သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆောမြို့ပေါ်တိုက်ပွဲ နေအိမ်တွေပေါ် လက်နက်ကြီးကျရောက်


ဆောမြို့ (ဓာတ်ပုံ-ဝီကီပီဒီးယား)
ဆောမြို့ (ဓာတ်ပုံ-ဝီကီပီဒီးယား)

မကွေးတိုင်း ဆောမြို့ပေါ်မှာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်တပ်ကြား တိုက်ပွဲဖြစ်ပြီး နေအိမ်တွေအပေါ် လက်နက်ကြီးကျရောက်တဲ့အတွက်လူ ၄ ဦးထိခိုက်ဒဏ်ရာရခဲ့သလို နောက်ထပ် တိုက်ပွဲတွေဖြစ်လာမှာကို ဒေသခံတွေ စိုးရိမ်နေကြပါတယ်။ စစ်ကိုင်းတိုင်း မင်းကင်းမြို့ ပေါ်မှာလည်း စစ်တပ်ပျူစောထီးကင်းစခန်းကို ကာကွယ်ရေးတပ်ပေါင်းစုက ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။ မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်း ထဲက အခြေအနေတွေကို ကိုငြိမ်းချမ်းအေးက တင်ပြပေးထားပါတယ်။

မကွေးတိုင်း ဆောမြို့ပေါ်မှာ စစ်တပ် တပ်စွဲထားတဲ့ ယောမင်းကြီး ဦးဖိုးလှိုင်ခန်းမအနီးမှာ စက်တင်ဘာ ၅ ရက်ညပိုင်းက ကာကွယ်ရေးအဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ခဲ့တာပါ။ တညလုံးနီးပါး တိုက်ပွဲဖြစ်သံတွေကြားရပြီး နေအိမ်တွေအပေါ် လက်နက်ကြီးကျရောက်တာတွေရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တိုက်ပွဲတွေ ဆက်လက်ပြင်းထန်လာမှာကို စိုးရိမ်ရတဲ့အတွက် မြို့နေဒေသခံအချို့ တိမ်းရှောင်နေကြရတယ်လို့ ဆောဒေသခံတဦးက ဗွီအိုအေကို ပြောပါတယ်။

“မြို့ပေါ် စစ်ကောင်စီ သူတို့အထိုင်စခန်းချနေတဲ့ (မြို့) အနောက်ဘက်က (ယောမင်းကြီး) ဦးဖိုးလှိုင် ခန်းမမှာ ဦးဆုံးမှာတော့ တော်တော်များများ ပစ်ခတ်သံတွေ ကြားရတယ်။ ကျနော်တို့ ဒီဘက်ကနေ။ နောက်ပိုင်းအခြေအနေတွေကတော့ တခါနည်းနည်းပါးပါး နည်းနည်းပါးပါး လက်နက်ကြီးသံတွေ ၁ နာရီခြား၊ နာရီဝက်ခြားလောက်၊ မိနစ်၂၀ ခြားလောက် လက်နက်ကြီးသံတွေ ညလုံးပေါက်တော့ အဆက်မပြတ် ပစ်ခတ်တယ်။ မြို့ထဲကို လက်နက်ကြီးတွေနဲ့ ပစ်တယ်။ လက်နက်ကြီးတွေနဲ့ပစ်တော့ လူနေအိမ် တော်တော်များများထိတယ်။ ဘာကြောင့်လဲဆိုတော့ တိုက်ပွဲဖြစ်တယ်ဆိုတော့ မြို့ပေါ်ကလည်း မြို့ထဲထုတယ်ဆိုတော့ မြို့နေလူထုကလည်း ကြောက်လန့်နေတာဆိုတော့ မြို့ထဲကလည်း တချို့တဝက်တွေကလည်း စစ်ဘေးရှောင်ပုံစံမျိုးနဲ့ မြို့ထဲမှာ မနေရဲတော့ဘဲ နောက်ထက်တိုက်ပွဲတွေ ပြင်းထန်လာမယ့် အခြေအနေတွေ ရှိတာကြောင့် ရှောင်တိမ်းနေကြတယ်။”

တိုက်ပွဲဖြစ်ပြီး နောက်တရက် စက်တင်ဘာ ၆ ရက်မနက်ပိုင်းမှာတော့ မြို့ပေါ်မှာ လူသွားလူလာ မရှိဘဲဈေးတွေပိတ်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်တပ်ဟာ ဆောမြို့ပေါ် ရဲစခန်း ဦးဖိုးလှိုင်ခန်းမနဲ့ စီးပွားရေးဘဏ် စတဲ့နေရာတွေမှာ အထိုင်ချ တပ်စွဲ ထားတာလို့လည်း ဒေသခံတွေက ပြောပါတယ်။

တိုက်ပွဲဖြစ်ချိန်မှာ စစ်တပ်ဘက်က လက်နက်ကြီးပစ်ခတ်တာကြောင့် နေအိမ်တွေပေါ်ကျပြီး အမျိုးသား ၂ ဦးနဲ့ အမျိုးသမီး ၂ ဦးစုစုပေါင်း ၄ ဦး ဒဏ်ရာရခဲ့ပြီး ၁ ဦးစိုးရိမ်ရတယ်လို့ စစ်ဘေးရှောင်ကူညီနေသူ တဦးက အခုလိုပြောပြပါတယ်။

“၄ ယောက်ထိတယ်။ ပြည်သူထဲက ၄ ယောက်ပေါ့နော်။ စစ်တပ်ဘက်က လက်နက်ကြီးနဲ့ထုတော့ အိမ်ပေါ်တွေကို ကျတာပေါ့နော်။ အိမ်ထဲမှာ နေရင်းနဲ့ထိတာ။ စိုးရိမ်ရတာ ၁ယောက်တော့ ရှိတယ်။ ကျန်တဲ့သူတွေကတော့ မစိုးရိမ်ရပါဘူး။ ၁ ယောက်ကတော့ စိုးရိမ်ရတယ်။”

ပြီးခဲ့တဲ့ သြဂုတ်လထဲမှာလည်း ချင်းပြည်နယ် ကန်ပက်လက်မြို့နဲ့ မကွေးတိုင်း ဆောမြို့ကြားကို စစ်တပ်က နယ်မြေရှင်းလင်းရေး လုပ်ခဲ့တဲ့အတွက် ကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ ရက်ရှည် တိုက်ပွဲဖြစ်ခဲ့ပြီး လေကြောင်းကနေ ၂ကြိမ်ပစ်ခတ်တဲ့အထိ ပြင်းထန်ခဲ့ပါတယ်။ တိုက်ပွဲအခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တစုံတရာ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

ဒီအတောအတွင်း စစ်ကိုင်းတိုင်း မင်းကင်းမြို့ပေါ်မှာလည်း စစ်တပ်ထောက်ခံသူတွေ တပ်စွဲထားတဲ့ မြို့နယ်လျှပ်စစ်ရုံးအနီးက ကင်းစခန်းကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေစုပေါင်းပြီး စက်တင်ဘာ ၅ ရက်ညနေပိုင်းမှာ တိုက်ခိုက်ခဲ့ပါသေးတယ်။

တိုက်ပွဲဖြစ်ပြီး နောက်ရက် စက်တင်ဘာ ၆ ရက်မှာမင်းကင်းမြို့အနီးကနေရာတွေကို စစ်တပ်ဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေ ရှိတယ်လို့ မင်းကင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ ပြန်ကြားရေး တာဝန်ရှိသူတဦးက အခုလိုပြောပါတယ်။

“ညနေ၄နာရီလောက်ကတည်းက စဖြစ်တာခင်ဗျ။ ည၇နာရီလောက်အထိတောင် ဖြစ်တာခင်ဗျ။ သူတို့ အစောင့်ကင်းတွေ ရှိတာခင်ဗျ။ အဲ့ကင်းဂိတ်ကို ဝင်ပြီးမှ စီးတာခင်ဗျ။ မနက်ပိုင်းတုန်းက မြို့ပေါ်ကနေ ဘိုးဘွားရိပ်သာ ကုန်းကနေ လက်နက်ကြီးနဲ့ မြို့ပတ်ချာလှည့် မြို့အနီးနား အစပ်တွေကို လှမ်းပြီးမှ သူတို့ (စစ်တပ်) စိတ်မထင်တဲ့ မြင်တဲ့နေရာတွေကို ပစ်ခတ်နေတယ်။”

ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်တာကြောင့် စစ်တပ်ထောက်ခံတဲ့ ပျူစောထီး ၆ ဦးသေဆုံးခဲ့ပြီး ကာဘိုင်သေနတ်၂ လက်နဲ့ကျည်၂၀၀ ကျော်အပြင် ဆိုင်ကယ် ၂ စီးနဲ့ဖုန်းအချို့လည်း သိမ်းဆည်းရမိတယ်လို့ ကာကွယ်ရေး အဖွဲ့တွေဘက်က ပြောပါတယ်။ ဒီအချက်အလက်တွေနဲ့ ပတ်သက်လို့ ဗွီအိုအေက သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီကလည်း သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

ပြီးခဲ့တဲ့ သြဂုတ်၂၈ ရက်ကလည်း မင်းကင်းမြို့အနီးက စစ်တပ် ထောက်ခံအားပေးသူအများစုရှိပြီး တပ်စွဲနေတဲ့ ကံကျေးရွာကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲတွေ ပြင်းထန်ခဲ့ပါသေးတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG