သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ရေးတင်းမာနေတဲ့ ခင်ဦးနယ်မှာ ဒေသခံအိမ်တွေမီးရှို့ဖျက်ဆီးခံရ


ခင်ဦးမြို့နယ် ကံသစ်ကျေးရွာ နေအိမ်တွေမီးရှို့ခံရ
ခင်ဦးမြို့နယ် ကံသစ်ကျေးရွာ နေအိမ်တွေမီးရှို့ခံရ

ခင်ဦးမြို့နယ်ထဲမှာ စစ်တပ်က နယ်မြေရှင်းလင်းရေးတွေ ဆက်လုပ်နေပြီး ကံသစ်ကျေးရွာက နေအိမ်တွေ မီးရှို့ခံရတယ်လို့ ကျေးရွာသားတွေက ပြောပါတယ်။ ကာကွယ်ရေး အဖွဲ့တွေနဲ့လည်း အပြန်အလှန် ပစ်ခတ်တာတွေ ရှိပြီး စစ်ရေး တင်းမာနေပါတယ်။ ဒီအကြောင်း သတင်းပေးပို့ချက်ကို အခြေခံပြီး ကိုခင်မောင်စိုးမင်းက ပြောပြပါမယ်။

ခင်ဦးမြို့နယ်ထဲမှာ စစ်တပ်က နယ်မြေရှင်းလင်းရေးလုပ်နေတာ အခုဆို ၂ ပတ်နီးပါးရှိနေပြီဖြစ်ပါတယ်။ ဇွန်လ ၁၄ ရက် မနက်ပိုင်းမှာ ခင်ဦးမြို့ပေါ်ကနေ ထွက်လာတဲ့ စစ်တပ်က မြို့နဲ့ ၆ မိုင်ဝေးတဲ့ ကံသစ်ကျေးရွာ ရောက်ရှိချိန်မှာတော့ နေအိမ်အချို့ကို မီးရှို့သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကံသစ်ရွာဟာ အိမ်ခြေ ၅၃၀ နီးပါးရှိတဲ့ ကျေးရွာဖြစ်ပြီး အခုအကြိမ်မီးရှို့ခံရတာနဲ့ဆိုရင် စုစုပေါင်းမီးရှို့ခံရတာ ၅ ကြိမ်ရှိသွားပြီလို့ ရွာသားတွေက ပြောပါတယ်။ မီးရှို့ခံရတဲ့အခြေအနေနဲ့ ပတ်သက်လို့ ကံသစ်ရွာသားတဦးက အခုလို ပြောပါတယ်။

“ဒီကနေ့ မနက် ၅ နာရီထိုးလောက်ကနေ ကျွန်တော်တို့ရွာဘက်ကို ထိုးလာတာ၊ ခြေလျင်ထိုးပြီးတော့ ဒီကနေ့ မနက်လည်း မီးထပ်ရှို့သွားပြန်ပြီ ခင်ဗျ။ ကျွန်တော်တို့ရွာကို မီးရှို့သွားတာ ဒါနဲ့ပါဆိုရင် ၅ ကြိမ်ရှိသွားပြီ။ စစ်တပ်အာဏာသိမ်းပြီးကတည်းက ဒီကနေ့ မနက်မပါ အိမ်ခြေပေါင်း ၃၄၀ အခုလည်း ၅၀ ကျော်လောက် ရှို့တာနေမှာ ကျွန်တော်တို့ရွာဆိုရင် အိမ်ခြေ ၅၃၀ က ၁၀၀ ကျော်ကျော်လောက်ပဲ ကျန်တော့မယ်။”

ခင်ဦးမြို့နယ် ကံသစ်ကျေးရွာ နေအိမ်တွေမီးရှို့ခံရ
ခင်ဦးမြို့နယ် ကံသစ်ကျေးရွာ နေအိမ်တွေမီးရှို့ခံရ

ကံသစ်ရွာဟာ အခု ၂၀၂၃ ခုနှစ်ထဲမှာတင် ၃ ကြိမ် မီးရှို့ခံခဲ့ရတာဖြစ်ပြီး ကျေးရွာသားတွေကလည်း စစ်ဘေးရှောင်နေရပါတယ်။

ဇွန် ၁ ရက်ကစလို့ စစ်တပ်ဟာ ခင်ဦးမြို့နယ်ထဲက ကျေးရွာတွေကို နယ်မြေရှင်းလင်းရေးလုပ်နေတာ အခုဆို ၂ ပတ်နီးပါး ရှိနေပြီဖြစ်ပါတယ်။

ကာကွယ်ရေးအဖွဲ့တွေနဲ့ ဇွန် ၁၃ ရက် မနက်ပိုင်းမှာလည်း ပစ်ခတ်တာတွေရှိတယ်လို့ ခင်ဦးပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူတဦးက အခုလို ပြောပါတယ်။

“ဒီနေ့လည်း တိုက်ပွဲကဖြစ်တယ်ခင်ဗျ။ ဟိုနေ့က ရွှေဘိုကနေ ပြန်ဝင်လာတဲ့ စစ်ကြောင်းက (ခင်ဦး) မြို့ပေါ်ကို တညအိပ်တယ်။ မြို့ပေါ် တညအိပ်ပြီး ထွက်လာတယ်။ ထွက်လာတော့ ခင်ဦးအနောက်ဖက် ကံသစ်ပေါ့၊ ကံသစ်မရောက်ခင်မှာလည်း ပစ်ခတ်မှုဖြစ်ကြသေးတယ်။ ကြားထဲမှာ မြို့နဲ့ ကံသစ်ကြားထဲမှာ။ ဂွေးကုန်း ကံသစ်ကအထွက် ကြားထဲမှာလည်း ပစ်ခတ်မှုလေးတွေက ဖြစ်ကြပါတယ်။ ပစ်ခတ်မှုတွေက ကြားထဲမှာ အလျင်းသင့်ရင် သင့်သလို ကာကွယ်ရေးအဖွဲ့တွေနဲ့က ပစ်ခတ်မှုက ရှိကြတယ်။”

လက်ရှိအချိန်မှာ စစ်တပ်က နယ်မြေရှင်းလင်းနေတဲ့အတွက် ကံသစ် ၊ ဂွေးကုန်း ၊ သာဂရ ၊ မြို့သစ် စတဲ့ကျေးရွာက ဒေသခံ ၇ ထောင်နီးပါးဟာ ဘေးလွတ်ရာ တိမ်းရှောင်နေရပါတယ်။ ဇွန်လ ၁ ရက်ကစလို့ စစ်တပ်ရဲ့ နယ်မြေရှင်းလင်းမှုအတွင်း အရပ်သား ၂ ဦး သေဆုံးခဲ့ပြီး နေအိမ် ၁၀၀ ကျော် မီးရှို့ခံခဲ့ရပါတယ်။

အခုလုပ်နေတဲ့ နယ်မြေရှင်းလင်းရေးကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG