သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရေကြီး မြေပြို ဖြစ်စဉ်များကြောင့် သေဆုံးသူ ၆၀ ကျော်ပြီ


မွန်ပြည်နယ်နဲ့ တင်္သာရီတိုင်းတို့မှာ မိုးအပြင်းအထန်ရွာပြီး မြေပြိုတာကြောင့် သေဆုံးသူ အယောက် ၆၀ ကျော်သွားပါပြီ။ သေဆုံး သူတွေကိုရော၊ အသက်မသေကျန်ရစ်နေသူတွေကိုပါ ရှာဖွေကယ်ဆယ်ရေး ဆက်ပြီး လုပ်ဆောင်နေပါတယ်။ ဒါ့အပြင် ထပ်ပြီး တော့ မြေပြိုကျမယ့် အလားအလာ ရှိနိုင်မရှိနိုင်ဆိုတာကိုလည်း စမ်းသပ် စစ်ဆေးနေပါတယ်။ ဒီအခြေအနေတွေကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုထက်အောင်ခန့်က သတင်းပေးပို့ထားပါတယ်။

ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်ခဲ့တဲ့ မုန်တိုင်းငယ်အရှိန်ကြောင့် မြန်မာနိုင်ငံတဝန်းမှာ မိုးအပြင်းအထန် ရွာပြီး မွန်ပြည်နယ်နဲ့ တင်္သာရီတိုင်းတို့မှာ မြေပြိုပြီးတော့ လူသေဆုံးတာတွေ ရှိထားတာပါ။ သေဆုံးသူအများစုက မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ သဲဖြူကုန်းကျေးရွာမှာ တောင်ပြိုကျတဲ့ဖြစ်စဉ်အတွင်း သေဆုံးခဲ့ကြရသူတွေဖြစ်ပါတယ်။

သဲဖြူကုန်းကျေးရွာမှာ ရှာဖွေကယ်ဆယ်ရေးလုပ်နေတဲ့ နောက်ဆုံးအခြေအနေနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဌာန ချုပ်က ညွှန်ကြားရေးမှူး ဦးထွန်းဦးက အခုလိုပြောပါတယ်။

"အခုစဖြစ်တဲ့နေ့ကတည်းက ရှာတာ အလောင်း ၆၂ လောင်းရပြီ။ အခုတပ်ဖွဲ့ဝင်အင်အား ၁၄၀ ပေါ့။ အပိုင်း ၃ ပိုင်းခွဲပြီးတော့ လုပ်နေကြတာပေါ့။ သူက မြေအပျော့တွေဆိုတော့ ကားကြီးတွေ ဝင်လို့မရဘူးခင်ဗျ။ မြေပျော့ နေတော့ ပစ္စည်းကရိယာတွေကို လူနဲ့ပဲသယ်ပြီးလုပ်နေတယ်။ မနက်ဖြန်မှာတော့ ချောက်ထဲတွေ ဘာတွေကျရင် ကားကြီးဆွဲတဲ့ကားကြီးနဲ့ ဆွဲထုတ်မယ်။ အဲ့မှာရှိတဲ့ ကားပျက်တွေကို။ အခုတော့ လူတွေကို ရသလောက်တော့ ရှာနေတယ်။ အခုတော့ လူတော့တော်တော်နည်းသွားပါပြီ အောက်မှာ မတွေ့သလောက် ဖြစ်သွားပြီ။"

မြေပြိုကျတဲ့ သဲဖြူကုန်းကျေးရွာက တောင်ကျော ထပ်ပြီး ပြိုကျနိုင်တဲ့ အခြေအနေ ရှိမရှိဆိုတာကိုတော့ ပညာရှင်တွေနဲ့ စုံစမ်းစစ်ဆေးမယ်လို့ ဦးထွန်းဦးက ဆက်ပြောပါတယ်။

"ကျွန်တော်တို့မီးသတ်မှာပါတဲ့ဒရုန်းပေါ့။ ဒရုန်းနဲ့အပေါ်ကို ရိုက်လိုက်တဲ့အခါကျတော့ ဒရုန်းရဲ့ပုံကတော့ လူသွားလမ်းကြမ်းလား ထပ်ပြီးတော့ အက်လာလား အနီးကပ် ဆင်းရိုက်ထားတဲ့ အနေအထားက အဲ့လိုပေါ့ အရာလေးတွေ မြက်ခင်းစိမ်းစိမ်းပေါ်မှာ လမ်းလျောက်တဲ့ အရာမျိုးလေးတွေတွေ့တာပေါ့။ ကျွန်တော်တို့ ဒုသမ္မတကြီးကို ဒါကြီးကို သတင်းပို့ထားပါတယ်။ ဒါကိုမနက်ဖြန်ခါ အစည်းဝေးခေါ်ပြီးတော့မှ ဘူမိဗေဒ ပညာရှင်တွေနဲ့ ဆက်ပြီး စုံစမ်းမှာပါခင်ဗျ။"

မွန်ပြည်နယ်အပြင် တနင်္သာရီတိုင်းဒေသကြီးအပိုင်ဖြစ်တဲ့ ရေးမြို့မှာလည်း ရေကြီးရေလျှံတာတွေ ရှိခဲ့ပြီး ရေးမြို့နဲ့ ထားဝယ်မြို့ကြားမှာ တောင်ပြိုကျတာတွေလည်း ရှိခဲ့ပါတယ်။ ရေး-ထားဝယ်လမ်းပိုင်း မလွှဲတောင်မှာ မြေပြိုကျတာကြောင့် သေဆုံးသူ ၂ လောင်းကို ဒီနေ့ တွေ့ရှိခဲ့တယ်လို့ ရေမြို့နယ် လူမှုအကျိုးဆောင် အဖွဲ့ အတွင်းရေးမှူး ဦးအောင်နိုင်ဝင်းက အခြေအနေကို ရှင်းပြပါတယ်။

"ဖြစ်စဉ်ဖြစ်တာက ၁၀ ရက်နေ့က ဖြစ်တာခင်ဗျ။ ၁၀ ရက်နေ့ နေ့ခင်းမှာဖြစ်တာ။ အလောင်းက ဒီနေ့မှ တွေ့တာ။ မလွှဲတောင် ကျွန်တော်တို့ ထားဝယ်အပိုင်း တနင်္သာရီတိုင်း ဧရိယာထဲက ရေး-ထားဝယ်ကားလမ်း မိုင်တိုင် ၉၇ မှာ တောင်ပြိုကျပြီးတော့ ပြုတ်ကျသွားတာ။ ၄ ဦးမှာ ၂ ဦးကသေတယ် ၂ ဦးက အသက်ရှင်တယ်။"

ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်ခဲ့တဲ့ မုန်တိုင်းကတော့ အိန္ဒိယကမ်းရိုးတမ်းကို ဖြတ်သန်း ဝင်ရောက်သွားပြီ ဖြစ်ပါတယ်။ မုန်တိုင်း ဖြတ်ကျော်သွားပြီဖြစ်တဲ့အတွက် မွန်ပြည်နယ်နဲ့ တင်္သာရီတိုင်းတို့မှာ မိုးရွာတာတော့ လျော့သွားပါပြီ။ တောင်ပြိုကျတာက တော့ အချိန်တိုအတွင်း မိုးရွာသွန်းမှု များပြားတဲ့အတွက်ကြောင့်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ကျော်မိုးဦးက သုံးသပ်ပါတယ်။

"မိုးက အချိန်တိုလေးအတွင်းမှာ အမြောက်အများရွာတယ်။ သူ့အရှေ့ကလည်း မိုးကဆက်တိုက်ရွာထားတယ် ပေါ့နော် ရွာထားတဲ့ အနေအထားမျိုးလေးတွေရှိတယ်။ အဲ့အတွက်ကြောင့်မို့ တကြောင်းပေါ့နော်။ နောက်တခု က ဒီရေပေါ့နော်။ ဒီရေတက်နေတဲ့ဥစ္စာ ဒီရေ တက်နေတဲ့အချိန်နဲ့ ဒီဟာတွေကလည်း တကြောင်းပေါ့နော်။ အဲ့ဒါကြောင့်မို့ ကျွန်တော်တို့က ပင်လယ်ပြင်မှာ ရေကတောင့်ခံ နေတာကြောင့် ရေကချက်ခြင်းမဆင်းတာ။ နောက်တခုက အဓိကဖြစ်တာက အချိန်တိုလေးအတွင်းမှာ မိုးအမြောက်အများရွာလိုက်တယ်။ အဲ့အတွက် ကြောင့်မို့ ဖြစ်တယ်ပေါ့။"

လက်ရှိအချိန်မှာတော့ မွန်ပြည်နယ် ၊ ကရင်ပြည်နယ် ၊ တနင်္သာရီတိုင်းဒေသကြီးနဲ့ ပဲခူးတိုင်းတို့မှာ ရေကြီးရေလျံ တာတွေ ဖြစ်ပေါ်နေပြီး ရေဘေးသင့်ပြည်သူ ၅ သောင်းကျော်ရှိနေပြီဖြစ်ပါတယ်။ ရေဘေးသင့် နေရာတွေကို ဒုသမ္မတဦးဟင်နရီဗန်ထီးယူ သွားပြီး ကယ်ဆယ်ရေး လုပ်ငန်းတွေကို ကွင်းဆင်းကြည့်ရှုခဲ့ပါတယ်။

အစိုးရတာဝန်ရှိသူတွေကလည်း သဘာဝဘေး စီမံကွပ်ကဲရေးအဖွဲ့တွေ ဖွဲ့စည်းထားပြီး ရေဘေးသင့် ပြည်သူတွေကို စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေကို ပေးပို့နေသလို အများပြည်သူကလည်း အကူအညီတွေ ပေးနေကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG