သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကိုင်းတိုင်း ခင်ဦးနဲ့ ဝက်လက်မြို့နယ် စစ်ရေးအခြေနေ


စစ်ကောင်စီ စစ်ကြောင်းကြောင့် ခင်ဦးမြို့မှာ ဒေသခံ(၈၀၀၀)ကျော် ထွက်ပြေးတိမ်းရှောင်နေရ (Photo: ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး)
စစ်ကောင်စီ စစ်ကြောင်းကြောင့် ခင်ဦးမြို့မှာ ဒေသခံ(၈၀၀၀)ကျော် ထွက်ပြေးတိမ်းရှောင်နေရ (Photo: ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး)

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်မှာ စစ်တပ်က စစ်ကြောင်း ၂ ကြောင်းနဲ့ နယ်မြေရှင်းလင်းရေး လုပ်နေတဲ့အတွက် ကျေးရွာ ၁၄ ရွာက ဒေသခံ ၈,၀၀၀ နီးပါး စစ်ဘေးရှောင်နေရတယ်လို့ စစ်ဘေးဒုက္ခသည်တွေကို ကူညီနေသူတွေက ပြောပါတယ်။ ဝက်လက်တောင်ခြမ်းမှာလည်း စစ်တပ်ရဲ့ပစ်ခတ်မှုကြောင့် ဒေသခံတချို့ သေဆုံးတာရှိပြီး နေအိမ်တွေ မီးရှို့ခံနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်ကိုင်းတိုင်းထဲက ခင်ဦးမြို့နဲ့ ဝက်လက်မြို့က အခြေအနေတွေကို ကိုရဲမွန်က တင်ပြပေးပါမယ်။


ရွှေဘိုမြို့နယ်က ထွက်လာတဲ့ စစ်တပ် စစ်ကြောင်း ၂ ကြောင်းဟာ သြဂုတ် ၂၅ မနက်ပိုင်းမှာ ခင်ဦးမြို့နယ်ထဲက ကျေးရွာတွေကို ဝင်ရောက်လာတဲ့အတွက် ကျေးရွာ ၁၄ ရွာက ဒေသခံ ၈,၀၀၀ နီးပါးဟာ ဘေးလွတ်ရာ တိမ်းရှောင်နေရတာပါ။ စစ်တပ်ဟာ ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်တာ မရှိပေမယ့် လက်နက်ကြီးတွေနဲ့ အနီးနားက ကျေးရွာတွေကို ပစ်ခတ်တာရှိတယ်လို့ စစ်ဘေးရှောင်တွေကို ကူညီသူတဦးက အခုလို ပြောပါတယ်။

“မနေ့က ရွှေဘိုကနေ ပြန်လာတာ မနက်လင်းတော့ ပင်နင်း(ကျေးရွာ) နားလေးကို ရောက်တာ။ အခု နေ့လည်ခင်းကျတော့ မဒေါင်းလှကို ဝင်သွားပြီ။ နောက်တကြောင်းက ရေဦးလာပြီး ရွှေဘိုကိုလာတဲ့ စစ်ကြောင်းက ဒီကနေ့ ခင်ဦးမြို့နယ် အောင်သာရွာထဲကို ရောက်လာပြီ။ ဒီကနေ့ည အောင်သာမှာ အိပ်မယ့် သဘောရှိတယ်။ အားလုံးပေါင်း ၁၄ ရွာပေါ့ ရှောင်နေရတာ။ ၈,၀၀၀ လောက်ပေါ့။ တိုက်ပွဲဖြစ်တာတော့ မကြားဘူး။ လက်နက်ကြီး ပစ်တာတော့ ကြားတယ်။ အုန်းအုန်းနဲ့ မိုးခြိမ်းနေတဲ့ အတိုင်းပဲ။”

စစ်တပ်ရဲ့ နယ်မြေရှင်းလင်းတာတွေကြောင့် စစ်တပ် တပ်စွဲထားတဲ့ အောင်သာကျေးရွာ အပါအဝင် အင်းပေါက်၊ မရမ်းအင်း၊ ကုန်းသာ၊ မြကန်၊ အင်းပတ် အစရှိတဲ့ ကျေးရွာ ၁၄ ရွာက ဒေသခံတွေ တိမ်းရှောင်နေရတာလည်း ဖြစ်ပါတယ်။

တန့်ဆည်နဲ့ ရေဦးမြို့က စစ်တပ်နဲ့ စစ်တပ်ထောက်ခံသူ ပျူစောထီးတွေပါတဲ့ စစ်ကြောင်းဟာ ရွှေဘိုကိုသွားဖို့ ခင်ဦးမြို့နယ်ထဲဖြတ်ရင်း နယ်မြေရှင်းလင်းနေတာကြောင့် ဒေသခံတွေ ထွက်ပြေးနေရတာဖြစ်ပြီး သြဂုတ်လ ၂၂ ရက်နေ့က အသက်ကြီး အဖိုးအို ၁ ဦး စစ်ဘေးတိမ်းရှောင်ရင်း အမောဖောက် သေဆုံးခဲ့ပါသေးတယ်။

စစ်ကိုင်းတိုင်းထဲမှာပဲ ဝက်လက်မြို့မှာဆိုရင် ဝက်လက်တောင်ခြမ်းက မန္တလေး မြစ်ကြီးနား ရထားလမ်းကို ပြင်ဆင်ဖို့ စစ်ကိုင်းနဲ့ ဝက်လက်မြို့အစပ် ထန်းကြီးဘူတာမှာ တပ်စွဲထားတဲ့ စစ်တပ်ဟာ သြဂုတ် ၂၄ ရက်မှာ ထန်းကြီးကျေးရွာက နေအိမ်တွေကို မီးရှို့ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မီးငြိမ်းသတ်ဖို့ ဝင်ရောက်တဲ့ အရပ်သားတွေကိုလည်း ပစ်ခတ်တဲ့အတွက် အရပ်သား ၁ ဦးသေဆုံးပြီး ၃ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“ သူတို့ စစ်ကြောင်း ထန်းကြီးဘူတာမှာ ရှိတယ်လေ။ ထန်းကြီးကျေးရွာကို မီးရှို့တော့ ရွာခံတွေက ဝင်ငြှိမ်းကြတာ။ ဝင်ငြှိမ်းတော့ စကစ ဘက်က ပစ်တာပေါ့နော်။ တယောက်ကတော့ ပလက်လန်ပြီး သေနေခဲ့တယ်လို့ပြောတယ်။ အခုထိတော့ အလောင်း မကောက်ရသေးဘူး။ တခြား ဒဏ်ရာရသူတွေလည်း ၃ ယောက်ထက် မနည်းရှိတာပေါ့။ အခုတော့ ဆေးကုသမှု ခံယူနေတယ်။ သေဆုံးတာ ၁ ယောက်။ ကျနော် လောလောဆယ် အတည်ပြုလို့ရတာ ၁ ယောက်။ အစကတည်းကလည်း မီးရှို့ခံရတာ နည်းနည်းပဲ ကျန်တော့တယ်။ အခုက ရွာရဲ့ အနောက်ခြမ်းကို အဓိကထား ရှို့တာ။ သံလမ်းဘေးက ဒေသခံတော်တော်များများ ပြေးနေရတယ်။ နောက်ပြီးတော့ သံလမ်းရဲ့ မလှမ်းမကမ်းကို လိုက်ပြီးတော့ ပြေးနေတဲ့ စစ်ရှောင်ပြည်သူတွေကို ဖမ်းပြီးတော့ ဒီသံလမ်း လုပ်ခိုင်းတာပေါ့။ ပေါ်တာဆွဲတဲ့ သဘောနဲ့ လုပ်သားအဖြစ် ခိုင်းတာတွေရှိတယ်။ အနည်းဆုံးတော့ ၁၅ ယောက် အယောက် ၂၀ ထက် မနည်းရှိတယ်။”

စစ်တပ်ဟာ စစ်ကိုင်းမြို့နဲ့ ဝက်လက်မြို့နယ်ထဲက ဖြတ်သွားတဲ့ မန္တလေး မြစ်ကြီးနား ရထားလမ်းကို ပြင်ဆင်ဖို့အတွက် စစ်ကိုင်းမြို့ထဲမှာလည်း နယ်မြေ ရှင်းလင်းရေးတွေ လုပ်ခဲ့ပြီး အဲ့ဒီ နယ်မြေရှင်းလင်းရေးအတွင်း အရပ်သားနဲ့ ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေ အပါအဝင် အနည်းဆုံး ၇ ဦး ခန့် သေဆုံးခဲ့တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

သြဂုတ်လ ၂၃ ရက်မှာတော့ စစ်ကိုင်းမြို့ကနေတဆင့် ဝက်လက်မြို့ထဲကို ဝင်ရောက်လာခဲ့ပြီး တိုက်ပွဲဖြစ်တာ မရှိပေမယ့် စစ်ရေးတင်းမာနေသလို ကာကွယ်ရေးအဖွဲ့တွေဘက်ကလည်း မိုင်းဆွဲ တိုက်ခိုက်တာတွေ ရှိခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG