သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Yagi မုန်တိုင်းကြောင့် ထိုင်းနိုင်ငံမှာ ၄ ဦး သေဆုံး 


ထိုင်းနိုင်ငံ မယ်ဆိုင်မှာ တိုင်ဖုန်းမုန်တိုင်း Yagi တိုက်ခတ်ခဲ့ (စက်တင်ဘာ ၁၁၊ ၂၀၂၄)
ထိုင်းနိုင်ငံ မယ်ဆိုင်မှာ တိုင်ဖုန်းမုန်တိုင်း Yagi တိုက်ခတ်ခဲ့ (စက်တင်ဘာ ၁၁၊ ၂၀၂၄)

ထိုင်းနိုင်ငံကို ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ တိုင်ဖုန်းမုန်တိုင်း Yagi ကြောင့် သေဆုံးသူ အရေအတွက်ဟာ ၄ ဦးအထိ ရှိသွားပြီး လူနေအိမ် ထောင်နဲ့ချီလည်း ရေတွေ‌ မြုပ်နေတယ်လို့ ထိုင်းအစိုးရက ဒီကနေ့ ပြောကြားလိုက်ပြီး ဘေးသင့်သူတွေကို ကူညီဖို့ စစ်တပ်ကိုလည်း စေလွှတ်ထားတယ်လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်နဲ့ ချင်းမိုင်ခရိုင်တွေက ရေဘေးသင့်သူ မိသားစု ၉,၀၀၀ အတွက် အကူအညီတွေ ပို့ပေးနေပြီလို့ ဝန်ကြီးချုပ် Paetongtarn Shinawatra က ပြောပါတယ်။ ချင်းမိုင်ခရိုင်အတွင်း မြေပြိုမှုကြောင့် ၂ ဦး သေဆုံးခဲ့ပြီး မြန်မာနိုင်ငံနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ ချင်းရိုင်ခရိုင်မှာလည်း ၂ ဦး သေဆုံးခဲ့တယ်လို့ သဘာဝဘေးအန္တရာယ် ကာကွယ်ဟန့်တားရေးဌာနက အတည်ပြု ပြောဆိုပါတယ်။

သက်ကြီးရွယ်အိုတွေကို ဘေးကင်းတဲ့နေရာ ရွှေ့ပြောင်းပေးရေးအတွက် ကျန်းမာရေးဝန်ထမ်းတွေ၊ ကယ်ဆယ်ရေးဝန်ထမ်းတွေနဲ့ ပရဟိတ အဖွဲ့တွေကို စေလွှတ်ထားတယ်လို့ ဆိုပါတယ်။ ရှေ့သီတင်းပတ် အင်္ဂါနေ့အထိ မိုးကြီးနိုင်တာကြောင့် ရုတ်တရက် ရေကြီးမှုတွေ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

တချိန်တည်းမှာဘဲ ဒီ တိုင်ဖုန်းမုန်တိုင်း Yagi ကြောင့် ဗီယက်နမ်နိုင်ငံမြောက်ပိုင်းမှာ မနေ့ အင်္ဂါနေ့တုန်းက ရေကြီးပြီး အနည်းဆုံး လူ ၁၆ ယောက်သေဆုံးခဲ့တဲ့အပြင် ဒါဇင်နဲ့ချီလည်း ပျောက်ဆုံးနေတယ်လို့ အစိုးရသတင်းမီဒီယာမှာ ဖော်ပြထားပါတယ်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ်နဲ့ ကပ်လျက် ဗီယက်နမ်နိုင်ငံအနောက်မြောက်ပိုင်းက Lao Cai ပြည်နယ်မှာ ရုတ်တရက်မြေပြိုခဲ့တာကြောင့် Lang Nu ရွာငယ်က မိသားစု ၃၅ ခု ရွှံ့တွေကြား ပိသွားခဲ့ကြောင်း ဗီယက်နမ်အစိုးရ ရုပ်သံလိုင်း VTV က ကြေညာခဲ့ပါတယ်။ လူတဒါဇင်လောက်ပဲ ဘေးလွတ်ရာကို ထွက်ပြေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

သေဆုံးသွားတဲ့သူ ၁၆ ယောက်ရဲ့ ရုပ်အလောင်းကို ကယ်ဆယ်ရေးလုပ်သားတွေက ရှာတွေ့ခဲ့ပြီး ကျန်တဲ့သူ အယောက် ၄၀ လောက်ကိုတော့ ဆက်လက်ရှာဖွေနေဆဲဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG