သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာစစ်ကောင်စီဟာ အရပ်သားတွေကို တိုးမြှင့်သတ်ဖြတ်


နေပြည်တော်မှာကျင်းပတဲ့ ၇၈ ကြိမ်မြောက် တပ်မတော်နေ့အခမ်းအနားအတွင်း စစ်မှုထမ်းများကိုတွေ့ရစဉ် (မတ် ၂၇၊ ၂၀၂၃)
နေပြည်တော်မှာကျင်းပတဲ့ ၇၈ ကြိမ်မြောက် တပ်မတော်နေ့အခမ်းအနားအတွင်း စစ်မှုထမ်းများကိုတွေ့ရစဉ် (မတ် ၂၇၊ ၂၀၂၃)
မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန

မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန

ထိုကဲ့သို့ တီမောလက်စ်တေအစိုးရ၏ အဆင်အခြင်မဲ့သော လုပ်ရပ်များမှာ နှစ်နိုင်ငံအကြားရှိ ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးကို ထိခိုက် စေသည်သာမက အကြမ်းဖက်အဖွဲ့ အစည်းဖြစ်သည့် NUG မှ ကျူးလွန်လျက်ရှိသည့် အကြမ်းဖက်ဆောင်ရွက်ချက်များ ပိုမို လုပ်ဆောင်စေရန် အားပေးအားမြှောက်ပြုရာလည်းရောက်လျက်ရှိသည်

ဒါက အထင်အမြင်မှားစေပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက် ဖွဲ့စည်းထားတဲ့ NUG အမျိုးသားညီညွတ်ရေးအစိုးရနဲ့ အရှေ့တီမောသမ္မတ ဟိုဆေး ရားမို့စ်‌-ဟော်တာတွေ့ဆုံခဲ့တဲ့ ကိစ္စကြောင့် မြန်မာနိုင်ငံမှာရှိနေတဲ့ အရှေ့တီမောနိုင်ငံအဆင့်အမြင့်ဆုံး ကိုယ်စားလှယ်၊ သံရုံးယာယီတာဝန်ခံကို အာဏာသိမ်း စစ်ကောင်စီက နှင်ထုတ်လိုက်ပါတယ်။ ဇူလိုင်လတုန်းကလည်း NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကို သမ္မတ ရားမို့စ်-ဟော်တာက ဒီလီမြို့တော်မှာ တွေ့ဆုံခဲ့တာပါ။

NUG ဝန်ကြီး ဒေါ်ဇင်မာအောင်ကို အရှေ့တီမောသမ္မတက လက်ခံတွေ့ဆုံ (ဇူလိုင်၊ ၂၀၂၃)
NUG ဝန်ကြီး ဒေါ်ဇင်မာအောင်ကို အရှေ့တီမောသမ္မတက လက်ခံတွေ့ဆုံ (ဇူလိုင်၊ ၂၀၂၃)

အမျိုးသားညီညွတ်ရေးအစိုးရကို မြန်မာစစ်ကောင်စီက အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ပြောဆိုနေတာ ဖြစ်ပါတယ်။ “ယင်းကဲ့သို့ တီမောလက်စ်တေအစိုးရ၏ အဆင်အခြင်မဲ့သော လုပ်ရပ်များမှာ နှစ်နိုင်ငံအကြားရှိ ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးကို ထိခိုက်စေသည်သာမက အကြမ်းဖက်အဖွဲ့ အစည်းဖြစ်သည့် NUG မှ ကျူးလွန်လျက်ရှိသည့် အကြမ်းဖက်ဆောင်ရွက်ချက်များ ပိုမို တိုးပွားလုပ်ဆောင်စေရန် အားပေးအားမြှောက်ပြုရာလည်းရောက်လျက်ရှိသည်”လို့ စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးဌာနက ဩဂုတ်လ ၂၇ ရက်နေ့က ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

ဒါက အထင်အမြင်မှားအောင် လုပ်တာပါ။

NUG က ဖွဲ့စည်း၊ သို့မဟုတ် အသိအမှတ်ပြုတဲ့ PDF ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက စစ်ကောင်စီအုပ်ချုပ်တဲ့ အစိုးရပစ်မှတ်တွေကို ဗုံးနဲ့ တိုက်ခိုက်၊ စစ်ကောင်စီဘက်တော်သားအဖွဲ့တွေ၊ သူတို့နဲ့ ပတ်သတ်ဆက်နွယ်တယ်ဆိုသူတွေအပါအဝင်ကို သတ်ဖြတ်မှုတွေလုပ်ဆောင်တယ်လို့ စစ်ကောင်စီက လက်ညှိုးထိုးပါတယ်။

မြန်မာနိုင်ငံမှာ ဒီမိုကရေစီနည်းကျ ရွေးချယ်ထားတဲ့ အစိုးရကို ၂၀၂၁ ဖေဖော်ဝါရီမှာ စစ်တပ်က အာဏာသိမ်းဖြုတ်ချလို့ ဆန့်ကျင်တဲ့ လူထုကို အကြမ်းဖက်နှိမ်နင်းမှုတွေ လုပ်ဆောင်ပြီးနောက် တိုက်ခိုက်မှုတွေ တန်ပြန်လုပ်ဆောင်တာ ဖြစ်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို အကြမ်းဖက်အဖွဲ့အဖြစ် စစ်ကောင်စီ သတ်မှတ်ချက်ကို ဘယ်နိုင်ငံကမှ လက်မခံပါဘူး။

စစ်ကောင်စီဟာ အရပ်သားတွေကို အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွေ ပြုလုပ်၊ တရားဥပဒေပြင်ပ ဖမ်းဆီးချုပ်နှောင်မှုတွေ၊ နှိပ်စက်ညှင်းပန်းမှုတွေ၊ လိင်အကြမ်းဖက်မှုတွေ ကျူးလွန်တယ်လို့ ထောက်ပြပြီး“နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ” လို့ တရားဝင်သုံးနှုန်းတဲ့ စစ်ကောင်စီကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် အမျိုးသားညီညွတ်ရေးအစိုးရကလည်း NUG က ၂၀၂၁ ခုနှစ်ထဲမှာ သတ်မှတ်ကြေညာခဲ့ပါတယ်။

မြန်မာနိုင်ငံက လူ့အခွင့်အရေးအခြေအနေနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ပြောကြားရာမှာ "စစ်ကောင်စီဟာ မြန်မာနိုင်ငံရဲ့ တရားဝင်အစိုးရမဟုတ်သလို၊ သူ့ကို အသိအမှတ်မပြုသင့် (သို့) ထိတွေ့မဆက်ဆံသင့်ပါဘူး၊ ဒီမိုကရေစီနည်းကျရော၊ ဖွဲ့စည်းပုံအရပါ တရားဝင်မှုမရှိပါ၊ နိုင်ငံကို သေချာကောင်းမွန်စွာ မထိန်းချုပ်နိုင်ပါ"လို့ ဆိုပါတယ်။

ကုလ အထူးကိုယ်စားလှယ်ကပဲ NUG ဟာ “မြန်မာပြည်သူတွေရဲ့ တရားဝင်ကိုယ်စားပြုသူများ” အဖြစ် အသိအမှတ်ပြုဖို့ အဖွဲ့ဝင်နိုင်ငံတွေကို တိုက်တွန်းပါတယ်။

ဥရောပသမဂ္ဂကလည်း NUG နဲ့ လွှတ်တော်အမတ်တွေနဲ့ ဖွဲ့စည်းထားတဲ့ CRPH ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီတို့ကိုသာ “မြန်မာလူထုရဲ့ ဒီမိုကရေစီဆန္ဒတွေကို တရားဝင်ကိုယ်စားပြုပေးသူများအဖြစ်” အသိအမှတ်ပြု ထားပါတယ်။

မြန်မာစစ်ကောင်စီက လက်နက်ကိုင်တော်လှန်ရေးကို ထောက်ခံတဲ့ အရပ်သားတွေကို အပြစ်ပေးတဲ့ နည်းဗျူဟာကို အရင်ကတည်းက အသုံးပြုနေတယ်လို့ လေ့လာသုံးသပ်သူတွေ၊ လူ့အခွင့်အရေး အဖွဲ့တွေက ပြောပါတယ်။

စစ်ကောင်စီ ကျူးလွန်တဲ့ ရာဇဝတ်မှုတွေနဲ့ ယှဉ်ရင် စစ်ကောင်စီဆန့်ကျင်ရေးတပ်ဖွဲ့တွေ ကျူးလွန်တယ်ဆိုတဲ့ အကြမ်းဖက်မှုတွေဟာ သဘာဝအရရော၊ အတိုင်းအတာအရရော သေးငယ်‌လွန်းတယ်လို့လည်း ပြောပါတယ်။

“အတိုက်အခံဘက်ကို ထောက်ခံမှုမှန်သမျှအတွက် အရပ်သားတွေကို အပြစ်ပေးတဲ့ စစ်ဗျူဟာဖြစ်ပါတယ်”လို့ စစ်ဖက်ရေးရာကျွမ်းကျင်သုတေသန Janes အဖွဲ့က အကဲခတ်၊ မြန်မာ စစ်ရေးကျွမ်းကျင်သူ အန်သနီ ဒေးဗစ်က နယူးယောက်တိုင်မ်းစ် သတင်းစာကို ပြောပါတယ်။ “မီးရှို့တယ်၊ ဗုံးကျဲတယ်၊ ဒေသခံတွေကို ရွာတွေထဲမှာ မနေနိုင်အောင်လုပ်တာပါ။”

စစ်တပ်အုပ်ချုပ်မှုကို ဆန့်ကျင်တဲ့ လူနည်းစု တိုင်းရင်းသားပြည်နယ်တွေကို စစ်ကောင်စီက အထူးပစ်မှတ်ထားပါတယ်။

စစ်ကောင်စီဟာ နိုင်ငံကို သေချာမထိန်းချုပ်နိုင်တာကို အများသတိပြုမိလာတာနဲ့အမျှ စစ်ကောင်စီက အရပ်သားတွေကို ပိုတိုးနှိမ်နင်းဖို့ လုပ်ဆောင်ပါတယ်။

ဇူလိုင် ၂၀၂၂ နဲ့ ဇွန် ၂၀၂၃ ကြားမှာ စစ်တပ်နဲ့ သူ့ဘက်တော်သားပြည်သူ့စစ်တပ်ဖွဲ့တွေဟာ စစ်ရာဇဝတ်မှု ၃ မျိုးကို အကြိမ်ပိုစိပ်စိပ်၊ ပြောင်ပြောင်တင်းတင်း ကျူးလွန်ခဲ့ကြတယ်လို့ မြန်မာနိုင်ငံမှာ အဆိုးရွားဆုံး ကျူးလွန်မှုတွေကို အချက်အလက်စုဆောင်းဖို့ ကုလသမဂ္ဂ ဖွဲ့စည်းစေခိုင်းထားတဲ့ IIMM စုံစမ်းစစ်ဆေးရေးအဖွဲ့က ပြောပါတယ်။

အဲဒီကျူးလွန်မှုတွေကတော့ အရပ်သားတွေကို အကန့်အသတ်မဲ့၊ အလွန်အကျွံ ဗုံးကျဲတိုက်ခိုက်၊ အရပ်သားတွေ၊ ဖမ်းဆီးမိထားတဲ့ အတိုက်အခံတွေကို သတ်ဖြတ်၊ ပြီးတော့ အရပ်သားတွေ နေထိုင်ရာအရပ်တွေ၊ အရပ်သား အဆောက်အဦတွေကို တမင်တကာ အကြီးအကျယ် မီးရှို့ဖျက်ဆီးတာ ဖြစ်ပါတယ်။

၂၀၂၃ ပထမ နှစ်ဝက်မှာ အရင်နှစ် ကာလတူ အပိုင်းအခြားနဲ့ နှိုင်းယှဉ်ရင် လေကြောင်းတိုက်ခိုက်မှု ၃၃% တိုးမြှင့်လုပ်ဆောင်ပြီး “ ကျေးရွာတွေ၊ ကျောင်းတွေ၊ ဆေးရုံတွေနဲ့ ဘာသာရေးအဆောက်အဦးတွေကို ပိုပြီးတိုက်ခိုက်မှုတွေ လုပ်ခဲ့တယ်” လို့ လူ့အခွင့်အရေးဆိုင်ရာ ကုလကော်မရှင်နာမင်းကြီး ဗော်ကာတပ်ခ်က ဇူလိုင်လမှာ ပြောသွားပါတယ်။

ဒီတိုက်ခိုက်မှုတွေမှာ အသုံးပြုတဲ့ ဂျက်လေယာဉ်တွေ၊ ရဟတ်ယာဉ်တွေကို ရုရှားက ပေးပြီး ပြုပြင်ထိန်းသိမ်းပေးတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။

“လိင်အကြမ်းဖက်မှု၊ လူအမြောက်အများ တချိန်တည်းသတ်ပစ်မှု၊ ဥပဒေပြင်ပ သတ်ဖြတ်မှု၊ ခေါင်းဖြတ်သတ်၊ ကိုယ်လက်အင်္ဂါြဖတ်တောက် ခုတ်ထစ်သတ်ဖြတ်တာတွေ ဒီလို အဆိုးရွားဆုံး အကြမ်းဖက်မှုတွေ အကြိမ်ကြိမ်ကျူးလွန်တာကို ကျွန်တော်တို့ ဆက်လက်ပြီး မှတ်တမ်းတင်နေဆဲပါ” လို့ ကော်မရှင်နာမင်းကြီး တပ်ခ်က ပြောပါတယ်။

စစ်ကောင်စီရဲ့ အရပ်သားတွေအပေါ် အကြမ်းဖက်ရက်စက်မှုတွေက ပိုဆိုးလာတယ်လို့ နယူးယောက်တိုင်းမ်စ်သတင်းစာက ဇူလိုင် ၃၁ ရက်နေ့က ဖော်ပြပါတယ်။

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ မလည်တိုက်နယ်အတွင်းက ပဇီကြီးကျေးရွာ ဗုံးကျဲတိုက်ခိုက်ခံရအပြီးမြင်ကွင်း (ဧပြီ ၁၁၊ ၂၀၂၃)
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ မလည်တိုက်နယ်အတွင်းက ပဇီကြီးကျေးရွာ ဗုံးကျဲတိုက်ခိုက်ခံရအပြီးမြင်ကွင်း (ဧပြီ ၁၁၊ ၂၀၂၃)

ဥပမာ ဧပြီလ ၁၁ ရက်နေ့က မြန်မာနိုင်ငံအလယ်ပိုင်း စစ်ကိုင်းတိုင်း ပဇီကြီးကျေးရွာ တိုက်ခိုက်မှုမှာဆိုရင် ပတ်ဝန်းကျင်က အောက်စီဂျင်နဲ့ ဓာတ်ပြုပြီး မီးလောင်တိုက်သွင်းသလို ပေါက်ကွဲအားမြင့်တဲ့ သာမိုဘဲရစ်ဗုံးချခဲ့တယ်လို့ HRW လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က ပြောပါတယ်။

စစ်တပ်ကတော့ သူတို့ PDF အကြမ်းဖက်သမားတွေကို သတ်လိုက်တာဖြစ်တယ်လို့ ပြောတာပါ။

သေဆုံးသူ ၁၅၇ ဦးမျာ အနည်းဆုံး ကလေး ၂၅ ဦးပါဝင်ကြောင်း ဝါရှင်တန်ပို့စ်သတင်းစာက အတည်ပြုပါတယ်။

အထက်မြန်မာပြည်က စစ်ကိုင်းဒေသက ကျေးရွာတွေကို စစ်ကောင်စီတပ်တွေက အကြိမ်ကြိမ် ပြင်းပြင်းထန်ထန် တိုက်ခိုက်နေတာပါ။ စစ်ကောင်စီတပ်တွေ၊ သူတို့ရဲ့ ပြည်သူ့စစ်တွေက ပစ်မှတ်နဲ့ လက်နက်မမျှ အလွန်အကျွံ မီးရှို့တိုက်ခိုက်မှုတွေ လုပ်ဆောင်ပါတယ်။

D4M သီးသန့်အချက်အလက် ရှာဖွေစုဆောင်းရေးအဖွဲ့ရဲ့ ဩဂုတ်လ ထုတ်ပြန်တဲ့စာရင်းအရ ၂၀၂၁ ဖေဖော်ဝါရီ အာဏာသိမ်းချိန်ကစပြီး စစ်တပ်က မီးရှို့တာ တိုင်းဒေသကြီး ၆ ခု၊ ပြည်နယ် ၇ ခုမှာ အိမ်ခြေ ၇ သောင်းခွဲလောက်ရှိသွားပါြပီ။

အိမ်တွေမီးရှို့ခံရတဲ့ထဲမှာ စစ်ကိုင်းက ၇၇% ပါဝင်ပါတယ်။

၂၀၂၁ ဖေဖော်ဝါရီလနဲ့ ၂၀၂၃ ဇူလိုင်လအကြား လူအများအပြား တပြိုင်နက်သတ်ဖြတ်မှုပေါင်း ၁၄၄ ခုကျူးလွန်ပြီး၊ လူပေါင်း ၁,၅၉၅ ဦးမကကို သတ်လိုက်တယ်လို့ NUG အမျိုးသားညီညွတ်ရေးအစိုးရက ပြောပါတယ်။

XS
SM
MD
LG