သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

မွန်ပြည်နယ်ရေကြီးမြေပြိုမှု ပျောက်ဆုံးသူ ဆက်လက်ရှာဖွေ


ပေါင်မြို့နယ် ရေကြီးမှု ကယ်ဆယ်ရှာဖွေနေစဉ် (သြဂုတ်လ ၁၀ ရက်၊ ၂၀၁၉)

မွန်ပြည်နယ် ပေါင်မြို့နယ် သဲဖြူကုန်း ကျေးရွာမှာ သောကြာနေ့က ရေကြီး မြေပြိုမှုကြောင့် အနည်းဆုံး ၄၂ ဦး သေဆုံးခဲ့ပြီး ပျောက်ဆုံးသူတွေကို ဆက်လက် ရှာဖွေနေကြပါတယ်။ မိုးသည်းထန်တာကြောင့် တောင်ပြိုကျပြီး အိမ်တွေနဲ့ ဒေသခံတွေ အပေါ် ရွှံ့တွေဖုံးမိသွားတာ ဖြစ်ပါတယ်။ ရှာဖွေ ကယ်ဆယ်ရေး နောက်ဆုံး အခြေအနေတွေကို Reuters သတင်းပေါ် အခြေခံပြီး မသိင်္ဂီထိုက် ပြောပြပေးမှာပါ။

မွန်ပြည်နယ် ပေါင်မြို့နယ် သဲဖြူကုန်း ကျေးရွာအုပ်စု ရဲပြားကုန်းရွာမှာ သောကြာနေ့က ရေကြီး မြေပြိုမှုကြောင့် သေဆုံးသူ ၄၂ ဦးရဲ့ ရုပ်အလောင်းတွေ ရှာဖွေတွေ့ရှိထားကြောင်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။ ပျောက်ဆုံးသူတွေ ရှိနေဆဲ ဖြစ်ပြီး ရှာဖွေကယ်ဆယ်ရေး အင်အား ၄၀၀ ကျော်နဲ့ ဆက်ပြီး ရှာဖွေနေကြပါတယ်။ မွန်ပြည်နယ် မီးသတ်ဌာန ညွှန်မှူး ဦးတင်မောင်နီက ရိုက်တာသတင်းအေဂျင်စီကို အစောပိုင်းတုန်းက အခုလို ပြောပါတယ်။

“ကျနော်ဒီရောက်ရောက်ချင်း ဒီမှာ ၈ လောင်း ထပ်ပြီးရပါတယ်။ ကျနော်တို့ ရှာတွေ့တဲ့ သေဆုံးသွားတဲ့သူ စုစုပေါင်း ၃၀ လောက် ရှိပါမယ်။ အခုလက်ရှိဖော်နေတဲ့နေရာမှာပဲ မနေ့က ၂ လောင်း၊ ဒီနေ့ ၈ လောင်း၊ စုစုပေါင်း ၁၀ လောင်း၊ dead body ၁၀ ခု ရှိသွားပါပြီ။ အခုလည်း ဆက်ပြီး ရှာဖွေနေပါတယ်။”

တိုက်ရိုက် လင့်ခ်

ရဲပြားကုန်း ကျေးရွာမှာ သောကြာနေ့ မနက် ၈ နာရီခွဲလောက်မှာ တောင်ပြိုကျခဲ့တာ ဖြစ်ပြီး အိမ်တွေနဲ့ ဒေသခံတွေ အပေါ်ကို ရွှံ့တွေ ဖုံးအုပ်ကုန်တာ ဖြစ်ပါတယ်။ သားဖြစ်သူနဲ့ ဖခင်ဖြစ်သူ အပါအ၀င် မိသားစုဝင် ၉ ဦး ဆုံးရှုံးလိုက်ရတဲ့ အသက် ၃၅ နှစ် အရွယ် ဒေါ်ညိုညိုဝင်းကတော့ အခုလို ပြောပါတယ်။

“၄ နာရီလောက်ကတည်းက မိုးကြီးတယ်လေ။ မိုးကြီးတော့ ကျမတို့မိသားစု တယောက်မှ မအိပ်ဘူး။ မအိပ်ဘဲနဲ့ ထနေကြတယ်၊ ထိုင်နေတဲ့အချိန်မှာ ဟိုအောက်ပိုင်းမှာလေ မုတ္တမဖက် ရေမြုပ်တယ်ဆိုလို့ ကယ်ဆယ်ရေးလုပ်လို့ ကလေးတွေ ထားခဲ့တာ။ ထားတော့မှ လမ်းမှာ ဓာတ်တိုင်တွေ ပြိုတယ်ဆိုလို့ ပြေးလာတော့ ကိုယ့်အိမ် မရှိတော့ဘူး။ မိသားစု ၉ ယောက်ပျောက်သွားတာ အခု ၄ ယောက်ရဲ့ အလောင်းပဲ တွေ့သေးတယ်။ ”

ဒဏ်ရာရသူတွေကိုတော့ အနီးဆုံး မော်လမြိုင် ဆေးရုံကို ပို့ဆောင် ကုသပေးနေပါတယ်။ မြေပြိုမှုကနေ အသက်မသေ လွတ်မြောက်ခဲ့သူ ကိုချမ်းအေးကတော့ အခုလို ပြောပါတယ်။

“၇ နာရီ ၅ မိနစ်မှာ အပေါ်ကနေအောက် အသံ ၂ ချက်ပေးတာနဲ့ကျနော်တို့ အမျိုးသမီးနဲ့ပြေးသွားပေမယ့် ဝေါ အသံလည်း ပျောက်သွားရော ကျနော်တို့ မိသားစုထဲက သူတွေ ပါသွားရော။ ကျနော့် အမျိုးသမီးကို ကျနော့် အိမ်ဘေးက တနေရာမှာ ထားခဲ့ပြီးတော့ ကျနော် လူတွေကို လိုက်လျှောက်ရှာတာ ကျနော် ၂ ယောက်ပဲ တွေ့တယ်။ အိမ်ကလူ ၁၆ ယောက် ရှိတာ ၂ ယောက်ပဲ တွေ့တယ်။ ကျန်တဲ့ ၁၄ ယောက် မတွေ့တော့ဘူး။ အခု အိမ်တွေ ၂၀ ကျော် ပါသွားတယ်။ တအိမ်တအိမ်မှာ လူ ၆ ယောက်လောက် အနည်းဆုံး ရှိတယ်။ ကျောင်းလည်း ပိတ်တယ်။ မိုးလင်းလင်းချင်းလည်း ဖြစ်တယ်။ ကုလားကျောင်းလည်း ပိတ်၊ ဗမာကျောင်းလည်း ပိတ်၊ အကုန် ပိတ်တယ်ဆိုတော့ အားလုံးပါတာပေါ့။ ဘုန်းကြီးကျောင်းက လူတွေလည်း မနည်းဘူး။ အောက်က ရေကြီးလို့ ဘုန်းကြီးကျောင်းမှာ လာပြောင်းနေတာ။ မွန်တွေ ဗမာတွေ အများကြီးပေါ့။ အယောက် ၅၀ - ၆၀ လောက်ရှိတယ်။ ရသလောက် ရပေမယ့် မရသလောက်လည်း မရဘူး။ ”

မိုးသည်းထန်တာကြောင့် နိုင်ငံ တောင်ပိုင်း ဒေသတွေ ရေကြီးပြီး အနည်းဆုံး လူပေါင်း ၁ သောင်း ၂ ထောင်ကျော် ဘေးလွတ်ရာ ရွှေ့ပြောင်းထားရကြောင်း ကုလသမဂ္ဂက ပြောဆိုထားပါတယ်။ မွန်ပြည်နယ် မော်လမြိုင်မြို့မှာ မိုးသည်းထန်မှုကြောင့် လူဦးရေ ၆ ထောင်ခန့် ကယ်ဆယ်ရေး စခန်း ၂၀ ကျော်မှာ ခိုလှုံနေကြရပြီး ကရင်ပြည်နယ်၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်းနဲ့ တနသာင်္ရီတိုင်းတို့မှာလည်း လူဦးရေ ၄၆၀၀၀ ယာယီရေဘေးရှောင် စခန်းတွေမှာ ခိုလှုံနေကြရတယ်လို့လည်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

XS
SM
MD
LG