထွက်ပြေး တိမ်းရှောင်နေကြရတာ ၂ နှစ် ဝန်းကျင် ရှိနေပါပြီ။ ဒီစစ်ရှောင်တွေအတွက် လက်တလော စားနပ်ရိက္ခာ အရေးကြီး လိုအပ်နေတဲ့အကြောင်း စစ်ရှောင်တွေကို ကူညီပေးနေသူတွေက ပြောပါတယ်။

အရင်က ထမင်းကို တနေ့ ၃ နပ် စားနိုင်ကြပေမဲ့ ခုအခါမှာ တနေ့ ၂ နပ်ကိုတောင် ဝမ်းဝအောင် မစားနိုင်ကြဘူးလို့ ပြောပါတယ်။ စစ်ရှောင်ဦးရေနဲ့ ရိက္ခာမမျှ ဖြစ်နေတဲ့ အခြေအနေကို ဦးမောင်စိုးက ပြောပါတယ်။

“ဆန်ရိက္ခာ လိုတာက ကျနော်တို့ စစ်ဘေးရှောင်အားလုံးက ၁၈၀၀ ကျော်လောက် ရှိတယ်ဗျ။ ကျနော်တို့ ရွာရော အင်းကျွန်းရော၊ တောင်သာယာ တို့ ကြံသာတို့ဘက်ကလည်း ရှောင်နေတာလည်း ကျနော်တို့ဘက်မှာ တော်တော်များများ ရှိတယ်။ အားလုံးပေါင်းဆိုရင် ၁,၈၀၀၊ ၂,၀၀၀ လောက် ရှိမယ်ဗျ။ ကျနော်တို့က အရင်ဆိုရင် တနေ့ကို မနက် ထမင်းကြမ်း စားတာရယ်၊ နေ့လယ်တစ်ထပ် စားတာရယ်၊ ညနေ တစ်ထပ်ရယ်ဆို တနေ့ ၃ နပ် စားနိုင်တယ်။ အခု ကျနော်တို့ ပြည်သူတွေမှာ ဆိုလို့ရှိရင် တနေကုန်မှ နှစ်ထပ်ကို အလောဖြစ်နေတယ်ဗျ။ ဆန်အိတ်တွေက အားလုံး ကျနော်တို့ စစ်ဘေးရှောင်တွေ အားလုံးအတွက် ဝယ်မယ်ဆိုရင်တော့ အားလုံး ၆၀၀ လောက်မှ ကျနော်တို့ လောက်မှာဗျ။ တစ်တင်းခွဲဝင် အိတ်ပေါ့လေ။”

စစ်ဘေးရှောင်တွေဟာ စစ်ရှောင်နေကြတဲ့ အတောအတွင်းမှာ တပိုင်တနိုင် စိုက်ပျိုးရေးလုပ်တာ၊ စိုက်ခင်းတွေမှာ အငှားလိုက်တာတွေ လုပ်ကြပေမဲ့လို့ ရတဲ့ငွေက တစ်နေ့စာ ဆန်ဝယ်ပြီး စားသောက်နိုင်ဖို့ မလောက်ငှကြသူတွေ များတယ်လို့ ဒေသခံတွေက ပြောပြကြပါတယ်။ ဒါ့အပြင် လတ်တလော ပိုဆိုးနေတာကတော့ လက်ထဲ ငွေရှိရင်တောင် ဆန်ဝယ်မရတဲ့ ပြဿနာက အဓိက ကြုံနေရတာလို့ ဒေသခံတဦးက ပြောပါတယ်။

“ကျနော်တို့ လက်လုပ်လက်စားတွေ ကတော့ နှမ်းရိတ်တွေ ဘာတွေလိုက် တမနက် ၇,၀၀၀၊ ၈,၀၀၀ ရလည်း ခုက ဆန်တစ်ပြည်ဆိုရင် ၃,၅၀၀၊ ၄,၀၀၀ နားနီးဆိုတော့ တချို့ကျ တစ်မနက်ခင်း လုပ်တာတောင် ဆန်တပြည်ဖိုး မရတဲ့သူတွေလည်း ရှိတယ်။ တချို့ကျတော့လည်း လုပ်အားခလေးတွေကို ဆန်ရိက္ခာလေး ပေးပါဆိုတာတောင် ဆန်မပေးဘဲနဲ့ ပိုက်ဆံပဲ ပေးတဲ့သူတွေ ရှိတဲ့ခါကျ အဲ့မှာ ကျနော်တို့ လက်ထဲမှာ ပိုက်ဆံရှိနေပြီး ရိက္ခာပြတ်တောက်နေတာဗျ။”

စစ်ကိုင်းတိုင်း ကလေးမြို့နယ်တောင်ပိုင်းမှာ စစ်ကောင်စီရဲ့ နယ်မြေရှင်းလင်းရေး ထိုးစစ်နဲ့ တိုက်ပွဲတွေကြောင့် ဒေသခံ ၂၀၀၀ ဝန်းကျင်လောက်ဟာ ထွက်ပြေးတိမ်းရှောင်နေကြရ (စက်တင်ဘာ ၅၊ ၂၀၂၃)
စစ်ကိုင်းတိုင်း ကလေးမြို့နယ်တောင်ပိုင်းမှာ စစ်ကောင်စီရဲ့ နယ်မြေရှင်းလင်းရေး ထိုးစစ်နဲ့ တိုက်ပွဲတွေကြောင့် ဒေသခံ ၂၀၀၀ ဝန်းကျင်လောက်ဟာ ထွက်ပြေးတိမ်းရှောင်နေကြရ (စက်တင်ဘာ ၅၊ ၂၀၂၃)

တချိန်တည်းမှာပဲ စစ်ကောင်စီရဲ့ လမ်းပန်းဆက်သွယ်ရေး ဖြတ်တောက်မှု၊ စစ်ဆေး ဖမ်းဆီးမှုတွေနဲ့ သွားလာရေး အခက်အခဲတွေကြောင့် ဆန်ဝယ် ယူနိုင်ဖို့ ပိုပြီး ခက်ခဲနေတဲ့အကြောင်းလည်း ပြောဆိုကြပါတယ်။ ကလေးမြို့နယ် တောင်ပိုင်းက စစ်ဘေးရှောင်တွေအတွက် ဆန်ရိက္ခာအပြင် မိုးရာသီကာလ မိုးကာတဲတွေ လိုအပ်နေသလို ကျန်းမာရေးအတွက် ဆေးဝါး လုံလောက်မှုလည်း မရှိဘူးလို့ စစ်ဘေးရှောင် ကူညီနေသူတွေက ပြောပါတယ်။

ကလေးမြို့နယ်တခုလုံးမှာ စစ်ဘေးရှောင် အရေအတွက်က ၅၀,၀၀၀ ဝန်းကျင်ရှိပြီး လုံလောက်တဲ့ ထောက်ပံ့ ကူညီမှုတွေ မရှိတဲ့အကြောင်း စစ်ဘေးရှောင်ကူညီရေးအဖွဲ့ ကလေးဒေသ တွဲဘက်တာဝန်ခံက ပြောပါတယ်။

စစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေး ထိုးစစ်နဲ့ တိုက်ပွဲတွေကြောင့် စစ်ကိုင်းတိုင်းအတွင်းမှာ အိုးအိမ် စွန့်ခွာ ထွက်ပြေးနေကြရတဲ့ စစ်ရှောင် အရေအတွက်က တနေ့ထက်တနေ့ ပိုပြီး တိုးလာနေပါတယ်။ ပြည်သူ့ ကာကွယ်ရေးတပ် PDF တွေဟာ ဒေသတွင်းက ကျေးရွာတွေကို အခြေစိုက်ပြီး အကြမ်းဖက် လုပ်ငန်းတွေ လုပ်နေတယ်ဆိုပြီးတော့လည်း မြန်မာစစ်တပ်က စွပ်စွဲထားပါတယ်။

စစ်ကိုင်းတိုင်းအတွင်းမှာ အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်တဲ့ ကျေးရွာတွေရှိသလို၊ စစ်ကောင်စီကို လိုလားတဲ့ ကျေးရွာတချို့လည်း ရှိနေပြီး အဲဒီကျေးရွာတွေကို စစ်ကောင်စီက ပြည်သူ့စစ်အဖြစ် လက်နက် တပ်ဆင်ပေးတာ ရှိသလို၊ ဒေသခံကာကွယ်ရေး PDF တပ်ဖွဲ့တွေနဲ့ အပြန်အလှန် တိုက်ခိုက်ကြတာတွေလည်း ရှိပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG