သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မကွေးတိုင်းအတွင်းက စစ်ဘေးရှောင်တွေ စားနပ်ရိက္ခာအခက်ကြုံနေ


မကွေးတိုင်း ပေါက်မြို့နယ် တပတ်ကျော်ကြာ စစ်ကောင်စီတပ် နယ်မြေရှင်းလင်းမှု အတွင်း ကျေးရွာနေအိမ် ၃၆၄ လုံး မီးလောင်ကျွမ်းခဲ့ ( Photo : CJ )
မကွေးတိုင်း ပေါက်မြို့နယ် တပတ်ကျော်ကြာ စစ်ကောင်စီတပ် နယ်မြေရှင်းလင်းမှု အတွင်း ကျေးရွာနေအိမ် ၃၆၄ လုံး မီးလောင်ကျွမ်းခဲ့ ( Photo : CJ )

[[Zawgyi/Unicode]]

မကွေးတိုင်း၊ ဆောမြို့နယ်ဘက်မှာ ခိုလှုံလာကြတဲ့ စလင်းမြို့နယ် ကင်ပွန်းခြုံကျေးရွာနဲ့ ချင်းပြည်နယ် ကန်ပက်လက်မြို့နယ်က စစ်ပြေးဒုက္ခသည်တွေဟာ အစားအသောက်၊ နေရာထိုင်းခင်နဲ့ အဝတ်အစား အခက်အခဲတွေ အကြီးအကျယ် ကြုံနေကြရပါတယ်။ ဒီလူတွေဟာ ပြီးခဲ့တဲ့လအတွင်း စစ်ကောင်စီရဲ့ ထိုးစစ်တွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ကြရသူတွေ ဖြစ်ပါတယ်။ ဒီအကြောင်း သတင်းပေးပို့ချက်ကို အခြေခံပြီး ကိုငြိမ်းချမ်းက ပြောပြပေးပါမယ်။

မကွေးတိုင်း၊ စလင်းမြို့နယ် ကင်ပွန်းခြုံကျေးရွာကို ပြီးခဲ့တဲ့ ရက်ပိုင်းက စစ်ကောင်စီတပ်တွေ သေနတ်ဖောက်ပြီး ထိုးစစ်ဆင်လာလို့ ကင်ပွန်းခြုံကျေးရွာအပါအဝင် ကျေးရွာ ၃ရွာလောက်က ရွာခံတွေ အသက်ဘေးလွတ်အောင် ဘေးလွတ်ရာ ထွက်ပြေးလာကြတယ်လို့ ကင်ပွန်းခြုံရွာခံတဦးက VOA ကို ပြောပါတယ်။

ဒါကြောင့် စစ်ပြေးဒုက္ခသည် ၆၀၀ ဟာ စလင်းမြို့နဲ့ အိမ်နီးချင်း ဆောမြို့နယ်ဘက်ကို ခိုလှုံလာကြပါတယ်။ ဒေသခံတွေဟာ ချက်ချင်းဆိုသလို ပြေးလွှားလာကြလို့ စားနပ်ရိက္ခာနဲ့ အဝတ်အစားတွေ ဘာမှပါ မလာကြပါဘူး။ သူတို့တွေဟာ လက်ရှိမှာ အခက်အခဲမျိုးစုံ ရင်ဆိုင် ကြုံတွေ့နေရတယ်လို့ စစ်ရှောင်တဦးက ခုလို ပြောပါတယ်။

“စားရေးသောက်ရေးတွေကအစ နေရေးထိုင်ရေးမှအစ ကျနော်တို့အားလုံး အဝတ်အစားမှအစ အားလုံးခက်ခဲနေတာ ရှိပါတယ်ခင်ဗျ။ အများကြီး ရှောင်တိမ်းနေရတော့လည်း ကျနော်တို့ အဲ့အခက်အခဲလေး ကြုံတွေ့နေပါတယ်။”

ဒေသခံတွေ ရွာကနေ ထွက်လာပြီးနောက် ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်နေ့က နေအိမ်တွေ မီးရှို့ ခံရတယ်လို့လည်း ရွာခံတစ်ဦးက VOA ကို ပြောပါတယ်။ အိမ်ခြေ ၁၅၀ ရှိတဲ့ ကင်ပွန်းခြုံကျေးရွာဟာ အိမ်အလုံး ၁၀၀ ကျော် မီးလောင် ပျက်ဆီးသွားတယ်လို့ ဆိုပါတယ်။

“သူတို့ စစ်ကြောင်းထိုးပြီးတော့မှ ကျနော်တို့ရဲ့ ရွာသူရွာသားတွေနဲ့ ရွာကို ဝိုင်းပတ်ချာလည်ပြီးတော့မှ အားလုံး ကျနော်တို့ကို သေနတ်သံတွေနဲ့ သူတို့က ခြောက်လှန့်ပြီးတော့မှ ကျနော်တို့ တိမ်းရှောင်တုန်းမှာပဲ ကျနော်တို့ရွာကို သူတို့အဖွဲ့အစည်းတွေကို ဝင်ပြီးတော့မှ မီးလောင်တိုက်သွင်းဖို့ ကြိုးစားပါတော့တယ်ခင်ဗျာ။ ကျနော်တို့ အိမ်ခြေ ၁၅၀ ခန့်ရှိတဲ့အိမ်မှာ အစွန့်အဖျားလောက်အိမ်ပဲ ၁၉ အိမ်ပဲ ကျန်ရှိပါတော့တယ်ခင်ဗျ။ အားလုံးကျန်ရှိအိမ်တွေ ၁၄၀ ဝန်းကျင်လောက် အားလုံး မီးလောင်ဒဏ်ခံရပါတယ်ခင်ဗျ၊ မရှိတော့ဘူး။”

ဒေသခံတွေရဲ့ ပြောဆိုချက်နဲ့ ပတ်သက်လို့ VOA က သီးခြား အတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း တစုံတရာ ထုတ်ပြန်တာ မရှိသေးပါဘူး။

စစ်ပြေးဒုက္ခသည်တွေဟာ လက်ရှိ ဆောမြို့နယ် သီးကုံးကျေးရွာရဲ့ စာသင်ကျောင်းမှာ ယာယီ နေထိုင်နေကြပါတယ်။ အဲဒီ စာသင်ကျောင်းကလည်း ကျောင်းပြန်ဖွင့်တော့မှာမို့ နေရာထိုင်းခင်းနဲ့ နေစရာ အခက်အခဲ ဖြစ်နေကြတယ်လို့ ပြောပါတယ်။

အဲ့ဒီ ဆောမြို့နယ် သီးကုံးကျေးရွာဟာ စလင်းနယ်က စစ်ရှောင်အပြင် ချင်းပြည်နယ် ကန်ပတ်လက်မြို့နယ်က စစ်ရှောင်တွေလည်း ခိုလှုံနေကြတာပါ။ ခိုလှုံလာကြတာ ၂နှစ်နီးပါးရှိလာပါပြီ။ လက်ရှိ အလှူရှင်တွေ မရှိသလောက် နည်းပါးလာတာကြောင့် စစ်ရှောင်အများစုက နေ့စားအလုပ် အငှားလိုက်ပြီး စားသောက်ရေးအခြေအနေကို ဖြေရှင်းနေကြရတယ်လို့ အဲ့ဒီနေရာမှာ ခိုလှုံနေတဲ့ ကန်ပတ်လက် စစ်ရှောင်တဦးက ပြောပါတယ်။

အသစ်ရောက်ရှိလာတဲ့ စလင်းမြို့နယ်က စစ်ရှောင်တွေဟာ အဝတ်တစ်ထည် ကိုယ်တခုနဲ့ ရောက်လာကြပြီး ပိုမိုခက်ခဲ ကြပ်တည်းနေကြတာလို့ ကန်ပတ်လက် စစ်ရှောင်က ပြောပါတယ်။

“ကိုယ့်ဟာကိုယ် ရှာကြံပြီးခါမှ နေ့စား အငှားတွေလိုက်ပြီးခါမှ စားနေကြတာ။ အခုရောက်လာတဲ့အဖွဲ့က ဘာအဝတ်အစားမှ မပါလာကြတဲ့အခါကျတော့ ဘာမှလည်း အဆင်မပြေသေးဘူး။ ဒီတိုင်း ဖိနပ်လည်း မပါလာကြဘူး၊ ဘာမှအဝတ်အစားလည်း မပါမလာကြဘူးဆိုတော့ ရိက္ခာနဲ့ ပတ်သက်လို့ကတော့ တော်တော်လေး အခက်အခဲရှိတယ်။”

နှစ်တွေ၊ လတွေနဲ့ချီ စစ်ဘေးရှောင်နေကြရတဲ့ ဒုက္ခသည်တွေအတွက် လှူဒါန်းမယ့်သူလည်း မရှိသလောက် နည်းပါးလာတာကြောင့် အချင်းချင်း အဆင်ပြေသလို မျှဝေ စားသောက်နေကြရတယ်လို့ ပြောကြပါတယ်။ မြန်မာနိုင်ငံရဲ့ စစ်ရေးနဲ့ နိုင်ငံရေးပဋိပက္ခ အချိန်ကာလ ကြာလာတာနဲ့အတူ စစ်ရှောင်ဦးရေ တိုးများလာပြီး အရင်ကထက် ပိုမိုကြပ်တည်းလာတာလို့ ပြောဆိုကြပါတယ်။

တိုက်ရိုက် လင့်ခ်

[[Unicode]]














ဆက်စပ်သတင်းများ ...

XS
SM
MD
LG