သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ရေဘေးပြည်သူတွေ အကူအညီအရေးပေါ်လို


စင်းဘော်ကိုင်းစခန်း (သတင်းဓာတ်ပုံ - Khine Murn Chun (Mrauk U))
စင်းဘော်ကိုင်းစခန်း (သတင်းဓာတ်ပုံ - Khine Murn Chun (Mrauk U))

ရခိုင်ပြည်နယ်အတွင်း ကျောက်တော်၊ မြောက်ဦးနဲ့ မင်းပြားမြို့နယ်တွေမှာ ဒီရက်ပိုင်းတွေအတွင်း ရေကြီးရေလျှံမှုတွေ ဖြစ်ပွားနေပြီး စစ်ရှောင်စခန်းအပါဝင် ခန့်မှန်းခြေ ပြည်သူ တသိန်းနီးပါး ရေဘေးသင့်နေပြီးတော့ ကယ်ဆယ်ရေး အကူ ညီတွေ မရရှိသေးဘူးလို့ ဒေသခံ လွှတ်တော်ကိုယ်စားလှယ်တွေက ပြောပါတယ်။ မြစ်ကမ်းပါးတဲ့ နီးတဲ့အိမ်တွေ ရေတိုက်စားလို့ ဖြိုဖျက်ရတယ်လို့လည်း ဒေသခံတွေကပြောပါတယ်။

ရခိုင်ပြည်နယ် အစိုးရ၊ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးဦးစီးဌာန တာဝန်ရှိသူတွေအနေနဲ့ ရေဘေးသင့် ပြည်သူတွေကို အမြန်ဆုံး ကူညီဖို့ ဆောင်ရွက်သွားမယ်လို့ ပြောသလို လက်ရှိ ရခိုင်ပြည်နယ်အတွင်း အင်တာနက် ဖြတ်တောက်ထားမှုကြောင့် အချက်အလက် စာရင်းရယူရေးမှာ ကွဲလွှဲမှုတွေ ရှိနေပြီး ကြန့်ကြာမှုတွေ ရှိနေတယ်လို့ ပြောပါတယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် နိုင်ကွန်းအိန်ကနေ ဆက်သွယ်မေးမြန်း သတင်းပေးပို့ထားပါတယ်။

ဒီရက်ပိုင်းအတွင်း မိုးရွာသွန်း မြစ်ရေ မြင့်တက်လာမှုကြောင့် ကျောက်တော်၊ မြောက်ဦးနဲ့ မင်းပြားမြို့နယ်တွေမှာ ရေဘေးသင့်နေတဲ့ အခြေအနေကိုတော့ ရခိုင်ပြည်နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က အခုလိုပြောပါတယ်။

“နောက်ဆုံး အခြေအနေကတော့ မြောက်ဦးမြို့နယ်မှာဆိုရင် ကျောက်ကြပ်၊ စေတီတောင်၊ စည်သာပြင်၊ အဲဒီရွာ လေး၊ ငါး၊ ခြောက် ရွာလောက်ကတော့ ရေဘေးနဲ့ ကြုံနေရပါတယ်။ နောက်ကျနော်တို့ လေးမြို့မြစ် ရေမြင့်တက်တဲ့ အတွက်ကြောင့် လေးမြို့မြစ်နဖူးမှာ တည်ရှိတဲ့ ဒီစင်းဘောကိုင်း ကျေးရွာရယ်။ ပြီးတော့ တိမ်ညိုစစ်ဘေးရှောင် စခန်းရယ်။ မြောက်ဦးမြို့ ရပ်ကွက် ရေနစ်မြှုပ်တာတွေရယ်။ နောက်မိုင်တိုင် အမှတ် ၁၀၁ နဲ့ ၁၀၂ အကြားမှာ ရန်ကုန်စစ်တွေ ကားလမ်းမှာ ရေကျော်နေတာတွေလည်း ရှိပါတယ်။

ဒီဒုက္ခသည်စခန်းက ၆,၀၀၀ ကျော်ကျော်နဲ့ ကျေးရွာကလူတွေနဲ့ အကုန်လုံးပေါင်း လိုက်ရင်တော့ ၁၀,၀၀၀ ကျော်ပါ။ မင်းပြားမြို့နယ်ဘက်ကတော့ မင်းဖူးချောင်းနဲ့ ဖုံသာချောင်းရေကြီးတဲ့အတွက် ကျေးရွာပေါင်း အကုန်လုံး ၃၀ ကျော် လောက်ပေါ့နော် ရေနစ်မြှုပ်နေတယ်။ လူဦးရေကတော့ ၅၀,၀၀၀ ကျော်ပါ။ ကျောက်တော်ဘက်မှာလည်းပဲ စပါးဆိပ်တို့၊ သရက်တပင်တို့၊ ကျောက်တလုံးတို့၊ မင်းသားတောင်တို့ အဲဒီဘက်မှာလည်း နစ်မြှုပ်နေတာ ရှိပါတယ်။ ရေဘေးဒုက္ခသည်ကတော့ မြောက်ဦးရယ်၊ ကျောက်တော်ရယ်၊ မင်းပြားရယ်ဆိုတော့ အကုန်လုံးက တသိန်းလောက်တော့ ရှိမယ် ထင်ပါတယ်။”

ရေဘေးသင့်သူတွေအနေနဲ့ အရေးပေါ် ကယ်ဆယ်ရေး အကူညီတွေ မရရှိသေးဘူးလို့ ဦးထွန်းသာစိန်က ဆက်ပြောပါတယ်။

“သက်ဆိုင်ရာကတော့ဗျာ အခုထက်ထိ မရောက်သေးဘူး။ အရပ်ဘက် အဖွဲ့အစည်းတွေကလည်း မရောက်သေးဘူးပေါ့နော်။”

ရခိုင်ပြည်နယ် သုံး မြို့နယ်မှာ ရေဘေးသင့် အခြေအနေကိုတော့ ရခိုင်ပြည်နယ်အစိုးရ၊ သဘာဝ ဘေးအန္တရာယ် စီမံခန့်ခွဲရေးဦးစီးဌာနက ဦးစီးအရာရှိ ဦးရဲမင်းဦးက အခုလိုပြောပါတယ်။

“ဒီလောလောဆယ်က မြောက်ဦး၊ ကျောက်တော်၊ မင်းပြားဗျ သုံး မြို့နယ်။ သုံး မြို့နယ်မှာ လေးမြို့မြစ်ရေ မြင့်တက်မှုကြောင့် ရေတိုက်စားလို့ တချို့နေအိမ်တွေလေ။ လုံး၀ ပျက်စီးသွားတဲ့ အိမ်တွေ ရှိတယ်။ နောက် နွားတို့၊ ကျွဲတို့ သေဆုံးတာတွေလည်း ရှိတယ်။ အဓိက တခရိုင်လုံးပေါင်းလိုက်မယ်ဆိုလို့ရှိရင် ကျနော်တို့ လူဦးရေ ၉,၄၈၉ ဦး ရှိသွားပါပြီး။ အဲဒီရေဘေးသင့်တဲ့ ပြည်သူတွေကိုတော့ ထောက်ပံ့ဖို့ အမြန်ဆုံး ဆောင်ရွက်နေပါတယ်။”

ရခိုင်လွှတ်တော် ကိုယ်စားလှယ်တွေအနေနဲ့ ရေဘေးကြောင့် ရွှေ့ပြောင်းတဲ့ သူတွေရော ရေဘေးသင့်တဲ့ ရွာကနေ မရွှေ့ပြောင်းသေးတဲ့ စာရင်းကို အခြေခံထားတာဖြစ်ပြီး ရခိုင်ပြည်နယ်အစိုးရ၊ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးဦးစီးဌာနကတော့ သူတို့ဆီရောက်လာတဲ့ ရွှေ့ပြောင်း ရေဘေးဒုက္ခသည် စာရင်းကိုအခြေခံတဲ့အတွက် ကွဲလွှဲမှုတွေ ရှိနေတာပါ။

လက်ရှိရခိုင်ပြည်နယ်အတွင်း အင်တာနက် ဆက်သွယ်ရေးလိုင်း ဖြတ်တောက်ထားမှုကြောင့် အချက်အလက်စုဆောင်းရေးမှာ မြေပြင် အခြေအနေနဲ့ ကွာဟမှုရှိနေနိုင်တယ်လို့ ဦးစီးအရာရှိ ဦးရဲမင်းဦးက အခုလိုပြောပါတယ်။

“ကွာဟတဲ့အပေါ် မူတည်ပြီးတော ကျနော်တို့ နယ်မြေမှာ ပေးပို့လာတဲ့အပေါ် မူတည်ပြီးမှပဲ ကျနော်တို့က ဒီကနေ ညွှန်ကြားရတာ ဖြစ်ပါတယ်။ ကျနော်တို့ အခုပြောတဲ့ စာရင်းက ဘေးလွတ်ရာကို ရွှေ့ရတဲ့ လူဦးရေစာရင်း ဖြစ်ပါတယ်။ ရေဘေးသင့်တဲ့ သူတွေကတော့ တချို့ဆိုလို့ရှိရင် နေအိမ်ကနေ မရွှေ့မပြောင်းဘဲ ကျန်ခဲ့တာတွေလည်း ရှိတယ်။ တချို့ဆိုရင် ရေဘေးဒဏ် ခံစားရပြီးတော့ ကိုယ့်ရပ်ကိုယ့်ရွာမှာပဲ ရှိပါတယ်။ ယခင်ကလို Facebook တို့ ဆိုရှယ်မီဒီယာတွေ ဖြတ်တောက်လိုက်တယ်ဆိုတဲ့အပေါ် မူတည်ပြီးတော့ သိပ်ပြီးတော့ အကျယ်ချဲ့ မပြောလိုပါဘူး။ ဒါကတော့ နည်းပညာ ခေတ်ကြီးမှာ ဒီလိုမျိုး အဆက်အသွယ်ကောင်းတဲ့ မြန်ဆန်တဲ့ အချက်အလက်တွေ ပေးပို့တဲ့ စနစ်တွေ မရှိတော့ဘူးဆိုတော့ ကျနော်တို့ ပြည်သူတွေအတွက်ကတော့ အခက်ခဲဖြစ်နိုင်တာပေါ့။ ဘာလဲဆိုတော့အချိန်နဲ့ တပြေးညီဆိုတဲ့ နေရာမှာလည်း အခုကြန့်ကြာမှုတွေ ဖြစ်လာနိုင်တာပေါ့။”

ဒီနေ့မနက် မင်းပြားမြို့ပေါ် ရပ်ကွက်တွေဖြစ်တဲ့ ပြည်တော်သာရပ်ကွက်နဲ့ ပြည်တော်လှရပ်ကွက်မှာ ကမ်းတား နံရံအတွင်းပိုင်းကို ရေတိုက်စားလို့ အိမ်ခြေ ၁၀ လုံးကျော် ဖြိုလိုက်ရတယ်လို့ မင်းပြားမြို့ကျန်းရိပ် ကရုဏာဖေါင်ဒေးရှင်း တာဝန်ခံဦးထွန်းသိန်း ပြောပါတယ်။

“လေးမြို့မြစ်ရေ တိုက်စားလို့လေ။ မနက်ပိုင်းက စဖြိုနေရတယ်။ ရေတိုက်စားလို့ ကမ်းပါး ပြိုကျလို့လေ။ ဒီနေ့မနက် ကအိမ် ၁၁ လုံးဖြိုတယ်။ ပြိုနိုင်ခြေရှိတဲ့အိမ်က အိမ်ခြေ ၂၀ လောက်ရှိသေးတယ်ဗျ။”

ရခိုင်ပြည်နယ်အတွင်း ကုလားတန်နဲ့လေးမြို့မြစ်ရေဟာ စိုးရိမ်ရေမှတ်အထက်ကို ရောက်ရှိနေတယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ဒီကနေ့မှာ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ကချင်ပြည်နယ်နဲ့ ရခိုင်ပြည်နယ်တွင်း မိုးများရေကြီးမှု အခြေအနေ၊ ဧရာဝတီမြစ်၊ ချင်းတွင်းမြစ်၊ စစ်တောင်း မြစ်နဲ့ ကုလားတန်မြစ် လေးမြို့မြစ်တို့ရဲ့ စိုးရိမ်ရေမှတ် အခြေအနေနဲ့အတူူ မြစ်ကမ်းပါးဘေး နေထိုင်သူတွေအနေနဲ့ မြေပြိုကျမှု အန္တရာယ်နဲ့ သဘာဝဘေး အန္တရာယ် မိုးလေဝသအထူး သတိပေးကြေညာချက်တွေကို မျက်ခြေမပြတ် ဖို့နဲ့ လိုက်နာကြဖို့ကိုလည်း မိုးဇလညွှန်ချုပ်က သတိပေးပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG