သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပဲခူးရေဘေး စာသင်ကျောင်း ၂၀၀ ကျော် ပိတ်ထားရ 


ပဲခူးမြို့မှာ ရေကြီးနေတဲ့ မြင်ကွင်း October 9, 2023 (Photo by Sai Aung MAIN / AFP)
ပဲခူးမြို့မှာ ရေကြီးနေတဲ့ မြင်ကွင်း October 9, 2023 (Photo by Sai Aung MAIN / AFP)

ပြီးခဲ့တဲ့သီတင်းပတ်ထဲ မိုးအဆက်မပြတ် ရွာသွန်းပြီး ရေကြီးရေလျှံမှုတွေ ကြုံနေရတဲ့ ပဲခူးတိုင်းဒေသအတွင်းမှာ ရေဘေးကြောင့် စာသင်ကျောင်း ၂၀၀ ကျော်ကို ယာယီ ပိတ်ထားရပါတယ်။ ရေသိပ်မကြီးတဲ့ နေရာတွေက စာသင်ကျောင်း တချို့ ပြန်ဖွင့်နိုင်တာ ရှိပေမဲ့ လတ်တလော ပိတ်ထားရတဲ့ စာသင်ကျောင်းပေါင်း ၂၆၈ ကျောင်းရှိတဲ့အကြောင်း ပညာရေးဌာနက ပြောဆိုထားပါတယ်။

အထူးသဖြင့် ပဲခူးမြို့နဲ့ ပတ်ဝန်းကျင်ဒေသတွေမှာ ရေဘေးဒဏ် ဆိုးဆိုးရွားရွား ကြုံနေရပြီး နှစ်ပေါင်း ၅၀ အတွင်း အဆိုးရွားဆုံး စံချိန်တင်ခဲ့ပါတယ်။ လူနေအိမ်တွေ အများအပြား ရေနစ်မြှုပ်ခဲ့ပြီး ဘေးလွတ်ရာ ရွှေ့ပြောင်း ခိုလုံနေရသူတွေ သောင်းနဲ့ချီ ရှိခဲ့ပါတယ်။ သီးနှံစိုက်ခင်းတွေ အများအပြားလည်း ရေနစ်မြှုပ် ပျက်စီးခဲ့ရပါတယ်။

ရေဘေးသင့်တဲ့ နေရာအများစု ဖြစ်တဲ့ ပဲခူးမှာ စိုက်ဧက ၄ သောင်း ၆ ထောင်ကျော်၊ ဒိုက်ဦးမှာ စိုက်ဧက ၂ သောင်းနီးပါး၊ သနပ်ပင်မှာ စိုက်ဧက ၂ သောင်း ၂ ထောင်ကျော်၊ ကဝ ဘက်မှာ စိုက်ဧက ၁ သောင်း ၂ ထောင်ကျော်၊ လှည်းကူးဘက်မှာတော့ စိုက်ဧက ၁ သောင်းခွဲကျော် ပျက်စီး နိုင်ဖွယ်ရှိတယ်လို့ ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအေဂျင်စီ UNDP ဘက်က ထုတ်ပြန်ထားပါတယ်။

ဒီရက်ပိုင်း ရေအနည်းငယ် ပြန်ကျလာတယ် ဆိုပေမဲ့၊ ကိုယ့်အိမ်ကိုယ်ပြန် နေလို့မရသေးတဲ့သူတွေ အများအပြား ရှိနေဆဲ ဖြစ်ပြီး အကူအညီတွေ လိုအပ်နေတယ်လို့ ရေဘေး ကူညီ ဆောင်ရွက်နေသူတွေက ပြောပါတယ်။

လတ်တလော ရေဘေးသင့် ဒေသတွေမှာ ဝမ်းပျက်ဝမ်းလျော နဲ့ ယားနာတွေ အဖြစ်များနေပြီး ဆေးဝါး အကူအညီတွေ မလုံမလောက် ဖြစ်နေတယ်လို့လည်း ပြောဆိုကြပါတယ်။ တချိန်တည်းမှာပဲ သွားလာရေး အခက်အခဲနဲ့ စစ်ဆေး ကန့်သတ်မှုတွေကလည်း ရှိနေတာကြောင့် တနိုင်တပိုင် သွားရောက် ကူညီသူတွေအတွက် အခက်အခဲတွေနဲ့ နှောင့်နှေးမှုတွေ ရှိနေတယ်လို့လည်း ကူညီပေးရေး ဆောင်ရွက်နေသူတွေက ပြောဆိုကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG