သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မွန်-ကရင်နဲ့ ပဲခူးမှာ မြစ်ရေလျှံ


 ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ မဒေါက်မြို့နယ်နှင့် ရွှေကျင်မြို့နယ်တို့တွင် ရေကြီးရေလျှံဖြစ် (Myanmar Fire Services Department)
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ မဒေါက်မြို့နယ်နှင့် ရွှေကျင်မြို့နယ်တို့တွင် ရေကြီးရေလျှံဖြစ် (Myanmar Fire Services Department)

မြန်မာနိုင်ငံအနှံ့အပြားမှာ ဒီရက်ပိုင်း မိုးအပြင်းအထန် ရွာသွန်းတာကြောင့် မွန်ပြည်နယ် ၊ ကရင်ပြည်နယ်နဲ့ ပဲခူးတိုင်းတို့မှာ မြစ်ရေဟာ စိုးရိမ်ရေအမှတ်ရောက်ခဲ့ပြီး ရေကြီးရေလျှံတာတွေ ဖြစ်ပေါ်နေပြီးတော့ ရေဘေး ဒုက္ခသည် ဦးရေတိုးလာပါတယ်။ မွန်ပြည်နယ်မှာ ရထားလမ်းရေကျော်လို့ ရထားအသွားအလာတွေလည်း ရပ်တန့်ထားရပါတယ်။ ဒီအကြောင်းကို ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် ကိုထက်အောင်ခန့်က ဆက်သွယ်မေးမြန်းထားပါတယ်။

ဘင်္ဂလားပင်လယ်အော်မှာဖြစ်ပေါ်နေတဲ့ မုန်တိုင်းငယ်အရှိန်ကြောင့် မြန်မာနိုင်ငံအနှံ့အပြားမှာ မိုးရွာသွန်းနေပြီး မွန်ပြည်နယ်၊ ကရင်ပြည်နယ် ၊ ပဲခူးတိုင်းတို့မှာ မြစ်ရေဟာ စိုးရိမ်ရေအမှတ်ထက်ကျော်လွန်ပြီး ရေဘေးဒုက္ခသည် စခန်းတွေ ဖွင့်လှစ်ထားရပါတယ်။

မွန်ပြည်နယ်၊ ဘီးလင်းမြို့မှာတော့ မြစ်ရေဟာ အနည်းငယ်ကျဆင်းပေမယ့် စိုးရိမ်ရေအမှတ်ထက်မှာပဲ ရှိနေပါသေးတယ်။ ဘီးလင်းမြို့အခြေအနေနဲ့ ပတ်သက်လို့ အရေးပေါ် ကွပ်ကဲရေးရုံး ဒုတိယဦးစီးမှူး ဒေါ်အေးအေးရီက

"၂ စင်တီမီတာလောက် ကျသွားပါပြီ။ ဒီမှာတော့ မိုးတိတ်နေတဲ့အခါကျတော့ မိုးမရွာတော့ နည်းနည်းလေး ကျသွားတဲ့သဘောပါ။ ရေဘေးဒုက္ခသည်အခြေအနေက စာရင်းချုပ်တဲ့အချိန်မှာ ၇ ထောင်နဲ့ ၅ ဦးရှိပါပြီ။ ကယ်ဆယ်ရေး စခန်းက ၃၇ ခု ရပ်ကွက်ကျေးရွာ အုပ်စုက ၁၆ အုပ်စုပါ။ တိုးလာတဲ့ဟာပါ။ မနေ့ကထက်ကို တိုးလာတဲ့ဟာပါ။ မနေ့ညနေပိုင်းမှာတိုးလာတဲ့ဟာပါ။"

စိုးရိမ်ရေအမှတ်ထက်ကျော်လွန်တဲ့ အတွက်ကြောင့် ရထားလမ်းရေကျော်ပြီး သွားလာမှုရပ်ဆိုင်းခဲ့ရပါတယ်။ လမ်းပန်းဆက်သွယ်ရေးအခြေအနေနဲ့ ပတ်သက်လို့ ဒေါ်အေးအေးရီက အခုလိုပြောပါတယ်။

"လမ်းပိတ်ထားတယ်ဆိုတာက ညီမတို့ တောင်ကလေးဘက်မှာတော့ လမ်းကနည်းနည်းလေး ရေကျော်တယ်။ ဒါပေမယ့်လမ်းကဖွင့်ထားပါတယ်။ ရန်ကုန်မော်လမြိုင် လမ်းကပေးသွားနေပါတယ်။ လမ်းမပိတ်ထားပါဘူး။ ပိတ်ထားတဲ့ဟာကတော့ မီးရထားလမ်း ပိတ်ထားတာပါ။"

ရထားပေါ်ပိတ်မိနေသူတွေကို တိုင်းအစိုးရအဖွဲ့ အစီအစဉ်နဲ့ အဝေးပြေးဝင်းတွေကို ပို့ဆောင်ပေးနေပြီး ကူညီထောက်ပံ့တာတွေလည်း ပြုလုပ်နေပါတယ်။

ဒါ့အပြင်သံလွင်မြစ်ရေဟာလည်း စိုးရိမ်ရေအမှတ်ထက် ကျော်လွန်နေတဲ့အတွက် ကရင်ပြည်နယ် နေရာတော်တော် များများမှာ ရေကြီးရေလျံတာတွေ ဖြစ်ပေါ်နေပါတယ်။ ဘားအံ့မြို့အခြေအနေနဲ့ ပတ်သက်လို့ ဘားအံ့ အထွေထွေအုပ် ချုပ်ရေး ဒုတိယ ဦးစီးမှူး ဒေါ်ရင်ရင်စိုးက

"ကျွန်မတို့ ဘားအံ့မြို့နယ်မှာ ရေဘေးစခန်း အခုလက်ရှိ ၁၂ ခုဖွင့်ထားရပါတယ်။ အဲ့ဒါမြို့ပေါ် ရပ်ကွက်မှာပေါ့ နော်။ မနေ့ကညဆိုရင် ၈၃၉ လောက်ရှိတယ်ပေါ့နော်။ ဒီနေ့မနက်ကတော့ ၈၃၄ လောက်ပဲရှိတော့တယ်။"

အခုလထဲမှာ ရေဘေးသင့်ပြည်သူ သောင်းချီရှိလာပြီဖြစ်ပေမယ့် လူသေဆုံးတာတော့ မရှိသေးပါဘူး။ ပြီးခဲ့တဲ့လက ကချင်ပြည်နယ်နဲ့ မကွေးတိုင်းတို့မှာ မိုးအဆက်မပြတ် ရွာသွန်းပြီး ရေကြီးရေလျံတာတွေ ဖြစ်ခဲ့လို့ တောင်ကျ ချောင်းရေကြောင့် လူ ၃ ဦးသေဆုံးခဲ့ပါတယ်။

လူသေဆုံးတာနဲ့ ပတ်သက်လို့ ဘေးအန္တရာယ်စီမံခန့်ခွဲမှု ဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ဖြူလဲ့လဲ့ထွန်းက

"ဂျူလိုင်လထဲမှာ ဖြစ်ခဲ့တုန်းက ကချင်မှာဖြစ်ခဲ့တုန်းကလေ ကချင်မှာတုန်းက တယောက် သူကလည်း ရေကြီး ရေလျံ ဖြစ်တဲ့အချိန်မှာ ရေနစ်တဲ့ပုံစံ တောင်ကျချောင်းရေနဲ့ မျောပြီးသေဆုံးတာပေါ့။ အဲ့ဒါက ကချင်မှာ တယောက်ရှိတယ်။ မကွေးမှာ ၂ ယောက်ရှိတယ်။ တောင်ကျချောင်းရေနဲ့ မျောပြီးသေဆုံးခဲ့တာ ၃ ယောက်ရှိ ခဲ့တယ်။ အခုဖြစ်နေတဲ့ ပြည်နယ်တိုင်းတွေမှာတော့ မရှိသေးပါဘူး။

မုန်တိုင်းအရှိန်ကြောင့် ပြည်နယ်တိုင်းအချို့မှာ နောက် ၂ ရက်ခန့် မိုးရွာသွန်းနိုင်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှူဦးစီးဌာနက ခန့်မှန်းထားပြီး မြစ်ရေအခြေအနေနဲ့ ပတ်သက်လို့လည်း အချိန်နဲ့ တပြေးညီ သတင်းထုတ်ပြန်ပေးနေပါတယ်။

ရှာဖွေကယ်ဆယ်ရေးအပိုင်းကို အသင့်ပြင်ဆင်ထားတယ်လို့ တာဝန်ရှိသူတွေက ပြောဆိုထားပြီး ရေကြီးရေလျံတာနဲ့ ပတ်သက်လို့ သတိပေးထုတ်ပြန်ချက်တွေလည်း ထုတ်ပြန်ပေးနေပါတယ်။

မွန်-ကရင်နဲ့ ပဲခူးမှာ မြစ်ရေလျှံ
please wait

No media source currently available

0:00 0:03:13 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG