သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မူဆယ်စစ်ရှောင်တွေ နေရပ်မပြန်နိုင်သေး


မူဆယ်မြို့နယ်တွင်း စစ်ကောင်စီတပ်နဲ့ TNLA တပ်ကြား တိုက်ပွဲကြောင့် စစ်ဘေးရှောင်သူများ (photo: Citizen Journalist)
မူဆယ်မြို့နယ်တွင်း စစ်ကောင်စီတပ်နဲ့ TNLA တပ်ကြား တိုက်ပွဲကြောင့် စစ်ဘေးရှောင်သူများ (photo: Citizen Journalist)

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ စယ်လန့်ရွာအနီးမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် စစ်ရှောင်နေရတဲ့ ရွာခံတွေ ၁,၀၀၀ ဝန်းကျင်လောက် ရှိတယ်လို့ ကူညီပေးနေသူတွေက ပြောပါတယ်။ ဒေသတဝိုက် ပစ်ခတ် တိုက်ခိုက်တာတွေ ကြားနေရဆဲမို့ ဒီရက်ပိုင်း အိမ်ပြန်ဖို့ မဖြစ်နိုင်သေးဘူးလို့လည်း ဒေသခံတွေက ပြောပါတယ်။ ဒီအကြောင်း သတင်းပေးပို့ချက်ကို ကိုရဲမွန် တင်ပြထားပါတယ်။

မူဆယ်မြို့နယ်၊ စယ်လန့်ရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ တအာင်း(ပလောင်) TNLA တပ်အကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် အနီးဝန်းကျင်မှာရှိတဲ့ ဒေသခံတွေဟာ ဩဂုတ်လ၂၉ ရက်နေ့ ကတည်းက စစ်ရှောင်နေကြတာပါ။ စယ်လန့်ကျေးရွာ အုပ်စုနဲ့ နမ့်ကတ် ကျေးရွာအုပ်စု အပါအဝင် ရွာနီးစပ်တွေမှာရှိတဲ့ ဒေသခံတွေလည်း ထွက်ပြေးနေရလို့ စစ်ရှောင်သူဦးရေ ၁,၀၀၀ ဝန်းကျင်လောက်ရှိတယ်လို့ ကူညီပေးနေသူတွေက ခန့်မှန်းပါတယ်။ မူဆယ်၊ဟိုနား ဘုန်းကြီးကျောင်းမှာလည်း ရွာခံတချို့ စစ်ရှောင်နေကြတယ်လို့ကူညီပေးနေသူတဦးက ပြောပါတယ်။

"စယ်လန့်နဲ့ နမ့်ကတ်အုပ်စုပဲ လောလောဆယ်တော့ ကယ်ဆယ်ရေး လုပ်ထားတာပါ။ ကျန်တာကတော့ ကျနော်တို့လည်း အတိအကျ မသိသေးဘူး။ ဒီမှာကတော့ အလှူရှင်များတော့ နည်းနည်းပါးပါး ပြည့်စုံပါတယ်။ စောင်တွေ ဘာတွေလည်း လာလှူပေးနေတာ ရှိတယ်။ ကျန်းမာရေးကိစ္စနဲ့ ပတ်သက်လို့လည်း ကြက်ခြေနီတွေက လာရောက်ပြုစုပေးတာ ရှိတယ်။ တချို့ရွာတွေကျ မရောက်သေးတာရှိတယ်။ ကျနော်တို့လည်း အခုမှ ရမ်းသမ်းသွားလို့ မရတဲ့အခါကျတော့လေ။ နှောင့်နှေးတာတွေလည်း ရှိတယ်။ လိုအပ်တာတွေလည်း ရှိတယ်။ ဟိုဘက်ရွာမှာဆိုရင် သူတို့ဘာသာ အိုးလေးတွေနဲ့ ချက်စားနေရတာပေါ့။ အဆင်မပြေမှုတွေ ရှိတာပေါ့။ ပြန်နိုင်ဖို့တော့ မသေချာသေးဘူး။ ရွာထဲမှာ အကုန်လုံးက သော့ခတ်ထားကြတာ။ ဒီနေ့လည်း အသံတွေက ကြားနေတဲ့ အခါကျတော့ နောက်ထပ် တပတ်လောက်တော့ ကြာဦးမလား မသိဘူးဗျ၊ အနေအထားက။"

စစ်ရှောင်လာသူတွေထဲမှာ သက်ကြီးရွယ်အိုနဲ့ ကလေးငယ်တွေအပြင် မွေးဖွားခါနီး ကိုယ်ဝန်ဆောင်တွေနဲ့ လသားအရွယ် ကလေးတွေလည်း ပါဝင်တယ်လို့ ပြောပါတယ်။ မြို့ပေါ် ဘုန်းကြီးကျောင်းမှာ စစ်ရှောင်သူရှိသလို၊ တချို့က နီးစပ်ရာ အသိမိတ်ဆွေတွေဆီ ယာယီခိုလှုံနေကြတယ်လို့ ကိုယ်တိုင် စစ်ရှောင်နေရသူ တဦးကလည်း ပြောပါတယ်။

"ဘုန်းကြီးကျောင်းမှာ မနေတဲ့သူ တချို့က မြို့ထဲမှာရှိတဲ့ မိတ်ဆွေတို့၊ အမျိုးတို့ဆီမှာ ခိုလှုံနေကြတာပေါ့။ အခုရွာထဲမှာ နေတဲ့လူကတော့ ဘယ်သူမှ မရှိသေးဘူးဗျ။ အခုလောလောဆယ်က အကုန်လုံး ရှောင်နေရတာဗျ။ အိမ်ကို ဒီအတိုင်းပဲ သော့ခတ်ပြီးတော့ ရှောင်နေရတာပေါ့။ အိမ်အခြေအနေလည်း မသိရသေးဘူး။"

တချို့က ဘေးလွတ်နိုင်မယ့် ရွာနီးစပ်တွေထဲမှာ စစ်ရှောင် နေထိုင်ကြပြီး၊ သူတို့အတွက် စားသောက်ရေးအပြင် နေထိုင်ရေးအတွက် အကူအညီတွေ လိုအပ်နေတာပါ။ သူတို့ဆီ သွားရောက်နိုင်ဖို့ကလည်း တိုက်ပွဲအခြေအနေကြောင့် ခက်ခဲနေတယ်လို့ ကူညီနေသူတွေက ပြောပါတယ်။ အသက်ကြီးသူတွေနဲ့ ဘာသာစကား အခက်အခဲရှိသူ တချို့ကတော့ ဖြစ်သလို စစ်ရှောင်နေရတယ်လို့ နမ့်ကတ်ကျေးရွာကနေ ထွက်ပြေးလာရသူ တဦးကလည်း ပြောပါတယ်။

"ကျနော်တို့ကျတော့ လူကြီးပိုင်းတွေချည်းပဲ ဆိုတော့ သွားလာနိုင်တယ်။ စိတ်ပူရတာက မိသားစုများတဲ့သူတွေ။ တချို့ကျတော့လည်း သက်ကြီးရွယ်အိုတွေ ပါလာတဲ့အခါကျတော့ သူတို့က ပိုပြီးဒုက္ခရောက်တာပေါ့။ တချို့ကျတော့လည်း သူတို့အလုပ်လုပ်တဲ့ မီးသွေးဖုတ်တဲ့ နေရာတို့၊ ပြောင်းဖူးခြံတို့၊ အဲဒီလိုမျိုးမှာပဲ သွားခိုလှုံနေရတာပေါ့။ ဘာသာစကား မသိတော့ သူတို့ မသွားရဲတော့ အဲ့လိုမျိုး တောထဲမှာပဲ သွားခိုနေရတော့ နေဖို့ထိုင်ဖို့ စားဝတ်နေရေး ခက်ခဲတာပေါ့။"

မူဆယ်မြို့နယ်၊ စယ်လန့်ရွာအနီးမှာ ပြီးခဲ့တဲ့ ၂၈ ရက်နေ့ကနေ၊၂၉ ရက် ညနက်ချိန်အထိ တိုက်ပွဲဖြစ်ပွားပြီး၊ လေကြောင်းက တိုက်ခိုက်တာလည်း ရှိခဲ့ပါတယ်။ တိုက်ပွဲကြောင့် ဒေသခံ နေအိမ်တချို့ လက်နက်ကြီးထိမှန် ပျက်စီးခဲ့ရပြီး၊ အရပ်သား ထိခိုက်တာလည်း ရှိခဲ့ပါတယ်။ ဒေသခံတွေဟာ မြို့ပေါ်နဲ့ ဘေးလွတ်နိုင်မယ့် ရွာနီးစပ်တွေမှာ ထွက်ပြေးတိမ်းရှောင် နေကြပြီး၊ အခုချိန်ထိတော့ ရွာထဲကို မပြန်နိုင်ကြသေးပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG