သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယင်းမာပင်မြို့နယ် သစ်ကွင်းဒေသ နောက်ဆုံးအခြေအနေ


ယင်းမာပင် yinmarbin yinmabin
ယင်းမာပင် yinmarbin yinmabin

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်က သစ်ကွင်းတွေမှာ သစ်တွေသယ်ယူဖို့ လုံခြုံရေးယူနေတဲ့ စစ်တပ်နဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တို့တိုက်ပွဲဖြစ်ခဲ့ပြီး စစ်တပ်ဘက်က အကျအဆုံးရှိခဲ့တယ်လို့ ကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။ တိုက်ပွဲဖြစ်ခဲ့တဲ့နေရာကနေအိမ်တွေကိုလည်း စစ်တပ်က မီးရှို့သွားလို့ နေအိမ် ၅၀ နီးပါး မီးလောင်ကျွမ်းခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ယင်းမာပင်ထဲက စစ်ရေး အခြေအနေတွေကို ကိုရဲမွန်က တင်ပြပေးထားပါတယ်။

ယင်းမာပင်မြို့နယ်က စေသူသစ်ကွင်းနဲ့ ပန်းတိန်ပြင်သစ်ကွင်းမှာ သစ်သယ်ဖို့ လုံခြုံရေးယူနေတဲ့ စစ်တပ်ဟာ သြဂုတ် ၂၉ ရက်မှာ အင်ဖျားရွာထဲ ဝင်ရောက်လာချိန်မှာ ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့တာပါ။ စစ်တပ်ဟာ အင်းဖျားရွာထဲကအိမ်တွေထဲဝင်ပြီး ပစ္စည်းတွေရှာဖွေနေချိန်တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်တပ်ဘက်က အကျအဆုံးရှိခဲ့တယ်လို့ ပြည်ထောင်စု လွတ်မြောက်ရေးတပ်ဦး (ULF) က ပြန်ကြားရေး တာဝန်ခံ ကိုဂျော်ဒန်က အခုလို ပြောပါတယ်။

“စေသူအနီးနားဝန်းကျင်မှာရှိတဲ့ရွာတွေ ရွာတွေမှာရှိတဲ့အိမ်တွေကို ပစ္စည်းတွေလျှောက်ရှာဖွေရင်း (တုန်း) အဲ့အကြောင်းကြားလို့ သွားတိုက်ခဲ့တာပါ။ ၁၅ မိနစ်၊ မိနစ် ၂၀ လောက်ကြာမယ်။ သူတို့လာမယ်ဆိုတာ အဲ့လိုလုပ်နေတာသိလို့ အသင့်ကြိုစောင့်ပြီး တိုက်ခိုက်ခဲ့တာပါ။ ထိခိုက် အကျအဆုံးက သူတို့ဘက်က ၇ ယောက်လောက်တော့ ရှိမယ်။ ဒီအတိုင်းဆွဲထုတ်သွားတာတွေဘာတွေ ရှေ့တန်းရဲဘော်တွေ မျက်မြင် သက်သေတွေတော့ ရှိပါတယ်။ အဲ့လိုဆွဲသွားတာတွေရှိတယ်။ သူတို့အလစ်အငိုက်တိုက်ခံရတာဆိုတော့ ပြန်ပြီးခုခံချိန်မရလိုက်ဘူး။”

တိုက်ပွဲဖြစ်တဲ့နေရာကို ချင်းတွင်းမြစ်သာခြားတဲ့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကနေ လက်နက်ကြီးတွေနဲ့လည်း ပစ်ခတ်ခဲ့တယ်လို့ တိုက်ပွဲမှာ ပါဝင်ခဲ့သူတွေက ပြောပါတယ်။ စစ်တပ်ဘက်က ကျဆုံးတာနဲ့ပတ်သက်လို့တော့ ဗွီအိုအေက သီးခြားအတည်မပြုနိုင်သလို စစ်ကောင်စီကလည်း သတင်းထုတ်ပြန်တာမရှိသေးပေမယ့် ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က သိမ်းဆည်းရမိတဲ့ လက်နက်အချို့ကို ထုတ်ပြန်ထားပါတယ်။

တိုက်ပွဲဖြစ်ပြီးတဲ့နောက် စစ်တပ်ဟာ သံပရာပင်ရိုး နဲ့ အင်းဖျားက နေအိမ် ၅၀ နီးပါးကို မီးရှို့သွားတယ်လို့ ယင်းမာပင် ဒေသခံတဦးက အခုလို ပြောပါတယ်။

“ညနေ ၄ နာရီလောက်ရှို့တာ။ သံပရာပင်မရိုးက အိမ် ၂၀ အင်ဖျားက ၂၇ အိမ် အဲ့ ၂ ရွာပဲ အရှို့ခံရတာ။ ဟုတ်တယ် တိုက်ပွဲဖြစ်ပြီးမှရှို့တာ။ လူတွေက တိုက်ပွဲမဖြစ်ခင်ကတည်းက ရှောင်နေတာလေ။ သစ်ထုတ်နေတာဆိုတော့ အကုန်ရှောင်နေတာ။”

စစ်တပ်ဟာ ယင်းမာပင်ထဲက သစ်ကွင်းက သစ်တွေထုတ်ယူဖို့ သြဂုတ်လ ၆ ရက်ကတည်းက ရောက်ရှိနေတာဖြစ်ပြီး စစ်တပ် တပ်စွဲချိန်ကလည်း ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲ ဖြစ်ခဲ့ပြီး စစ်တပ်ဘက်က လက်နက်ကြီးပစ်ခတ်လို့ အရပ်သားတဦးလည်း ထိမှန် သေဆုံးခဲ့သေးတယ်။

စစ်တပ်ဟာ တပ်စွဲပြီး သစ်တွေထုတ်ယူနေတဲ့အတွက် အနီးနားက ကျေးရွာ ၇ ရွာက ဒေသခံ ၃ ထောင်ကျော်ဟာ စစ်ဘေးတိမ်းရှာင်နေရတာ ရက် ၂၀ ကျော် ကြာနေပါပြီ။ စစ်ဘေးတိမ်းရှောင်တာ ရက်ကြာမြင့်လာတာနဲ့အမျှ စားဝတ်နေရေး အခက်အခဲရှိနေပြီး အကူအညီတွေလည်း လိုအပ်နေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG