သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ငါန်းဇွန် သားကျင်ကျေးရွာသားတွေကို စစ်ကောင်စီဖမ်းဆီးစစ်ဆေး


ငါန်းဇွန်မြို့ (Crd: ငါန်းဇွန်ဖဘ)
ငါန်းဇွန်မြို့ (Crd: ငါန်းဇွန်ဖဘ)

မန္တလေးတိုင်း ငါန်းဇွန်မြို့နယ် သားကျင်ကျေးရွာမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဟာ ကျေးရွာဒေသခံတွေကို ဖမ်းဆီးစစ်ဆေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ တချိန်တည်းမှာပဲ စစ်ကိုင်းတိုင်း ချင်းတွင်းမြစ်ကြောင်းကနေ စစ်ကောင်စီတပ်တွေ ဆန်တက်လာနိုင်တယ်ဆိုပြီး မြစ်ကြောင်းနံဘေးနေထိုင်တဲ့ကျေးရွာတွေကို ကာကွယ်ရေးအဖွဲ့တွေက သတိပေးပါတယ်။ မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်းအတွင်း စစ်ရေးအခြေအနေသတင်းပေးပို့ချက်ကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

မန္တလေးတိုင်း ငါန်းဇွန်မြို့နယ် သားကျင်ကျေးရွာမှာ တပ်စွဲနေတဲ့ စစ်တပ်ကို ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေက စက်တင်ဘာလ ၁ ရက်နေ့မှာ အဝေးထိန်း ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့ပြီးတဲ့နောက် စက်တင်ဘာ ၃ ရက်နေ့ မနက်ပိုင်းကစလို့ လူငယ်တွေနဲ့ သက်လတ်ပိုင်း ကျေးရွာသူ ကျေးရွာသားတွေကို စစ်တပ်က ဖမ်းဆီး စစ်ဆေးနေတာပါ။

သားကျင်ကျေးရွာသူ ကျေးရွာသားတွေကို အပြင်ထွက်ခွင့်မပေးတော့ဘဲ စစ်ဆေးနေတာဖြစ်လို့ ဖမ်းဆီးခံရတဲ့သူတွေရဲ့ အခြေအနေတွေကို မသိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။ အရပ်သားတွေ ဖမ်းဆီးခံရတာနဲ့ ပတ်သက်လို့ ငါန်းဇွန်ဒေသခံတဦးက ခုလို ပြောပါတယ်။

“သားကျင်ရွာက သူက အထိုင်တပ်ပေါ့ဗျာ။ ရွာလယ်က ဘုန်းကြီးကျောင်းမှာ သူတို့ တပ်စွဲတယ်ပေါ့ဗျာ။ ကာကွယ်ရေးအဖွဲ့တွေက အဲ့ကျောင်းကို ဒရုန်းနဲ့သွားချတာ။ ၁ ရက်နေ့ကကိုပဲ ဒရုန်းချသေးတယ်။ ချတော့ မနေ့ကစပြီးတော့ ဖမ်းတာပဲ။ မနေ့ မနက်ပိုင်းကစပြီး ရွာသူရွာသားတွေကို ဖမ်းတာပဲ။ ရွာသားတွေ ပြောပြချက် ကတော့ ၅၀ နီးပါး- ၅၀ ဝန်းကျင်ပေါ့။ အသက် ၆၀ ကျော်တွေလည်း ပါမယ်။ လူငယ်လူရွယ်တွေလည်း ပါမယ်။ အများအားဖြင့် သူတို့ပြောနေတာက ၂၀ ဝန်းကျင် လူငယ်လူရွယ်တွေ အများဆုံး ပါမယ်ကြားတာပဲ။ အခုလောလောဆယ်တော့ မျက်နှာစည်းပြီးတော့ မေးတာမြန်းတာ လုပ်နေတာ။ မေးတာမြန်းတာအပေါ်မှာ သူတို့ဖမ်းဆီးတာတွေ ထပ်ရှိတာပေါ့လေ။ နောက်ဆက်တွဲက အသတ်ခံရတာလည်း ရှိနိုင်သလို ဖမ်းဆီး ခေါ်ဆောင်တာလည်း ရှိနိုင်တယ်ပေါ့။”

ဒေသခံအရပ်သား ၅၀ နီးပါး ဖမ်းဆီးခံရတာနဲ့ ပတ်သက်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်တာတော့ မရှိသေးပါဘူး။ သားကျင်ရွာဟာ ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေ အားကောင်းတဲ့ ရေလယ်ကျွန်းဒေသက ကျေးရွာတွေနဲ့ နီးတဲ့အတွက် စစ်တပ်ဟာ ၂၀၂၂ ခုနှစ် နှစ်ကုန်ကစပြီး တပ်စွဲနေတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်တပ်ဟာ သားကျင်ကျေးရွာကနေ အနီးနားက ကျေးရွာတွေမှာ နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေသလို ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေနဲ့လည်း မကြာခဏ တိုက်ပွဲတွေ ဖြစ်လေ့ရှိပါတယ်။ ဒါက မန္တလေးတိုင်း ငါန်းဇွန် နယ်ထဲက အခြေအနေပါ။

ဒီအတောအတွင်း စစ်ကိုင်းတိုင်း ချင်းတွင်းမြစ်ထဲမှာလည်း စက်တင်ဘာ ၂ ရက် နေ့က စစ်တပ်ရဲ့ ရေယာဉ်တွေဟာ မုံရွာနဲ့ ဆားလင်းကြီးကြားမှာ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်တာ ခံခဲ့ရပါတယ်။ တိုက်ပွဲဖြစ်ပြီးနောက် မြစ်ကမ်း နဘေးမှာရှိတဲ့ ကျေးရွာတွေကို စစ်ကောင်စီ ရေယာဉ်တွေက ပစ်ခတ်တဲ့အတွက် နေအိမ်အဆောက်အဦးတချို့ ထိခိုက်ခဲ့ပါတယ်။

အဲ့ဒီနောက် ဆားလင်းကြီးမြို့နဲ့ မုံရွာကြားက မင်းဒေါင့်ဆိပ်ကမ်းမှာ ဆိုက်ကပ်ထားပြီး စစ်ကိုင်းတိုင်း အထက်ပိုင်းကို ဆန်တက်ဖို့ ပြင်ဆင်နေတဲ့အတွက် မြစ်ကမ်းနံဘေး ကျေးရွာတွေက ဒေသခံတွေ သတိထားကြဖို့ ကာကွယ်ရေး အဖွဲ့တွေက အသိပေးထားပါတယ်။

ဒီအခြေအနေနဲ့ ပတ်သက်လို့ တပ်ပေါင်းစု သတင်းပြန်ကြားရေး တာဝန်ခံက အခုလို ပြောပါတယ်။

“မနေ့က မုံရွာမင်းဒေါင့်ဆိပ်ကမ်းကို ရောက်တယ်။ ၇ စီး၊ ၈ စီးလောက်တော့ ရှိမယ်။ သူတို့ အထက်ကို ရိက္ခာပို့မယ်လို့လည်း ကြားတယ်။ သူတို့ဆန်လာရင် လုံခြုံရေးအသိ သတိလေး ရှိကြဖို့ စစ်ရေးအသိ သတိလေးရှိကြဖို့ မှာချင်တယ်။ သူတို့ဆန်တက်လာရင် ဒီအတိုင်း ဆန်တက်တာမဟုတ်ဘူး။ ဘေးရွာတွေကို ဟိုပစ်ဒီပစ် ပစ်တာ ဆိုတော့ တိုက်ပွဲမဖြစ်လည်း ပစ်တယ်။ ကမ်းဘေးမှာရှိတဲ့ ချင်းတွင်းမြစ်ဘေးမှာရှိတဲ့သူတွေက သူတို့ဆန်လာရင် ရှောင်နေတာ ကောင်းမယ်ဗျ။ ဒီအတိုင်းဆို အန္တရာယ်များတယ်။”

စစ်တပ်ဟာ စစ်ကိုင်းတိုင်း အထက်ပိုင်းက စစ်စခန်းတွေနဲ့ စစ်တပ် ထောက်ခံတဲ့ ပျူစောထီး ကျေးရွာတွေကို အင်အား ရိက္ခာ လက်နက်တွေ ပို့ဆောင်ဖို့ အတွက် ချင်းတွင်းမြစ်ကို အဓိကထား အသုံးပြုနေတာဖြစ်ပြီး ကာကွယ်ရေး တပ်ဖွဲ့တွေကလည်း ဒီလို သင်္ဘောတွေ ဆန်တက်လာရင် ပစ်ခတ် တိုက်ခိုက်တာတွေ လုပ်လေ့ရှိပါတယ်။

စစ်တပ်ဟာ ကုန်းလမ်းကို အသုံးပြုပြီး အင်အားရိက္ခာတွေ ပို့ဆောင်ချိန်မှာ ကာကွယ်ရေးအဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်တာတွေ ရှိတဲ့အတွက် အခုလို မြစ်ကြောင်းကနေတဆင့် ပို့ဆောင်နေတာလည်း ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG