သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေသခံတွေပြောတဲ့ ငါန်းဇွန်နဲ့ ချင်းတွင်းက တိုက်ပွဲ


Travel Myanmar River Journeys
Travel Myanmar River Journeys

မန္တလေးတိုင်း ငါန်းဇွန်းမြို့နယ်ထဲက ကျေးရွာတွေမှာ စစ်တပ်က နယ်မြေ ရှင်းလင်းမှုအတွင်း နေအိမ် ၆၀ နီးပါး မီးလောင်ကျွမ်းခဲ့ပြီး အရပ်သား (၆) ဦး လည်း သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီအတောအတွင်း ချင်းတွင်းမြစ်ကဆန်တက်သွားတဲ့ စစ်တပ်သင်္ဘောတွေလည်း မင်းကင်းမြို့နယ်ထဲကိုရောက်နေပြီး လက်နက်ကြီးတွေ ပစ်ခတ်တာကြောင့် မြစ်ဘေးကကျေးရွာ ၂၀ နီးပါးက ဒေသခံ ၄ ထောင်နီးပါး တိမ်းရှောင်နေ ရပါတယ်။ မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်းထဲက အခြေအနေတွေကို ကိုရဲမွန်က တင်ပြထားပါတယ်။

မန္တလေးတိုင်း ငါန်းဇွန်းမြို့နယ်ထဲကို သြဂုတ် ၅ ရက်ကတည်းက စစ်တပ်က နယ်မြေရှင်းနေတာ ၁၂ ရက် နီးပါးရှိနေပြီး သြဂုတ် ၁၆ ရက်နေ့မှာတော့ ရေလယ်သောင်ကျေးရွာအုပ်စုက နေအိမ် ၆၀ နီးပါးကို မီးရှို့သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သြဂုတ် ၁၄ ရက်နေ့ကလည်း စစ်တပ်က နယ်မြေရှင်းလင်းနေတဲ့အတွက် ဒေသခံတွေဟာ ငါးဇွန်မြို့တဘက်ကမ်း မြင်းမူမြို့နယ်ထဲက ရွာသာလေး ကျေးရွာကို တိမ်းရှောင်နေချိန် စစ်တပ်ကဝင်ပစ်တဲ့အတွက် စစ်ဘေးရှောင် (၆) ဦး သေဆုံးခဲ့ရပါတယ်။

နေအိမ်တွေမီးရှို့ခံရပြီး အရပ်သားတွေသေဆုံးတာနဲ့ပတ်သက်လို့ ငါန်းဇွန် ဒေသခံတဦးက အခုလို ပြောပြပါတယ်။

“မနေ့က ကျနော်တို့ ဒီ လင်္ကာဒီပ၊ ယက္ခဒီပ၊ အောင်သုခ အဲ့ရွာတွေမှာ မီးရှို့သွားတာပေါ့။ အဲ့ရွာတွေက အိမ်ခြေ ၆၀ နီးပါးလောက် မီးလောင်သွားတာ။ ဘာတိုက်ပွဲမှမရှိဘဲအလွတ်ရှို့တာ။ ၁၄ ရက်နေ့က ကျွန်းရွာတွေကိုလည်း စစ်ကြောင်းထိုးတယ်။ ဒေသခံပြည်သူတွေကမနေရဲလို့ဆိုပြီး ငါန်းဇွန်မြို့နယ် တဘက်ကမ်း မြောင်မြို့နယ်တို့၊ မြင်းမူမြို့နယ်တို့မှာသွားပြီး စစ်ဘေးရှောင်ကြရတာပေါ့။ လက်သင့်ရာစစ်ဘေးရှောင်ကြရတာ။ စစ်ဘေးရှောင်ကြတော့ မြင်းမူမြို့နယ် ရွာသာလေးရွာကို ရှောင်နေချိန်၊ စာသင်ကျောင်းထဲမှာ ရှောင်နေချိန် စစ်ကြောင်း ဝင်လာပြီးတော့မှ ပစ်ဝင် ဝင်တော့ ကျေးရွာသားတွေ ထိကုန်တာပဲ။ လင်္ကာဒီပ ရွာပါမယ်။ နောက်ပြီး လက်ပံသာပါမယ်။ အဲ့ ၂ ရွာက ပြည်သူ ၆ ဦး ဆုံးသွားတယ်။”

အခု နေအိမ်တွေမီးရှို့ခံရပြီး စစ်တပ်နယ်မြေရှင်းလင်းနေတဲ့ နေရာဟာ မန္တလေးတိုင်း ငါန်းဇွန်မြို့နယ်နဲ့ စစ်ကိုင်းတိုင်း မြင်းမူ၊ မြောင်မြို့နယ် ၃ နေရာစုံတဲ့ နရာဖြစ်ပြီး ဧရာဝတီမြစ်ဘေးက ကျေးရွာတွေ ဖြစ်ပါတယ်။ နယ်မြေ ရှင်းလင်းပြီး အရပ်သားတွေ သေဆုံးတာနဲ့ပတ်သက်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

ချင်းတွင်းမြစ်ကနေ စစ်ကိုင်းတိုင်း အထက်ပိုင်းကို ဆန်တက်သွားတဲ့ စစ်တပ် သင်္ဘောအုပ်စုဟာ မင်းကင်းမြို့နယ်ထဲကို ရောက်ရှိနေပြီး သင်္ဘောတွေပေါ်ကနေ လက်နက်ကြီးတွေ ပစ်ခတ်တဲ့အတွက် အဆောက်အဦးတွေပျက်စီးတာ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်သင်္ဘောအုပ်စု ဆန်တက်လာတာကြောင့် ချင်းတွင်းမြစ်ဘေးက ကျေးရွာ ၂၀ နီးပါးက ဒေသခံ ၄ ထောင်လောက် ဘေးလွတ်ရာ တိမ်းရှောင်နေရတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“မနေ့က ယုံသာရွာမှာ သီးသန့် သူတို့က ဘာမှမဟုတ်ဘဲနဲ့ သီးသန့်ပစ်တာ။ ဘာမှ သူတို့ကို ပစ်ခတ်တိုက်ခိုက်မှုမရှိဘဲနဲ့ကို ပစ်တာ။ အဲ့က စစ်ဘေးရှောင်တဲ ၈ လုံးလောက် ပျက်စီးသွားတယ်။ ရွာ ၂၀ လောက်ရှောင်တိမ်းနေရတယ်။ လူဦးရေအနေနဲ့ ၄ ထောင်ကျော်ဝန်းကျင်လောက် ရှိမယ်လို့ ခန့်မှန်းရတာပေါ့ဗျာ။”

သြဂုတ်လ ၁၄ ရက်ကလည်း စစ်သင်္ဘောပေါ်ကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တဲ့အတွက် လက်ပံဆိပ်ကျေးရွာကဘုန်းကြီးကျောင်း လက်နက်ကြီး ထိမှန် ပျက်စီးခဲ့ရပါတယ်။ စစ်သင်္ဘောတွေဟာ ဆည်ချောင်းကျေးရွာမှာ ဆိုက်ကပ်ထားပြီး စစ်ကိုင်းတိုင်းအထက်ပိုင်းကို ဆန်တက်ဖို့ပြင်ဆင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်တပ်သင်္ဘော ၈ စီး အုပ်စုဟာ သြဂုတ်လအစောပိုင်းကစလို့ မုံရွာ ဆိပ်ကမ်းကနေ ချင်းတွင်းမြစ်ကြောင်းအတိုင်း ထွက်ခွာလာတာဖြစ်ပြီး ကနီမြို့နယ်ထဲမှာလည်း ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေ ဖြစ်ခဲ့ပါသေးတယ်။

စစ်တပ်ဟာ ကုန်းလမ်းကနေ မော်တော်ယာဉ်တွေနဲ့သွားလာချိန် မကြာခဏ မိုင်းဆွဲတိုက်ခိုက်ခံရတာတွေ ရှိတဲ့အတွက် ခဲယမ်းရိက္ခာတွေနဲ့ ကုန်ပစ္စည်းတွေ ပို့ဆောင်ဖို့ ချင်းတွင်းမြစ်နဲ့ ဧရာဝတီမြစ်ကို အဓိကအသုံးပြုနေရတာလည်း ဖြစ်ပါတယ်။ စစ်တပ်သင်္ဘောတွေ ဖြတ်သန်းသွားလာရင်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်တဲ့အတွက် မြစ်ကမ်းနဘေးက ဒေသခံတွေဟာ ဘေးလွတ်ရာတိမ်းရှောင်ရပြီး ကာကွယ်ရေးတပ်ဖွဲ့တွေကလည်း မကြာခဏ ပစ်ခတ်တိုက်ခိုက်တာတွေ လုပ်လေ့ရှိပါတယ်။

စစ်တပ်သင်္ဘောတွေကပစ်ခတ်တာကြောင့် လက်နက်ကြီးထိမှန်လို့ ဒေသခံတွေ သေဆုံးရတာလည်း ရှိသလို စစ်သင်္ဘောတွေကို ခြံရံလာတဲ့ လက်နက်ရိက္ခာတင် သင်္ဘောတွေကို ကာကွယ်ရေးအဖွဲ့တွေက သိမ်းဆည်းရမိတာတွေလည်း ရှိခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG