သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကာကွယ်ဆေးမထိုးနိုင်တဲ့ စစ်ကိုင်းက မွေးကင်းစကလေးငယ်များ 


ကန့်ဘလူမြို့နယ်မှာ စစ်ကောင်စီ စစ်ဆင်ရေးကြောင့် ဒေသခံထောင်သောင်းချီထွက်ပြေး (သြဂုတ် ၃၁၊ ၂၀၂၃)
ကန့်ဘလူမြို့နယ်မှာ စစ်ကောင်စီ စစ်ဆင်ရေးကြောင့် ဒေသခံထောင်သောင်းချီထွက်ပြေး (သြဂုတ် ၃၁၊ ၂၀၂၃)

အာဏာသိမ်းမှုနောက်ပိုင်း စစ်ရေးပဋိပက္ခတွေ ပြင်းထန်နေတဲ့ စစ်ကိုင်းတိုင်းအတွင်းက မြို့နယ်တချို့မှာ ကိုယ်ဝန်ဆောင် ကျန်းမာရေးနဲ့ မွေးကင်းစကလေးငယ် ကာကွယ်ဆေး မထိုးပေးနိုင်တာ နှစ်နဲ့ချီ ရှိလာနေပြီလို့ စစ်ရှောင် ဒေသခံတွေနဲ့ ကျန်းမာရေး ဆေးဝန်ထမ်းတွေက ပြောပါတယ်။ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် ဘေးလွတ်ရာ တိမ်းရှောင်နေကြရသူတွေ အတွက် ကျန်းမာရေး စောင့်ရှောက်မှု လိုအပ်ချက်တွေ များလာနေတဲ့အကြောင်း သတင်းပေးပို့ချက်ကို မစုမြတ်မွန်က တင်ပြပေးပါမယ်။

စစ်ကိုင်းတိုင်း ကလေးမြို့နယ်တောင်ပိုင်းဒေသ ရေရှင်ကျေးရွာအပါအဝင် ရေရှင်ရွာနဲ့ အနီးတဝိုက် ကျေးရွာတွေက စစ်ဘေးတိမ်းရှောင်နေရသူတွေဟာ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် ကျေးရွာတွေထဲ လုံးဝ ပြန်မဝင်နိုင်ဘဲ တောထဲမှာပဲ ပုန်းခိုနေကြရတာ အခုဆိုရင် ၂ နှစ်လောက် ရှိနေကြပါပြီ။ ဒီကာလတွေ အတွင်းမှာ ကိုယ်ဝန်ဆောင်တွေအတွက် ကျန်းမာရေးစောင့်ရှောက်မှု အနည်းအကျဉ်း ရခဲ့တာရှိရင်တောင် မွေးကင်းစ ကလေးငယ်တွေအတွက် လိုအပ်တဲ့ ကာကွယ်ဆေးနဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေ ကတော့ မရှိသလောက်ပဲလို့ ရေရှင်ကျေးရွာဒေသခံ ဦးမောင်စိုး က ပြောပါတယ်။

“ကျနော်တို့ ဒီဘက်မှာ ကာကွယ်ဆေး ထိုးပေးတဲ့ သူတွေလည်း မရှိဘူးဗျ။ မွေးကင်းစကလေးတွေနဲ့ ကိုယ်ဝန်ဆောင်တွေကတော့ နဂိုက ရှေးရိုးထုံးစံ အတိုင်းလေးတွေနဲ့ပဲ စစ်ဘေးရှောင်ရင်း နေကြရတာဗျ။ ကိုယ်ဝန်ဆောင် မိခင်သည်တွေနဲ့ ပတ်သက်လို့ မွေးကင်းစကလေးတွေ အတွက်တို့ ဆေးထိုးပေးစရာဆိုလို့ မရှိဘူးဗျ။ ကျနော်တို့ ကတော့ ကြုံကို မကြုံဖူးသေးဘူးဗျ။ ဒီမွေးကင်းစကလေးတွေကို ကာကွယ်ဆေး မထိုးပေးနိုင်တဲ့ခါကျတော့ ကျနော်တို့ ဒီဘက်မှာက ဂေါမုတ္တ ဆိုလား ကျနော်တို့ သိပ်မသိဘူး၊ ပြီးတော့ ဆေးနီကျော်တို့ ကျနော်တို့မှာ တိုင်းရင်း ဆေးဝါးကနေ ထုတ်တဲ့ဟာလေးတွေနဲ့ပဲ သူတို့ လောလောဆယ်တော့ လုပ်ကြတယ်။ မနေ့ကဆိုရင် ကျနော်တို့ နေတဲ့ နေရာလေးမှာ ဆိုလို့ရှိရင် ဆေးဝါးမရှိလို့မို့ ကျနော်တို့မှာ ဆားနဲ့ နနွင်းနဲ့ တိုက်ရတဲ့ အထိတောင် ဖြစ်တယ်ဗျ။”

ရေရှင်နဲ့ အနီးတဝိုက် ကျေးရွာ အနည်းဆုံး ၁၀ ရွာလောက်က စစ်ပြေးဒုက္ခသည်တွေ ဘေးလွတ်ရာ တိမ်းရှောင်နေကြရတဲ့ ၂ နှစ်ဝန်းကျင်ကာလအတွင်းမှာ ကလေးမွေးဖွားသူ အယောက် ၇၀ ကျော်လောက် ရှိခဲ့ပြီးတော့ မွေးကင်းစကလေး သေဆုံးမှုတချို့ ရှိခဲ့တယ်လို့လည်း ဒေသခံ စစ်ရှောင်တွေက ပြောပါတယ်။

ကန့်ဘလူခရိုင်အတွင်းက ကန့်ဘလူမြို့နယ်နဲ့ ကျွန်းလှမြို့နယ်တွေမှာလည်း စစ်ရှောင်တွေ ကျန်းမာရေး စောင့်ရှောက်မှု လုံလုံလောက်လောက် မရကြပါဘူး။ စစ်ကောင်စီထိန်းချုပ်တဲ့ မြို့ပေါ်က နေရာတချို့မှာ မွေးကင်းစ ကလေးငယ်တွေကို ကာကွယ်ဆေး ထိုးပေးတာရှိပေမဲ့ လုံလောက်မှု မရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။

စစ်ရေးပြင်းထန်တဲ့ ဒေသတွေမှာတော့ မွေးကင်းစ ကလေးငယ်တွေကို ကျန်းမာရေး စောင့်ရှောက်မှု လုံးဝ မပေးနိုင်တဲ့အခြေအနေ ဖြစ်နေတယ်လို့ ကန့်ဘလူခရိုင်အတွင်းက ကျန်းမာရေး ဝန်ထမ်းတစ်ဦးက ခုလို ပြောပါတယ်။

“အခု ပြဿနာ တော်တော်များများက ကန့်ဘလူမြို့ထဲမှာပဲ ဖြစ်နေတာများတယ်။ ဗျူဟာလမ်းကျတဲ့ နေရာက ရွာတော်တော်များများကတော့ တချိန်လုံး ရှောင်နေရတာ။ ဆိုတော့ အဲ့ဒီမှာရှိတဲ့ ကိုယ်ဝန်ဆောင်တွေ၊ မွေးကင်းစ ကလေးတွေအတွက်က ကျန်းမာရေး စောင်ရှောက်မှု ပေးနိုင်ဖို့က လုံးဝမလွယ်ဘူး ဖြစ်နေတယ်။ စစ်ကြောင်းတစ်လျှောက် ထိုးနေတဲ့ခါကျတော့ အဲ့မှာ အခြေအထိုင်ချပြီး လုပ်နေတဲ့ ကျန်းမာရေးဝန်ထမ်း အထူးသဖြင့် ဆရာဝန်၊ ကျန်းမာရေးမှူး အားနည်းနေတာ အဲ့ဘက်မှာက။ နောက် ကာကွယ်ဆေး အနေနဲ့ကလည်း အာဏာသိမ်းပြီးကတည်းက ထိုးပေးနိုင်ခဲ့ခြင်း လုံးဝ မရှိပါဘူး။ ကန့်ဘလူ ကျွန်းလှမြို့ပေါ်မှာပဲ ကျနော်တို့က အနည်းအကျဉ်း ထိုးပေးနိုင်တာ။ အဲ့ဒါတောင်မှ လုံလောက်မှုမရှိတော့ဘူး။ နယ်တွေမှာတော့ မထိုးပေးနိုင်တော့ဘူး။ စကစ ကလည်း သူတို့ ထိန်းချုပ်ထားတဲ့ မြို့ပေါ်မှာပဲ အနည်းအကျဉ်းပေါ့။ အပြည့်အဝ မဟုတ်ဘဲနဲ့ လက်ကျန်လေးတွေလောက်ပဲ ထိုးပေးနေတာတော့ ရှိပါတယ်။”

ခုချိန်မှာ ကိုယ်ဝန်ဆောင်တွေအတွက် တတ်နိုင်သလောက် ကျန်းမာရေး စောင့်ရှောက်မှု ပေးနိုင်အောင် ကြိုးစား ဆောင်ရွက်နေတာတွေ ရှိပေမဲ့လို့ လိုအပ်ချက်တွေကတော့ ရှိနေတုန်းပဲလို့လည်း ဒီ ကျန်းမာရေးဝန်ထမ်းက ပြောပါတယ်။

“မွေးကင်းစ ကလေးတွေအတွက် ကာာကွယ်ဆေးတွေကို မထိုးနိုင်ပေမဲ့ ကိုယ်ဝန်ဆောင်တွေအတွက် ကာကွယ်ဆေးတွေကိုတော့ ကျနော်တို့ လက်လှမ်းမီနိုင်သမျှ ထိုးပေးနိုင်တဲ့ အနေအထားတော့ ရှိတယ်။ ကိုယ်ဝန်ဆောင်တွေမှာ အဓိကက PTT နဲ့ သန်ချဆေး တိုက်တာမျိုးဆိုတော့ အဲ့ဒါတွေကိုတော့ ကျနော်တို့ လက်လှမ်းမီသမျှ ကျနော်တို့ လုပ်ပေးနိုင်တယ်။ ကျွန်းလှဘက်ခြမ်းမှာတော့ ရတယ်။ ကန့်ဘလူဘက် အခြမ်းမှာပဲ အားနည်းချက်ရှိတယ်။ အားနည်းချက် ရှိတယ်ဆိုရင်တောင်မှာ ကျနော်တို့ ကျန်းမာရေး ဝန်ထမ်း ရှိတဲ့နေရာတွေမှာဆိုရင် လုပ်ပေးနိုင်တယ်။”

စစ်ကောင်စီနဲ့ စစ်ရေးအရ ထိတွေ့မှု ပြင်းထန်တဲ့ ဒေသတွေမှာ စစ်ကောင်စီက ဆေးဝါး သယ်ယူခွင့်တွေ ပိတ်ပင်ထားတဲ့အပြင် သယ်ယူတာ တွေ့ရင် ဖမ်းဆီး သတ်ဖြတ်တာမျိုးတွေအထိ ရှိတာကြောင့် မွေးကင်းစ ကလေးငယ်တွေနဲ့ ကိုယ်ဝန်ဆောင်တွေအတွက် လိုအပ်တဲ့ ဆေးဝါးတွေကို လုံးဝ ဝယ်ယူလို့ မရနိုင်အောင် ခက်ခဲနေပြီး လိုအပ်တဲ့ ကာကွယ်ဆေးတွေ မထိုးပေးနိုင်တာ ဖြစ်တယ်လို့ ဒေသတွင်းက ကျန်းမာရေး ဝန်ထမ်းတွေက ပြောဆိုကြပါတယ်။

လိုအပ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ကာကွယ်ဆေးတွေ မရတဲ့အတွက် ကလေးငယ်တွေကြား ရေရှည်မှာ ကျန်းမာရေး ပြဿနာတွေ ပိုပြီး ကြုံလာရနိုင်တယ်လို့လည်း ဆေးဝန်ထမ်းတွေက သတိပေး ပြောဆိုနေကြပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG