သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကလောမြို့မှာ အိမ်ထောင်စု ၉၀၀ ရေဘေးသင့်ပြီး အသေအပျောက်များ


ရေလွှမ်းနေတဲ့ ကလောမြို့ (Photo: CJ)
ရေလွှမ်းနေတဲ့ ကလောမြို့ (Photo: CJ)

ရေဘေးကြောင့် ရေကြီးမြေပြိုတဲ့ဒဏ် ပြင်းပြင်းထန်ထန် တွေ့ကြုံခဲ့ရတဲ့ ကလောမြို့မှာ ပြန်လည်ထူထောင်ရေးအတွက် အကူအညီတွေ လိုအပ်နေပါတယ်။ ရေဘေးသင့် အိမ်ထောင်စု ၉၀၀ ကျော်ရှိနေပြီး ပျောက်ဆုံးသူတွေကိုလည်း ဆက်ပြီးရှာဖွေနေတယ်လို့ သိရပါတယ်။ ကလောမြို့က ရေဘေးအခြေအနေ ရန်ကုန်ဘက်ကနေ သတင်းပေးပို့ထားပါတယ်။

မြန်မာနိုင်ငံမှာ Yagi မုန်တိုင်းအခြေအနေကြောင့် ရေဘေးဒဏ်သင့်ခဲ့တဲ့အထဲမှာ ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့လည်း ပါဝင်ခဲ့ပါတယ်။ ရေကြီး၊ မြေပြိုတဲ့အထဲ အိမ်တွေနဲ့အတူ ပျောက်ဆုံး၊ သေဆုံးသူတွေလည်း ရှိခဲ့ပါတယ်။ ရေပြန်ကျသွားပေမယ့်လည်း ရွှံ့နွံထူနေပြီး ကိုယ်ထူကိုယ်ထ သန့်ရှင်းရေးတွေ ဆောင်ရွက်နေတာတွေ့ရတယ်လို့ ပစ္စည်းသွားရောက်လှူဒါန်းတဲ့ သူတွေက ပြောပါတယ်။ ကလောမှာ ရေဘေးသင့် အိမ်ထောင်စု ၉၃၀ ရှိပြီး အဲဒီထဲကအိမ်ထောင်စု ၂၅၅ စုကတော့ အိမ်ပြိုကျသွားတယ်လို့ ပြောပါတယ်။

"ကလောက ရေတော့လုံးဝ မရှိတော့ဘူး။ တချို့ နေရာလေးတွေလောက်ပဲ ရှိတယ်။ ဒါပေမဲ့ ရွှံ့ထုက အရမ်းတက်နေတာ။ အဲဒါကို ဘယ်လိုမှ ရှင်းမရဘူး။ အပျက်အစီးတွေလည်း အရမ်းများတယ်။ ရှင်းလို့မရဘူးဆိုတာ ကလောရဲ့သဘောသဘာဝကိုက ရေရှားတာပေါ့နော်။ ရေရှားတဲ့အခါကျတော့ ဒီဟာတွေကို ရှင်းဖို့ဆိုတာက တော်တော်ခက်ခဲနေတဲ့ အနေအထားမျိုး ရှိတာပေါ့။ အစားအသောက်နဲ့ ဆေးဝါးကတော့ ကမ္ဘောဇဘဏ်က တမြို့လုံးစာ တာဝန်ယူထားတယ်။ ရောက်သွားတဲ့အချိန်မှာ သူတို့က ဘာလိုအပ်လဲဆိုတော့ သူတို့စုရာစုရာ ကယ်ဆယ်ရေး စခန်းတွေ ရှိတယ်ပေါ့နော်။ အဲဒီ ကယ်ဆယ်ရေးစခန်းတွေမှာ လုံလောက်အောင် စောင်၊ ခေါင်းအုံး၊ အိပ်ယာခင်းတွေ မပေးနိုင်ဘူး။အဝတ်အထည်ကလည်း လာလှူတာရှိပေမယ့် နည်းနည်းအဟောင်းတွေ များတယ်။ အနွေးထည် အဓိကလိုတယ်။ အင်္ကျီအသစ်တွေ လိုတယ်။ တကိုယ်ရည် တကာယသုံး ပစ္စည်းတွေလိုတယ်။ နောက် ၄-၅ ရက်နေလို့ ဒီကယ်ဆယ်ရေးစခန်းတွေက ဖျက်သိမ်းလို့ရှိရင် သူတို့ကိုယ့်ဘာကိုယ် အိမ်တွေ ပြန်ဆောက်ရတော့မယ်။ သူတို့မှာ ဘာမှမရှိတော့ဘူးဆိုတော့အိမ်ဆောက်တဲ့အခါလည်း လိုမှာပေါ့နော်။ အိမ်သာတွေမရှိတော့ နီးစပ်ရာမှာ အိမ်သာသွားတဲ့အခါကျတော့ တချို့နေရာတွေမှာ ဝမ်းရောဂါပါ ပြန်ဖြစ်တယ်ပေါ့နော်။ အဲလိုမျိုးတွေတော့ တွေ့နေရတယ်ရှင့်။"

ရေဘေးကြောင့် ပျောက်ဆုံး၊ သေဆုံးသူတွေလည်း ကလောမြို့မှာ တော်တော်များများ ရှိခဲ့ပါတယ်။ ဒီကနေ့အထိပျောက်ဆုံးသူတွေကို ရှာဖွေနေဆဲဖြစ်ပြီး တချို့နေရာတွေမှာ ရှင်းလင်းရင်း အလောင်းပေါ်လာတာတွေလည်း ရှိတယ်လို့သိရပါတယ်။ ကလောမှာ ရေဘေးကြောင့် သေဆုံးသူဦးရေ ၁၀၀ ဝန်းကျင်လောက်အထိ ရှိနိုင်တယ်လို့ ခန့်မှန်းကြပေမယ့် သေဆုံးနဲ့ ပျောက်ဆုံးစာရင်းကို အာဏာပိုင်တွေဘက်က ပြောဆိုထားတာ မရှိသေးပါဘူး။

နိုင်ငံတဝှမ်းလုံး အနေအထားမှာ ရေဘေးကြောင့် သေဆုံးသူ ၁၁၃ ဦးနဲ့ ပျောက်ဆုံးသူ ၆၄ ဦး ရှိထားတယ်လို့ စစ်ကောင်စီဘက်က တနင်္ဂနွေနေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမဲ့လည်း ပျောက်ဆုံးနဲ့ သေဆုံးအရေအတွက်ဟာမြေပြင်မှာ ဒီထက်မက ပိုများတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။ ရေဘေးဒဏ် ဆိုးဆိုးရွားရွား ကြုံတွေ့ခဲ့တဲ့ကလော ရပ်ကွက် ၃ ရဲ့ စက်တင်ဘာလ ၁၅ ရက်နေ့က အခြေအနေကို သွားရောက်ကူညီခဲ့သူ တဦးက အခုလို ပြောပါတယ်။

"အိမ်အလုံးလိုက် ကျွတ်သွားတာဗျ။ ကွင်းပြင်ကြီးတွေ ဖြစ်ကုန်တာ။ ဘုန်းကြီးကျောင်းမှာ သွားနေကြတာပေါ့။ တချို့တွေကျတော့လည်း အိမ်တခြမ်းလေး ကျန်တာတို့၊ အုတ်တွေတခြမ်း ပြိုသွားတာတို့။ သူတို့တွေကလည်း အခုပြုပြင်နေတာပေါ့။ ရေထုတ်၊ နုန်းတွေပြန်ထုတ် အဲလိုတွေ တွေ့ခဲ့တယ်ဗျ။ နာရီစင်ဘက် အနောက်ဘက်ခြမ်းကို မြောင်းရှိတဲ့ဘက်ပေါ့နော်။ အဲဒီ ကလောချောင်းရှိတဲ့ ဘက်မှာဆိုရင်တော့ အိမ်ခြေကတော့ ပျက်စီးနိုင်ခြေ တော်တော်များတယ်ဗျ။ထမင်းဘူးတွေကတော့ သူတို့မလိုချင်တော့ဘူး။ မနေ့ကဆို ထမင်းဘူးလေးတွေ ရပြီးပြီ၊ မယူတော့ဘူး ပြောကြတယ်။စောင်လေးတွေ၊ ခေါက်ဆွဲခြောက်ထုတ်တွေ၊ ကြက်ဥဆိုလည်း အစိမ်းပေါ့။ အပြုတ်တွေကျတော့လည်း သူတို့ တလုံး၊နှစ်လုံးလောက်ပဲ စားနိုင်မှာလေ။"

ကလောရေဘေးကြောင့် မြို့တွင်းအပျက်အစီး များပြားနေသလို ကလောအထွက်က လက်ဆောင်တန်း ဆိုင်ခန်းတွေလည်း မြေပြိုတဲ့အထဲ ပါသွားတယ်လို့ သိရပါတယ်။ ပျောက်ဆုံးသူတွေကို ဆက်လက်ရှာဖွေနေပြီး အခုချိန်မှာ စောင်၊ခေါင်းအုံးနဲ့ တကိုယ်ရည်သုံး ပစ္စည်းတွေ လိုအပ်နေပါတယ်။ ပြန်လည်ထူထောင်ရေးအတွက် အကူအညီတွေလည်းလိုအပ်နေတယ်လို့ ရေဘေးအပြီးမှာ ကလောမြို့ကို ရောက်ခဲ့သူတွေက ပြောပါတယ်။

Forum

XS
SM
MD
LG